ချဉ်ပေါင်ထမင်းသုတ်


ချဉ်ပေါင်ထမင်းသုတ်

ချဉ်ပေါင်ထမင်းသုတ် ပါဝင်ပစ္စည်းများ

– ချဉ်ပေါင်ကြော်( ဒီမှာတော့ ပုဇွန်နဲ့မျှစ် ချဉ်ပေါင်ကြော်  အဆင်သင့်ရှိနေလို့)
-ငရုတ်သီးအကျက်မှုန့်
-ကြက်သွန်ဖြူဆီချက်
-ကြက်သား ၊ ဝက်သား (ဆိုင်မှာကအသားတွေအဆင်သင့်ချက်ပြီးသားရှိတယ်)
-သံပရာသီး
-ငပိထောင်း ( ဒေါ်စောရီ(အင်းစိန်) ဆိုင်)

ဒါလေးကတော့ ဒေါ်စောရီ(အင်းစိန်) ဆိုင်ရဲ့ အထူးထမင်းသုတ်လေးပါ၊ အိသက်ရဲ့ ဦးလေး(အဖေ့ညီဝမ်းကွဲ)ကအဖေနဲအမေ လှည်းတန်းဆိုင်ခွဲမဖွင့်ခင်၂၉ လမ်းဆိုင်မှာတည်းကတူတူလုပ်လာတာပေါ့၊ ပြောရရင် ဓနုဖြူဆိုင်တွေရဲ့အလုပ်သမား၇၀% လောက်ကအဖေတို့အညာဘက်ကအမျိုးတွေပေါ့၊ မိသားစုတွေပါ၊ အဲဒီဦးလေးက ဦးဟံရင်တဲ့ အိသက်တို့ကို ကလေး ထိန်းရင်း ဆိုင်ကူလုပ်ရင်းနဲ့ အနွံအတာတော်တော်ခံခဲ့ရတာရှာပါ၊ကျေးဇူးလဲရှိပါတယ်၊ အသုတ်ဆိုရင်အရမ်းကောင်း၊ချဉ်ပေါင်ထမင်းသုတ်ကတော့ သူ့ရဲ့ ရှယ်လက်ရာပေါ့၊ ဗမာပြည်ပြန်ရောက်တာနဲ့ ဦးလေးကို အမြဲပူဆာတဲ့ အသုတ်။
အခုလန်ဒန် မှာ အတူလာနေပေးတဲ့တဝမ်းကွဲအမကို အမြဲသုတ်ကျွေးခိုင်ရပါတယ်၊ အလွမ်းပြေပေါ့

လောလောဆယ်အိမ်မှာ အမေပို့ပေးထားတဲ့ ချဉ်ပေါင်ကြော်၊ ငပိထောင်း ရှိနေတယ်ဆိုတော့ ကွက်တိပဲ။ အိမ်မှာရှိပြီးသားဝက်သားနဲနဲ ကြက်သားကြော်နဲနဲ(သားသားအတွတ်ကြော်ထားတာ)ယူသုံးပါတယ်

အိမ်မှာရှိပြီးသား အသားတွေရယ် ၊ ချဉ်ပေါင်ကြော် စားပွဲတင်ဇွန်းသုံးဇွန်း ၊ ဆီချက်ရယ်နှစ်ဇွန်း၊ ငပိထောင်း ကော်ဖီဇွန်းတစ်ဇွန်းခွဲ (ငရုတ်သီးမှုန့်တွေအများကြီး မထဲ့ပဲ ခပ်လေးလေးနဲ့ စပ်အောင်လို့ )၊  ငရုတ်သီးမှုန့်ပါလေကာထဲ့ပေါ့နော်။ သံပရာသီးလေး လိုသလောက်ညှစ်ထဲ့ ( အချဉ်ကြိုက်လို့ တခြမ်းလုံးထဲ့ပါတယ်) ပြီးရင် ဆား၊ ကြက်သားမှုန့်နဲနဲ၊ ငံပြာရည်နဲနဲ ထဲ့ပြီး သုတ်လိုက်ရင် ချဉ်ငံစပ်ချဉ်ပေါင်ထမင်းသုတ် ရပါပြီ။

ကြက်သွန်ဖြူလေးတွေနဲ့တွဲစားရင်လဲကောင်းပါတယ်နော်။

Advertisements

လမ်း၂၀ ဂဏန်းကော်ကြော်


လမ်း၂၀ ဂဏန်းကော်ကြော်

လမ်း၂၀ ဂဏန်းကော်ကြော် ဆိုတာ အိသက် တို့ ဟိုးငယ်ငယ်လေးတည်းက ရှိတယ်၊ စားလို့လဲ အင်မတန် ကောင်းပဲ၊ အချက်သိရင်လုပ်ရအရမ်းလွယ်ပါတယ် လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်

ပါဝင်ပစ္စည်းများ

-ဂဏန်းသား
-ကော်မှုန့် စားပွဲတင်ဇွန်း ၆ဇွန်း( သုံးချပ်စာ )
-ကြက်ဥ ၃ လုံး ( နာနာခလောက်ထားပါ)
-ရေ
-ကြက်သွန်မြိတ်
-မုန်လာဥဖြူ
-ငရုတ်ဆီ
-ဆား၊ ကြက်သားမှုန့်

ကော်မှုန့်ကိုဆား၊ ကြက်သားမှုန့်နဲ့ ရေနဲ့ ကျဲကျဲဖျော် ထား၊ ဒယ်အိုးအပြားပေါ် ဆီများများထဲ့ ဆီပူလာရင် ကော်ရည်ကိုအိုးအပြည့်လောင်းထဲ့ပါ၊ ကြက်ဥရည်နဲနဲကို အပေါ်ကထပ်လောင်းပြီး ကြော်နေရင်းအသာရောပါ၊ မမွှေပါနဲ့ ၊ ဂဏန်းသားကို ဖြန့်တင်ပြီး ရောကြော်ပါ၊ ဟိုဖက်ဒီဖက် လှန်ပေးပါ ၊ဇွန်းထိပ်လေးနဲ့ဖြတ်ပေးပါ၊အချပ်လိုက်မဖြစ်အောင်လို့ ပါ၊ နှစ်ဖက်လုံး ကျွတ်သွားပြီဆိုရင် ကြက်သွန်မြိတ် လေးဖြူးပြီး မုန်လာဥဖြူ အချဉ်လေးနဲ့ တွဲစားလို့ရပါပြီ

မုန်လာဥဖြူအချဉ်ရည်

အချဉ်ရည်လေးတွေကလဲ ဒီလိုဆီကြော်မုန့်တွေမှာအလွန်အရေးပါ ပါတယ်၊ အအီပြေပြီး အရသာကို ပိုကောင်းစေလို့ လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်

မုန်လာဥဖြူကိုပါးပါးလှီးပြီး ငရုတ်ဆီ၊ ဆား၊ ကြက်သားမှုန့် တို့နဲ့ရောပြီးတွဲစားကြည့်ပါ၊

မြေအိုးမြီးရှည်


လသာလမ်းမြီးရှည်ခေါက်ဆွဲ ကိုအရမ်းကြိုက်ပါတယ်၊ မှတ်မှတ်ရရ ကိုထက် ( ခင်ပွန်း )နဲ့၂၀၀၅တုန်းက ပထမဆုံးအကြိမ် အမျိုးသားပြဇာတ်ရုံ မှာ မြန်မာအမျိုးသမီးများဝတ်စားဆင်ယဉ်မှုပွဲ ကြည့်ပြီးအပြန် ပထမဆုံးစားဖူးတာ၊ အဲဒီနေ့က မှတ်မှတ်ရရပဲ သူ(ကိုယ်အီစီကလီ လုပ်နေသူ) ရှေ့မှာ ကိုယ့်ထိုင်ခုံနံပါတ်ကိုသူများက ဝင်ထိုင်ပြီးထမပေးတဲ့အပြင် ရန်ပြန်လုပ်လို့ ရန်ဖြစ်ပြီးပြန်လုခဲ့တာလေ၊ တော်ပါသေးအဲဒီထဲက သူလန့်ပြီးရှေ့မဆက်ပဲ မနေလို့၊ ခုပြန်မေးတော့ အဲဒီနေ့ကသူ့ဘဝတော့ တသက်လုံး လုံခြုံ ပြီ လို့တွေးမိပါတယ်တဲ့၊ ပြန်စတာလေ ကိုယ့်ကို၊ အဲဒါက အိသက် တို့လင်မယားရဲ့ မြေအိုးမြီးရှည် ဇာတ်လမ်း၊ အဲဒါလေးသတိတရ လုပ်စားရင်း မျှဝေလိုက်ပါတယ်နော်…

ပါဝင်ပစ္စည်းများ

မြေအိုးမြီးရှည်-ပါဝင်ပစ္စည်းများ

ပါဝင်ပစ္စည်းများ
-မြီးရှည်ခေါက်ဆွဲ
– ငါးအသား၊ ကြက်သား၊ ဝက်သား၊ ပုဇွန်၊ ကြက်ဥတိုဖူး၊ ငါးဖယ်ပြားလေးများ
-ကြာစွယ်၊ အရွက်အစုံ၊ မှို၊ ပဲပင်ပေါက် ၊ ပဲကြာဇံ အပြားလေးများ (ရေစိမ်ပြီသား)
-ရှမ်းချဉ်
-ပဲငပိငရုတ်သီးကြော်
-ကြက်သားမှုန့်

မြေအိုးပူလာပြီဆိုရင် ပဲငပိနဲ့ရှမ်းချဉ်ကိုအရင်ထဲ့ပါ

ပြီးရင်ရေနဲ့ ကြက်သားမှုန့် ထဲ့ပြီးပွက်ပါစေ

ကြက်သား၊ ဝက်သားအသားများ အရင်ထဲ့ပြီး ကျက်လောက်ပြီဆိုရင်  ပုဇွန်၊ ငါးအသား တို့ထဲ့ပြီး နောက်ဆုံးမှ -ကြာစွယ် ၊ ကြက်ဥတိုဖူး၊ အရွက်အစုံ၊ မှို၊ ပဲပင်ပေါက် ၊ ပဲကြာဇံ၊ မြီးရှည်ခေါက်ဆွဲ တို့ထဲ့ပြီးအဖုံးခဏအုပ်ပြီးရင် အလွန်ကောင်းတဲ့ မြေအိုးမြီးရှည် စားဖို့အသင့်ဖြစ်ပါပြီ၊ အငံဓါတ်ကဲပြီးသားမို့ ဆားလုံးဝမထဲ့တာပါ

လမ်းသရဲမုန့်(လှည်းတန်းဈေး ၆လမ်းထိပ် ခေါက်မုန့်( ရေမုန့်))


ငယ်ငယ်ကလှည်းတန်းဈေးကလမ်းသရဲ ခေါက်မုန့် ( ရေမုန့်) ကိုအရမ်းကြိုက်ပါတယ်၊ ကျမအမ ဝမ်းကွဲက ဆိုင်က လိုတာလေးတွေ ဈေးမှာနေ့လည်ဝယ်ရင် ကျမက လိုက်သွား စားချင်တာတွေ ဝယ်ကျွေးခိုင်းနဲ့ အလုပ်ကိုဖြစ်နေတာပေါ့။ ဒီ လမ်းသရဲမုန့်ကတော့ ကျမ အမြဲပူဆာတတ်တဲ့ မုန့်တွေထဲက တခုပေါ့။ မဆလာနံ့ သင်းသင်းလေးနဲ့စားလို့အရမ်းကောင်းပါတယ်။

IMG_0149
ပါဝင်ပစ္စည်းများ ( ၅ ချပ်စာ )

-ဆန်မှုန့် ၁၀ ဇွန်း ( စားပွဲတင်)
-ပဲမှုန့် ၁ဇွန်း (စားပွဲတင်)
-ကြက်သားမှုန့်နဲနဲ၊ ဆား
-ဆိုဒါ ဇွန်းဝက်(အချိုစားဇွန်း)
-dried yeast ဇွန်းဝက် (အချိုစားဇွန်း)
-ဂျင်းရည်နဲနဲ
-မဆလာ
-ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီ ၊ ပဲပြုတ် ၊ငရုတ်သီးစိမ်း၊နံနံပင်

ဆန်မှုန့် ၊ ပဲမှုန့် ကို ဆိုဒါ ဇွန်းဝက်ထဲ့ ၊ dried yeast teaspoon ဇွန်းဝက်လောက်ကို ရေဖျော်ထဲ့ပါ။ အားလုံးကို ရေနွေးနွေးနဲ့ဖျော် ထားပါတယ်။ ၁ နာရီလောက်နေရင် ရေကို ၁လီတာ လောက် ကျဲနေအောင် ထပ်ဖြည့်ကာ မွှေထားပါတယ်။ ဆားအနဲငယ် ၊ကြက်သားမှုန့်နဲနဲ ဂျင်းရည်နဲနဲ ထဲ့ပါ ။ ရေကတော့ တော်တော်ကျဲရပါတယ် ( အဲဒါမှ မုန့်ရည်ကပါးပါးရပါတယ်)
Yeast 307792_2322104061010_1501857532_32575697_6004344_n
ပါးပါးလှီးထားတဲ့ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊နံနံပင် တို့ ပဲပြုတ် , ဆီ,မဆလာတို့ အဆင်သင့် ပြင်ထားပါ ။ ဒယ်အပြန့်တွင်ဆီသုတ်ပြီး အပူပေးပါ။ မုန့်ရေကိုပါးပါးထဲ့ ။အိုးအလယ်က နေ မုန့်ရည်ကို ကပ်ချရင် မုန့်သားပါးပါး ဝိုင်းဝိုင်း ဒယ်ထဲမှာ ဖြစ်သွားပါမယ်။

IMG_0129

 

ခဏအကြာ အဆာပလာ များထဲ့ ဆီ အနဲငယ် ဖြူးပေးပြီး ၁ မိနစ်အဖုံးအုပ်ထားပါ၊ ပြီးလျှင်မဆလာ အုပ်ပြီ ကျွတ်လာရင်စားလို့ရပါပြီ။ အလွန်မွှေးပြီး စားလို့ကောင်းတဲ့ လမ်းသရဲမုန့်လေးပါ။

IMG_0138

မှတ်ချက်- yeast မထဲ့ နိုင်ပါကရောပြီး မုန့်ရည်ကို ၆နာရီ အနဲဆုံးထားပါ။

ရေမုန့်(လမ်းသရဲမုန့်) video click

http://www.youtube.com/watch?v=-KwEFfv_1Is

စကော့ဈေး ကြာဇံကြော် ဝက်သားတုတ်ထိုး အလွယ်လုပ်စားနည်း


  027

စကော့ဈေးနားမှာနေသူ ပီသစွာပဲ ဈေးက အစားအစာတွေကိုအရမ်းကြိုက်ပါတယ် ၊ ညနေစောင်း ဆိုအိမ်မှာ အဆာပြေ စားဖို့ စဉ်စား ကြရင် စကော့ဈေး ကမုန့်အများဆုံးဖြစ်နေတတ်ပါတယ်၊ အဲဒီထဲကမှ တရုတ်မကြီးရောင်းတဲ့ ကြာဇံကြော် ဝက်သားတုတ်ထိုးကတော့အိမ်မှာပေါ်ပြူလာ အဖြစ်ဆုံး၊ ဒီလိုအိမ်နဲ့ ဝေးနေရတော့ ပိုလို့ လွမ်းမိတယ်၊ အလွမ်းပြေ ဝက်သားတုတ်ထိုး နဲ့ ကြာဇံကြော် လုပ်စားပါတယ်။ ဝက်သားတုတ်ထိုးကတော့ လူစုံမှ လုပ်စားရတာ ပိုအရသာရှိတာမို့အိုးကြီးချက် အချိန်အဆကို လွယ်ကူပြီး အရမ်းလဲစားကောင်းတဲ့ နည်းမို့ မျှဝေလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ ( ၂၀- ၃၀ ယောက်စာ)
– ၀က်အစုံ ( နားရွက် 6ခု၊ အမြီး- ၅ ခု ၊ ကလီစာ၊ အသဲ ၊ကျောက်ကပ်၊ အူချို၊ အူမ၊လျှာ = ၁ကီလိုခွဲ စီ ၊ အသား – တစ်ကီလို) လန်ဒန်မှာရနိုင်တာများပါ။
-ပျားရည် ၅၀ ဂရမ် ( အစား သကြားကိုပိုသုံးနိုင်ပါတယ်)
-သကြား ၅၀ ဂရမ်
– five spices powder  (တရုတ်မဆလာ )စားပွဲတင်3 ဇွန်း
– ginger paste  စားပွဲတင် ၈ဇွန်း
-သစ်ဂျပိုး – ၅ခု
-နာနတ်ပွင့် ၃-၄ ခု
-ခရုဆီ – စားပွဲတင်ဇွန်း ၁၂ဇွန်း
-ပဲငံပြာရည် အနောက် –  စားပွဲတင်၂၀ ဇွန်း ( ၂၅၀ မီလီခန့်)
  ဝက်အူများလှန်လှောပြီးဆေးကာ ကလီစာများကို သန့်စင်ထားပါ။ ဂျင်း၊ ပျားရည်၊ ပဲငံပြာရည်၊ ဆား၊ အသားမှုန့်တို့ဖြင့်နယ်ထားပါ။
   ဆီပူတွင်သကြားချည်းများများထဲ့ရဲလာအောင် ကြော်ပါ။ သကြားများစီးကပ်လာပြီး ရဲလာရင် ကျောက်ကပ် နဲ့ ဝက်အသား ကလွဲပြီး ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နီရဲလာပါမယ်နော်။
        ကြော်ပြီးလို့ရဲလာရင် ဝက်အစုံ ( ကျောက်ကပ် နဲ့ ဝက်အသား) ကလွဲရင် အကုန်ရောပြုတ်လို့ရပါပြီ၊ ဘာလို့လဲဆိုတော့ အသား ကျန်တာတွေနူးခါနီးမှ ရေထပ်ထဲ့ပြီး ပြုတ်ပါမယ်၊ အစ ကတည်းကပြုတ်ရင် နူးလွန်းပြီး ကြေကုန်မှာမို့ပါ။ကျောက်ကပ် ကတော့သူနဲ့ အတူရောပြုတ်ရင် အကုန် နံကုန်မှာ ဆိုးလို့ပါ။
ဒီတော့ ကျောက်ကပ်လေးကိုမနံအောင်ဘယ်လို ပြုတ်ရလဲပြောပြမယ်နော် ၊အိသက် အမေ ( (လှည်းတန်း-အင်းစိန်) ဓနုဖြူ – ဒေါ်စောရီ ဆိုင် ) ရဲ့နည်းလေးပါနော်၊ ကျောက်ကပ်ကို ရေစင်စင် ဆေးပြီး ဂျင်း ၊ ရှာလကာရည် ၊  (ဝက်သားတုတ်ထိုးအတွက်ဆိုတော့five spices powder လေးနဲနဲရယ်၊ သစ်ဂျပိုးခေါက်လေး ရယ် ) ရောပြုတ် ၊ကျက်ရင် အရည်တွေ သွန်ပစ်လိုက်ပါ၊ ပြီးမှ ခုနက ပြုတ်ထားပြီသား ဝက်အစုံနဲ့ ရောပေးပါ။ အားလုံးနူးအိလာကာနီးရင်  ကြက်ဥပြုတ်လေးတွေ အခွံခွါပြီးသားလေးတွေပါ ရောပြီ ၅မိနစ် လောက် ထပ်ပြုတ်ပြီရင် ရပါပြီ၊ အရသာရှိတဲ့ကြက်ဥညိုညိုလေးတွေရလာပါမယ်။ ခရုဆီနောက်ဆုံးမှာရောမွှေပေးလိုက်ပါ။
အိသက်ကတော့ electric pan ထဲ အကုန်လှီးပြီးစီထား ပြုတ်ရေလေးနဲ့မီးလျှော့ပြီးတည်ထားလိုက်ပါတယ်၊အချဉ်လေးတို့ပြီး ပူပူလေးစားကြည့်ပါနော်၊
အချဉ်ရည်လေးကလွယ်ပေမဲ့ရေးပေးမယ်နော်
ထန်းညက်ခဲ ၂ ခဲလောက်ကိုပျစ်ပျစ်ကျိုပြီး မကျည်းရည်ထဲသို့ ထည့်ပါ။
ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆား တို့ကို ညက်အောင် ထောင်းပြီးထည့်ပါ။ ထို့နောက် ငံပြာရည်နှင့်ငရုတ်ဆီ အချဉ်တို့ကို အသင့်အတင့်ထည့်ကာ နှံ့အောင် ရောမွှေပြီးလျှင် ဝက်သားတုတ်ထိုး အတွက် အချဉ်ရည်လေး ရပါပြီရှင်။
 
ကြာဇံကြော်လေးကလဲအရမ်းလွယ်ပါတယ်

ဂေါ်ဖီပါးပါးလှီးထားတာရယ် မုန်လာဥနီပါးပါးလှီးထားတာရယ်ကို အရင်ကြော်ပြီး ရေစိမ်ထားပြီးသားကြာဇံကိုရောပြီ ကြော်ပါ ၊ကြာဇံနူးဖို့ ရေတောက်မဲ့အစား ခုနကဝက်သားတုတ်ထိုး ပြုတ်ရေလေးထဲ့ကြော်ပါ။ အလွန်အရသာရှိတဲ့ စကော့ဈေး ကြာဇံကြော် ဝက်သားတုတ်ထိုး လေးရပါပြီ

နှမ်းထောင်းလေးနဲ့မုန့်လင်မယား

နှမ်းထောင်းလေးနဲ့မုန့်လင်မယား


 နှမ်းထောင်းလေးနဲ့မုန့်လင်မယား

 

လသာ၂ ကျောင်းရှေ့မှာအမြဲစားဖြစ်တဲ့ မုန့်လင်မယားအလွမ်းပြေလေးပါ၊ အိုးလေးကတော့ Singapore ကသူငယ်ချင်း အမတယောက် မမီးမီးမြင့်သိမ်း က လက်ဆောင်ပေးတာပါ၊ လုပ်ရတာအရမ်း လွယ်ပါတယ်၊

ပါဝင်ပစ္စည်းများ:
– ဆန်မှုန့်: စားပွဲတင်ဇွန်း ၆ ဇွန်း
– ကောက်ညင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
-ပဲမှုန့် စားပွဲတင်း ၁ဇွန်း
– ဂျင်းရည်နဲနဲ
– ကြက်သွန်မြိတ်
– စားတော်ပဲပြုတ်
– ငုံးဥ
– ဆား၊ သကြား၊ ဟင်းခတ်ကြက်သားမှုန့်အနည်းငယ်၊ ဆီ

ဆန်မှုန့်၊ ကောက်ညင်းမှုန့်၊ ပဲမှုန့်, ဂျင်းရည်နဲနဲ၊ ဆား၊ သကြား၊ ဟင်းခတ်ကြက်သားမှုန့်တွေအားလုံး ပျော်ဝင်သွားအောင်ရေနဲ့ ဖျော်ပေးပါ။ မုန့်သား ကြွက်မြီးတန်း ခပ်ကျဲကျဲရရင် စလုပ်လို့ရပါပြီ၊ ကြက်သွန်မြိတ် လေးတွေပါးပါးလှီးထားပါ၊

မုန့်မကပ်ရအောင်လို့ မုန့်လုပ်မယ့်အိုးကို ဆီနဲ့ အရင် သုပ်ပေးထားပါ၊ ဆီကျတ်ပြီဆိုရင် မုန့်ရည်တွေကို အိုးထဲကနေ မွှေခပ်ပြီး မုန့်အိုးလေးထဲ တစ်ခွက်ချင်းဖြည့်ပေးပါ။

ပြီးရင် ကြက်သွန်မြိတ်နဲနဲ၊ပဲပြုတ်နဲနဲထည့်ပေးပါ။ မီးအပူရှိန်နဲ့ အောက်က မုန့်သာကျက်လာပြီ ဆိုရင်တော့ ဇွန်းနဲ့ မုန့်တွေ ခွာယူပြီး မုန့်နှစ်ခုကို တစ်ခုပေါင်းပြီး အပေါ်ကနေ ထပ်ပေးလိုက်ပါ၊ ငုံးဥလေးကြိုက်ရင်ထဲ့ပါ၊ ပူပူလေးနဲ့ အလွန်အရသာရှိတဲ့ မုန့်လင်မယားလေး ရပါပြီ။

* နှမ်းထောင်းလေးက တော့  နှမ်းကိုလှော် ပြီရင်ထောင်းပြီးဆားလေးနဲ့ရောလိုက်ရင်ရပါပြီ၊ ဒီက နှမ်းထောင်းလေးကတော့ အိသက်ရဲ့ သားကလေးထောင်းပေးတာပါ