ခရစ်စမတ်ပူတင်း


ခရစ်စမတ်ပူတင်းဆိုတဲ့အတိုင်း ဒါလေးက ခရစ်စမတ်ညစာမှာ မပါမဖြစ်ပါရမဲ့ ရိုးရာအစားတခုပါ။ plum pudding  လို့လဲခေါ်ပါတယ် ။ ခရစ်စမတ်ပူတင်းဟာ dried pulm ကိုအခြေခံတာမို့ပါကိုပါရပါမယ်။ ခပ်နွေးနွေးစားရပါတယ်။ ဘရန်ဒီလောင်းပြီး မီးပြပြီး စားရင်နွေးနွေးလေး နဲ့အနံ့ပိုသင်းပါတယ်။ ဒီလို ဒီဇင်ဘာ ခရစ်စမတ်လ အမှတ်တရအဖြစ် ပရိတ်သတ်ကို တင်ပြပေးပါရစေ။

– Dried mixed fruit (date,pearplumpraisin)၃၀၀ ဂရမ်
-shredded suet ၁၀၀ ဂရမ်
-self-raising flour ၅၀ ဂရမ်
-white breadcrumbs ၁၁၀ ဂရမ်
-nutmeg ၁ဇွန်း(အချိုဇွန်း)
-cinnamon ၁ဇွန်း(အချိုဇွန်း)
-ပန်းသီးအသားခြစ်ပြီးသား

၎ဇွန်းခန့်(စားပွဲတင်)
-soft dark brown sugar ၂၂၅ ဂရမ်
-almonds (စိတ်ပိုင်းပြီးသား)၂၅ ဂရမ်
-လိမ္မော်သီးအခွံ ခြစ်ထားပြီးသား ၃ဇွန်းခန့် (စားပွဲတင်)
-ဘရန်ဒီ (သို့) အကြမ်းပန်းကန်လုံး ၁လုံးခွဲစာ
-ကြက်ဥ၂လုံး

ကြက်ဥ၂လုံးကို ခေါက်ထားပါ။ ကြက်ဥကလွဲပြီး ကျန်တာများကို ရောမွှေပါ။ ဒယ်တလုံးထဲကို အကုန်ထဲ့ပြီး အပူပေးပြီးမွှေပေးပါ။

သကြားများအရည်ပျော်ပြီးစီးလာပြီဆိုရင် ကြက်ဥခေါက်ထားတာများထဲ့မွှေပါ။ ၃မိနစ်ခန့်ဆက်မွှေ ပြီးရင် ရပါပြီ၊

ပန်းကန်လုံးတလုံးကိုထောပတ်သုတ်ပြီး အစာများသိပ်ထဲ့လိုက်ပါ။ Foil နဲ့ခပ်တင်းတင်းလေးပတ်လိုက်ပါ။

 

ပြီးရင် အိုးထဲရေထဲ့ကာ အဲဒီအိုးထဲကို ပူတင်းခွက်လေးထဲ့ပြီး တနာရီခန့်ပေါင်းပေးရင်ရပါပြီ။

ပန်းကန်ပြားထဲကို ပန်းကန်လုံးပေါ်မောက်ပြီး ထဲ့လိုက်ပါ။ စားခါနီးရင် ပူတင်းကို ဘရန်ဒီ အနဲငယ်လောင်းပြီ မီးခြစ်လိုက်ပါ။  မီးတောက်ပြီးတဲ့အခါအနံ့မွှေးပြီး ပူနွေးနွေး ခရစ်စမတ်ပူတင်းလေးရပါပြီ။

 

Advertisements

ခရစ်စမတ်ဦးထုပ်လေးနဲ့ ခရစ်စမတ်သစ်ပင်cake pop


ဒီကိက်ပေါ့ လို့ခေါ်တဲ့ ကိက်လေးတွေက ကလေး လေးတွေအကြိုက်ပေါ့နော်။ မွေးနေ့ပွဲ၊ ပါတီပွဲတွေ မှာဒီ cake pop  လေးတွေနောက်ပိုင်းတော်တော်ရေပန်းစားလားတာတွေ့ရပါတယ်။လုပ် ရတာလဲ လွယ်သလို လှလဲလှ စားလို့လဲကောင်းပါတယ်။ အိသက်သားရော သမီးလေးရော အရမ်းကြိုက်ကြပါတယ်။ သားကြီးကို ကျောင်းကိုလုပ်ပေးတိုင်းသူ့သူငယ်ချင်းများ အတွက်ပါပိုလုပ်ပးရပါတယ်။ သူတို့ကြိုက်တဲ့ပုံမျိုးလေးတွေပေါ့။ ကိုယ်ကလဲ ကျွမ်းကျင်လှလို့မဟုတ်ပဲ သူတို့ကြိုက်တယ်ဆိုလို့လုပ်ပေးရတာပါ။ ဒီတလတော့ Food Magazine အတွက်ရေးပေးရင်းခရစ်စမတ်နဲ့ဆိုင်တဲ့cake pop လေးများဖြစ်တဲ့ ခရစ်စမတ်ဦးထုပ်လေးနဲ့ ခရစ်စမတ်သစ်ပင် ပုံလေးလုပ်ပေးထားလိုက်ပါတယ်။ လွယ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-ကိတ်မုန့်လုပ်ပြီးသား( ဒီpost မှာ ready chocolate Brownie သုံးထားပါတယ်)  အကယ်၍ လုပ်နည်းသိချင်ရင်တော့ မအိရဲ့Evy Food Lover blog မှာကြည့်ပါနော်.

– cake pop တုတ်ချောင်းလေးများ
– green candy melt ၁၀၀ ဂရမ်
– red candy melt ၁၀၀ ဂရမ်
– white chocolate ၅၀ ဂရမ်
– sprinkle  ရောင်စုံလေးများ
– ကြယ်ပုံသကြားခဲအသေးလေးများ

( Candy melt များကပိုရင်လဲပြန်ခဲသွားမှာမို့သိမ်းထားလို့ရပါတယ်)


ပထမဆုံး ရိုးရိုးကိတ်နဲ့လုပ်မယ်ဆိုရင် ကိတ်မုန့်လေးများကိုခြေပါ။ ပြီးရင် butter cream နဲ့ရောလိုက်ပါ။ အဲဒါမှ ပျစ်လာပြီးပုံဖော်နိုင်ပါမယ်နော်။ ဒီမှာတော့အိသက်က ready made brownie ကိုသုံးတဲ့အတွက် သူကိုဘာ မှ မရောပဲနယ်လိုက်တာနဲ့ရပါတယ်။
ခရစ်စမတ်ဦးထုပ်လေး ပုံရော၊ခရစ်စမတ်သစ်ပင် ပုံရောက တြိဂံလုံးပတ်ပုံလေးများဖြစ်လို့ ပုံပါအတိုင်းလုပ်ပြီး ပန်းကန်တချပ်မှာတင်ထားပါ။

ပြီးရင်candy melt  လေးများကို ဖျော်ပါမယ်နော်။ သူက microwave ထဲကို ၃မိနစ်အပူပေး မွှေလိုက်ရင်ရပါတယ်။ အရမ်းပျစ်နေတတ်ပါတယ်။ အဲဒီအခါ ဟင်းချက်ဆီလေး အနဲငယ်စီရောရင် မပျစ်မကျဲအနေတော်ရပါမယ်။ အဲဒါမှကိတ်ကို နှစ်ရင်ချောချောမွတ်မွတ် လေးရပါမယ်နော်။

 
ပထမဆုံး အရည်ကို တုတ်ချောင်းထိပ်လေး နှစ်ပြီး ပုံဖော်ထားတဲ့ ကိတ်အောက်ခြေ အလယ်ကိုအနဲငယ် နစ်ဝင်သည်အထိထိုးစိုက်ထားပါ။ ၁၅မိနစ်ခန့်အခြောက်ခံထားပါ။ candy melt  လေးခြောက်သွားမှကိတ်မုန့်နဲ့တုတ်ကိုကပ်ထားသလိုဖြစ်ပြီး ကိက်မုန့်အလေးချိန်ကို တုတ်ချောင်းလေးကခံနိုင်ပါမယ်။ အဲဒါလေးခိုင်ပြီဆိုရင် သစ်ပင်လေးအရင်လုပ်ပါမယ်နော်။

အစိမ်းရောင် ထဲကို ကိတ်လေးကိုနှစ်လိုက်ပါ။ ပြီးရင် အရည်စစ်အောင် ခွက်ပေါ်မှာပဲကိုင်ထားပေးပါအုန်းနော်။ စစ်ပြီးလို့ ချောချောမွတ်မွတ်လေးအရည် ကာပြီးသွားရင် ဖော့တခုမှာ ထောင်ပြီးစိုက်ထားပါ။

ခရစ်စမတ်သစ်ပင်ထိပ်ဆုံးမှာ ကြယ်ပုံလေးတွေပါနေကျမို့ ကြယ်သကြားခဲလေးတင်လိုက်ပါတယ်။ အရည်များနဲ့ကပ်ပြီးတင်နေပါမယ်နော်။ 

၁၀မိနစ်ခန့်ထားပြီးလို့ခြောက်ကာနီးပြီဆိုရင် တုတ်ချောင်းတချောင်းရဲ့ ထိပ်လေးနဲ့ သစ်ပင်ဘေးက အချွန်လေးများထွက်အောင် လိုက်ဆွပေးပါ။ ပြီးမှ ရောင်စုံလေးများ ဖြူး၍၎င်း အနဲငယ်လိုက်ကပ်၍၎င်း အလှဆင်ကာအခြောက်ခံလိုက်ပါ။ ခြောက်သွားပြီးရင် ခရစ်စမတ်သစ်ပင် လေး ရပါပြီ။

 

ဦးထုပ်လေးကလဲအထက်ပါနည်းအတိုင်း ခပ်ဆင်ဆင်လွယ်ကူပါတယ်။ အနီရောင် ထဲကိတ်ကိုနှစ်လိုက်ပါ။ စစ်ပါ။အနယ်ငယ်ခြောက်ပြီဆိုရင် ဦးထုပ်အောက်ခြေကို white chocolateအရည်လေးများဇွန်းဖြင့်ပတ်ပတ်လည်လိုက်တင်ပေးပါ။ ညီညာစရာမလိုပါဘူးနော်။ ပြီးရင် ဦးထုပ်ကအမွှေးလေးများလိုလိုက်ဆွမှာမို့ပါ။

ထိပ်ဆုံးမှာလဲ white chocolate ကိုအပုံလိုက်ခပ်သေးသေးတင်ပါ။ အဖြူများခြောက်ကာနီးရင် သိုးမွှေးလေးများနဲ့ထွန်းအောင်လိုက်ဆွပေးပါ။ 

ဦးထုပ်အလယ်အနီပေါ်မှာ ကြယ်သကြားခဲလေးကို white] chocolate အနယ်ငယ်သုတ်ပြီး အလှဆင်ပေးပြီး အဆုံးသတ်ခြင်းဖြင့် ခရစ်စမတ်ဦးထုပ်လေးလဲရပါပြီ။

ကြက်ဥအသားကပ်ကြော်(scotch eggs)


ဒီနည်းလေးကို လန်ဒန်မြို့ရဲ့  Fortnum & Mason လို့ခေါ်တဲ့ ဆိုင်မှာ ၁၇၃၈ မှာစပြီးရောင်းချခဲ့ပါတယ်တဲ့၊ ရိုးရာအစာအဖြစ် ခရစ်စမတ်ပွဲများ၊ ပွဲတော်ရက်များတွင်လုပ်စားလေ့ရှိပါတယ်။ သူရဲ့ သဘောကတော့ ကြက်ဥကိုပြုတ်ပြီး အသားကပ်ကြော်လိုက်တာပါပဲ။ ကြော်တဲ့နေရာမှာ အထဲကကြက်ဥအနှစ်လေး မကျက်တကျက်စားချင်ရင် အသား ရွေးခြယ်ရာမှာ ကြက်သား၊ ဝက်သား ထက်အမဲသားကပိုစိတ်ချရပါတယ်။ သူက အကြာကြီးကြော်ရန်မလို လို့ပါ။ အကယ်၍များအသားမကျက်ပဲစားရင်တောင် အမဲသားကကျန်းမာရေးအတွက် မထိခိုက်ပါဘူး။  ကြက်သား၊ ဝက်သား များကတော့အပူရှိန်မြင့်မြင့်နဲ့ ကျက်အောင်ကြာကြာထားပေးရလို့ အထဲကကြက်ဥနှစ်လေးအကျက်လွန်သွားနိုင်ပါတယ်။ အကယ်၍ အမဲသားမစားရင် ဝက်အူချောင်း၊ ကြက်အူချောင်း အဖြူလေးများကိုကြိတ်ပြီးအစားထိုးနိုင်ပါတယ်။ အဖြူဆိုတာ တရုတ်ဝက်အူချောင်းအချိုအနီလေးနဲ့မှား မှာစိုးလို့ပါနော်။

ပါဝင်ပစ္စည်းများ
-ကြက်ဥ ၅လုံး
-အမဲသားဓားနုတ်ပေါက် ၁၀၀ ဂရမ်
– self raising flour ၁ဇွန်း(စားပွဲတင်)
–  bread crumbs ၄ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-ဂျင်း ၁ဇွန်း(အချိုဇွန်း)
-garlic powder ၁ဇွန်း(အချိုဇွန်း) (သို့ )ကြက်သွန်ဖြူထောင်းပြီးသား
-ဆား ၁ဇွန်း(အချိုဇွန်း)

အမဲသားဓားနုတ်ပေါက်ကို ငရုတ်ကောင်း၊ ဂျင်း  ၊ garlic powder၊ ဆား တို့ဖြင့် တော်တော်စီးအောင်နယ်ထားပါ။
ကြက်ဥ ၁လုံးကိုဖောက်ပြီး ပန်းကန်တခုတွင်ခေါက်ထားပါ။
ကြက်ဥ၄လုံးကိုရေပွက်ချိန်ကစထဲ့ ၆မိနစ်ခန့်ပြုတ်ပြီး ရေအေးခဏစိမ်ကာ ခွါထားပါ။ အဲဒါဆိုအထဲက အထဲကအနှစ် မကျက်ပဲအပြင် အကာမာမာလေး ရပါမယ်နော်။

self raising flour ကိုပန်းကန်ထဲ ထဲ့ပြီး ပြုတ်ပြီးသားကြက်ဥလေးများကိုခပ်ဖွဖွလှိမ့်ပါ။ ကြက်ဥပေါ်ကအစိုဓာတ်ခြောက်သွားစေရန် နဲ့ အသားအုပ်တဲ့အခါ ကြက်ဥပေါ်ကပ်စေရန်ဖြစ်ပါတယ်။ နယ်ထားသော အမဲသားကို လက်ပေါ်တင်ပြားကာ ကြက်ဥလေးကို ပုံပါအတိုင်း တင်ပြီးအသားများကို ဖြေးဖြေးချင်းဆွဲအုပ်ပါ။

ပြီးရင် အသားအုပ်ပြီးသားအလုံးလေးများကို ကြက်ဥအရည်တွင်လှိမ့်ပြီး Bread crumbs နဲ့ကပ်ပါ။

 

ပြီးရင် ဆီပူပူတွင် မြုတ်အောင်၁၀မိနစ်ခန့်ကြော်ပြီး ဆယ်လိုက်ပါ။


ကြိုက်နှစ်သက်ရာSauce  ၊ လတ်ဆတ်သောအရွက်စုံ Salads တို့ဖြင့်အရသာရှိရှိစားသုံးနိုင်ပါပြီ။

လဘနွန်ခရမ်းသီးအနှစ်(Baba Ghanoush)


လန်ဒန်မှာလဘနွန်ဆိုင်လေးများနေရာတိုင်းလိုလိုမှာ ရှိပါတယ်။ ဒါပေမဲ့အမှတ်တမဲ့နဲ့တခါမှ လဘနွန်ဆိုင်မှာမစားဖူးပါ။ တရက်သော တနင်္ဂနွေနေ့ ကသူငယ်ချင်းစုံတွဲက အိသက်သားကြီးကားမျိုးစုံကိုအလွန်ရူးသွပ်မှန်းသိ၍ ကားပြပွဲသွားကြရန် အဖော်စပ်လာပါတယ်။ အဲဒီနေ့က ကားမျိုးစုံ ကြည့်ရှူအပြီး နေ့လည်စာစားချိန်ရောက်လာတဲ့အခါ ပြပွဲအတွင်းစားသောက်ဆိုင်တွေမှာ Sandwich လို အရာတွေသာရောင်းတဲ့ အတွက်အပြင်ကို ထွက်ပြီး စားသောက်ဆိုင် ရှာကြပါတယ်။ အဲဒီမှာသူငယ်ချင်းက လဘနွန်အစားအစာ စားကြည့်ရန်တိုက်တွန်းပါတယ်။ အသစ်အဆန်း စားကြည့်ချင်တဲ့ စိတ်အခံရယ် သူက အကောင်းကြိုက်သူတယောက်ဆိုတာကို ယုံကြည်တာရယ်ကြောင့် စားဖြစ်ခဲ့ပါတယ်။ အဲဒီစားခဲ့ရတာတွေထဲမှာ လဘနွန်ခရမ်းသီးအနှစ် ကိုအိသက်အလွန်ကြိုက်ပါတယ်။ သူ့ရဲ့အရသာဟာစိမ့်ပြီး စားလို့အလွန်ကောင်းပါတယ်။ လီမွန်ရည်ရဲ့အနံ့အရသာဟာလဲ အအီပြေပြီး စွဲမက်ဖွယ်ကောင်းပါတယ်။ သံလွင်ဆီပါတဲ့ အတွက် အနံ့အရသာ အလွန်ကောင်းပါတယ်။ ဒီမှာတော့ သံလွင်ဆီကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အတွက် ပေါင်မုန့်နဲ့ ဒီအတိုင်း ကိုတို့စားတာတွေ့ရပါတယ်.  ပူနွေးသောNann Bread လို့ခေါ်တဲ့နံပြားပေါင်မုန့်နဲ့စားပါတယ်။ သူတို့က သလဲသီး အစိလေးများပါဖြူးစားပါတယ်။ အိသက်က သလဲသီးမပါပဲစားပါတယ်၊ ကြိုက်နှစ်သက်သူများတွဲစားနိုင်ပါတယ်နော်။ အဲဒီနည်းလေးကို ရှာဖွေကာပြန်လည် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ( ၃ယောက်စာ)
-ခရမ်းဘုတ်မသီး ၃လုံး
-ကြက်သွန်ဖြူ ၂မွာ
-နှမ်းအနှစ် Tahina ၃ဇွန်း( စားပွဲတင်)
-လီမွန်ရည်၂ဇွန်း(စားပွဲတင်)
-ဒိန်ချဉ် ၁ဇွန်း(စားပွဲတင်)
-ဆား၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
-ငရုတ်သီးမှုန့် ဇွန်းဝက်(အချိုဇွန်း)
-ငရုတ်ကောင်းမှုန့်အနဲငယ်
-သံလွင်ဆီ ၂ဇွန်း( စားပွဲတင်)

ပထမဆုံး နှမ်းအနှစ် Tahina ကို အလွယ်ဝယ်မရရင် နှမ်းအဖြူ ယောက်ချိုဇွန်း၂ဇွန်းကိုရေ စားပွဲတင်ဇွန်း ၃ဇွန်းခန့်ရောပြီး စက်ဖြင့် ကြိတ်ထားကာ ရလာသော နှမ်းဆီရော အနှစ်ရောကို ပုလင်းထဲ သိမ်းထားတာကိုဆိုလိုပါတယ်။

အဲဒါရပြီဆိုရင် ခရမ်းသီးများနူးအိနေအောင် မီးဖုတ်ထားပါ။ အခွံခွါပြီး အနှစ်များကို ဇလုံတခုထဲ ထဲ့ပြီး သံလွင်ဆီမှလွဲ၍ ကျန်တာအားလုံးထဲ့ပြီး မွှေစက်ဖြင့်သော၎င်း ထောင်း၍သော၎င်း ကြေအောင်ပြူလုပ်ပါ။

  

ပြီးမှသံလွင်ဆီအပေါ်က ဖြူးကာ ပူနွေးသော Nann Bread နံပြားဖြင့် တို့၍စားပါ။ အချဉ်ဖောက်ထားသော ငရုတ်သီးတောင့်များ သံလွင်သီးလေး များဖြင့် တွဲဖက် စားသုံးပါက အလွန်လိုက်ဖက်ညီပါတယ်။အစပ်ကြိုက်ရင် ငရုတ်ကောင်းမှုန့်အနဲငယ် ထပ်ဖြူးကာ စားပါ။

 

မော်ရကိုအမဲသားနှပ်/ Moroccan Beef Tagine


ဒီ ဟင်းလေးက Slow Cooker နဲ့ချက်လို့အကောင်းဆုံး ဟင်းလေးပါ။ သူက မော်ရကိုနိုင်ငံရဲ့ ဟင်းလျာတမျိုးပါ။ မြေအိုးလေးထဲမှာဖြေးဖြေးချင်းနှပ်ပြီးပေါင်းထားရတဲ့ဟင်းလေးပါ။ အကယ်၍မြေအိုးအဆင်မပြေရင် slow cooker, pressure cooker နဲ့ပေါင်းလို့ရပါတယ်နော်၊ Pilau Rice လို့ခေါ်တဲ့ ရနံ့မွှေး ထမင်းအဝါတမျိုးနဲ့တွဲစားကြပါတယ်။ အသားလေးများနူးအိပြီး မွှေးလဲအလွန်မွှေးပါတယ်။ ဒီနေ့တော့ အိသက်တို့အိမ်မှာ ဒီဟင်းလေးကိုချက်စားဖြစ်ပါတယ်။ အိမ်ရှင်မများအကြိုက်တွေ့မဲ့ဟင်းလေးတမျိုးမို့တင်ပြလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ ( ၂ယောက်စာ)
-အမဲသား ၅၀၀ ဂရမ်( ၄၀ကျပ်သားခန့်)
-ကြက်သွန်နီ ၁လုံး၊ ကြက်သွန့်ဖြူ ၃ မွှာ
-ထောင်းပြီးသားဂျင်း၂ဇွန်း( စားပွဲတင်)
-အာလူးကြီးကြီး၁လုံး(အတုံးလေးများတုံးထား)
-ခရမ်းချဉ်သီး ၁လုံး(စိတ်စိတ်လှီးထား)
-သစ်ဂျပိုးမှုန့်၁ဇွန်း(အချိုဇွန်း) {မလွယ်ရင်သစ်ဂျပိုးခေါက်၁ခေါက်ထဲ့ပါ}
-ဂုံဂမန်မှုန့်၁ဇွန်း(အချိုဇွန်း)
-ဆနွမ်းမှုန့်၁ဇွန်း(အချိုဇွန်း)
-အရောင်တင်၂ဇွန်း(အချိုဇွန်း)
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-နံနံပင် လက်တဆုပ်စာ
-သံလွင်ဆီ ၂ဇွန်း(စားပွဲတင်)
-သံလွင်သီးလေးများ ၆လုံးခန့်
အမဲသားများကို သန့်စင်ကာ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၁ဇွန်းဖြင့်နာနာဆုပ်နယ်ထားပါ။

ပထမဆုံး ချက်မဲ့မြေအိုးထဲကို သံလွင်ဆီထဲ့အပူပေးပါ။

ဆီပူရင် ကြက်သွန်နီ၊ ဖြူများထဲ့ပါ။ ကြက်သွန်နွမ်းမှ ခရမ်းချဉ်သီးထဲ့ပါ။

ပြီးမှအမဲသားကို ထဲ့ကာ သစ်ဂျပိုးမှုန့်၁ဇွန်း၊ ဂုံဂမန်မှုန့်၁ဇွန်း၊ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း၊ ဆနွမ်းမှုန့်၁ဇွန်း၊ အရောင်တင်၂ဇွန်း ထဲ့ကာ ၁၀မိနစ်ခန့်လုံးပါ။

ပြီးမှ အမဲသားနူးသည်အထိ ရေထဲ့ကာအဖုံးအုပ်တည်ပေးပါ။ အမဲသားနူးအိကာနီးရင် အာလူး၊ နံနံပင်အုပ်၊ သံလွင်သီးလေးများထဲ့ကာ ခဏနေ၁၅ မိနစ်အကြာ ပူပူနွေးနွေးရနံ့သင်း အမဲသားTagine ဟင်းလေးကိုစားလို့ရပါပြီ။

 

French Macaroons( ပြင်သစ်အချိုမုန့်)


( ပြင်သစ်အချိုမုန့်)
ပြင်သစ်နိုင်ငံရဲ့dessert  လေးလို့ပြောကြပါတယ်။ ဘယ်ကစပေါ်လာသလဲလို့ အမျိုးမျိုးအငြင်းပွါးနေကြပေမဲ့တကယ်တန်းကတော့ဒီအချိုမုန့်လေးက အီတလီအမျိုးသမီးကပြင်သစ်လူမျိုးတဦးနဲ့ အိမ်ထောင်ပြုပြီး ပြင်သစ်ကိုပါလာရာက သူနဲ့အတူဒီလုပ်နည်းလေးက ပါလာတာလို့ဆိုကြပါတယ်။ ဒီမုန့်လေးက အဓိကအားဖြင့် ကြက်ဥအကာကိုအခြေခံထားတဲ့မုန့်လေးပါ။ အောက်မှာဖော်ပြထားတဲ့ပါဝင်ပစ္စည်းတွေမှာ caster sugar  နဲ့ powder sugar ဘာကွာလဲဆိုရင် caster sugar က သကြားကို  ကြေအောင်အောင်ခြေထားတာပါ၊ powder sugar ကတော့ လုံးဝပေါင်ဒါအမှုန့်ဖြစ်နေတဲ့ သကြားကို ဆိုလိုပါတယ်.

ကြည့်ရအောင်
ပါဝင်ပစ္စည်းများ(၂၅ ခုစာ)
-ကြက်ဥအကာ ၃လုံး
– caster sugar သကြား ၄ဇွန်း(စားပွဲတင်)
– Almond powder၂ခွက် (ဆန်ချိန်ခွက်) powder မရှိရင် စက်နဲ့ခြေပြီးအမှုန့်ပြုလုပ်နိုင်ပါတယ်
-ပေါင်ဒါသကြား ၁ခွက် (ဆန်ချိန်ခွက်)
-Food colour အရောင်, Flavour (နှစ်သက်ရာ)

ပထမဆုံး Almond Powder ကိုဇကာအစိတ်လေးနဲ့ ခွက်ထဲကိုစစ်ချပေးပါ။ မကြေရင် မုန့်သားကွဲထွက်သွားနိုင်ပါတယ်။ အဲလိုပဲ powder သကြားကိုလဲ စစ်ပါ။ တခွက်တည်းစစ်ချလို့ရပါတယ်။ ပြီးရင် ရောမွှေထားလိုက်ပါ။

 

ကြက်ဥအကာကိုမွှေစက်နဲ့၂မိနစ်ခန့်မွှေပေးပါ။ ပြီးမှ Caster သကြားထဲ့ပြီး ၄မိနစ်ခန့်ဆက်မွှေလိုက်ရင် ဒီလိုလေးFoam  ဖြစ်သွားပါမယ်။ အတူရောမွှေရင်Foam  ဖြစ်မလာပဲ အရည်ကျဲနေပါမယ်နော်။

အဲဒီကြက်ဥFoam လေးကို ခုဏကရောထားသောAlmond  ပေါင်ဒါအရောထဲကို ထဲ့မွှေပေးပါ။

အားလုံးနှံ့သွားပြီး ခပ်ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် ကိုယ်လုပ်ချင်တဲ့အရောင် အရေအတွက်အလိုက် အညီအမျှခွက်လေးများနဲ့ ခွဲပြီးအရောင်ထဲ့ ရောလိုက်ပါ။

  

ကြိုက်နှစ်သက်ရာအရောင်စုံအသုံးပြုနိုင်ပါတယ်။ Flavour အရသာအနံ့ လေးများလဲထဲ့နိုင်ပါတယ်၊ mint flavour, strawberry flavour , orange flavourစသည်ဖြင့်ပေါ့ အိသက်ကတော့အပြာလေးဆို mint ၊ အဝါဆို orange စသည်ဖြင့် တစက်စီ ထဲ့ပါတယ်.
အရောင်လေးများရောပြီး အဆင်သင့်ဖြစ်ပြီဆိုရင်အရောင်တမျိုးစီရဲ့အနှစ်များကိုPiping  Bag မုန့်လုပ်မဲ့တြိဂံ ကတော့အိတ်လေး တအိတ်ချင်းစီထဲကိုထဲ့ပါ။  (Piping Bag မရှိရင် ရိုးရိုးအိတ်ကိုခွက်တခုထဲ ထဲ့ပြီး အနှစ်များထဲ့ကာအိတ်ရဲ့ထိပ်အချွန်လေး)ကိုဖောက်ပြီး Baking paper ခင်းထားတဲ့ဘန်းပေါ်မှာ မုန့်သားလေးများကို ကျပ်စိအဝိုင်း တဝိုင်းစီခန့်အပုံလေးများတခုနဲ့တခုခွါကာ ပုံပေးပါ။  ပြီးရင် ၁၅မိနစ်ခန့်ထားထားပါ။

(Piping Bag မရှိရင် ရိုးရိုးအိတ်ကိုခွက်တခုထဲ ထဲ့ပြီး အနှစ်များထဲ့ကာအိတ်ရဲ့ထိပ်အချွန်လေးကိုဖောက်ပြီး သုံးပုံ)

 

Oven ကိုအပူပေးထားပါ။ပြီးရင် အပူချိန် ၁၂၀ ဒီဂရီနဲ့ မိနစ်၃၀လောက် တတိယအဆင့်မှာထားလိုက်ပါ။

အဲဒီလို စောင့်နေတဲ့အချိန်မှာ အဲဒီ ၂ချပ်ကြားထဲကိုဖြည့်ဖို့ Filling လုပ်ပါမယ်။ ဒီမှာက Ready-made Butter Cream ရှိပြီးသားမို့ အိသက်ကအဲဒါသုံးလိုက်ပါတယ်၊ စတော်ဘယ်ရီယို၂ဇွန်းနဲ့ Butter Cream ၃ဇွန်း ရောပါ( အလွယ်မရှိရင်ထောပတ် ၂ဇွန်း၊ နို့အပျစ် Double Cream ၃ဇွန်း၊ စတော်ဘယ်ရီယို၂ဇွန်း တို့ရောလိုက်ရင်ရပါတယ်) ချောကလက်လိုချင်ရင် စတော်ဘယ်ရီအစား ချောကလက်ကိုအပူပေးကာပျော်စေပြီးသုံးပါ။

 

 

 

မိနစ်၃၀ကြာရင်ခပ်ဖောင်းဖောင်းလေးဖြစ်နေပြီးသားမုန့်လေးများရပါမယ်။ အဲဒီမုန့်လေးတွေအေးရင် ခွါပြီးCream Filling  ဖြည့်ကာ ၂ခုကပ်ပြီးကော်ဖီ လဘက်ရည် တို့နဲ့တွဲဖက် စားသုံးနိုင်ပါတယ်။ဒီမုန့်လေးဟာ အပေါ်ရံက မာတင်းနေပြီး အတွင်းကပျော့နေပါတယ်။Cream  လေး များဖြည့်ထားတဲ့ အတွက် ပိုအရသာရှိပါတယ်။ အချိုမကြိုက်သူများ သကြားလျှော့ထဲ့နိုင်ပါတယ်နော်

 

ကြက်အသဲချဉ်စပ်(ပေါ်တူဂီ)


 

 

 

လန်ဒန်မြို့ကအလွန်ကို လူမျိုးစုံရှိတတ်ပါတယ်။ အစားအသောက်လဲမျိုးစုံရနိုင်ပါတယ်။ ကလေးတွေကျောင်းအားရက် ၁ပတ်မှာ အနည်းဆုံး တခါတော့အပြင်ထွက်လည်ဖြစ်ပါတယ်။ အိသက်တို့ မိသားစုကအစားအသောက်ဆို အသစ်အဆန်းရော မသစ်မဆန်းရော အကုန် စိတ်ဝင်စားတတ်တဲ့ အလျောက် အဲလိုအပြင်သွားတိုင်း အပြင်မှာစားဖြစ်တဲ့အခါ စားတဲ့ဆိုင်ရဲ့ ကိုယ်အကြိုက်ဆုံးဟင်းတွေ စားစရာတွေကို မှတ်သားပြီးပြန်ချက်ပြုတ်ကြည့်တတ်တဲ့ အကျင့်ဖြစ်လို့နေပါပြီ။   အိသက်ကချဉ်ချဉ်ငံငံစပ်စပ်တွေဆို အကုန်ကြိုက်ပါတယ်။ ဘယ်နေရာ ဘယ်ဆိုင်မှာစားစား အစပ်လေးမှ မပါရင် ခံတွင်းတွေ့လှတယ်လို့မထင်တတ်ပါ၊ စားလို့ကောင်းတယ်ဆိုရင်တောင် အကြိုက်ဆုံးစာရင်းထဲမဝင်ချင်ဘူးပေါ့။ ဒီကြက်အသဲဟင်းလေးက အိသက် လန်ဒန်စရောက်ခါစ ကျောင်းသားဘဝ 2005 မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့တဲ့ Nando’s ဆိုတဲ့ ဆိုင်လေးက အရသာအတိုင်းချက်ထားတာပါ။   အရမ်းကြိုက်လို့ပါ။  မှတ်မှတ်ရရ အဲဒီဆိုင်မှာ အလုပ် လုပ်တုန်းကရီစရာလေးပါ။ အိသက်အမျိုးသားက(ရည်းစားဘဝ) လဲ အဲဒီမှာ အချိန်ပိုင်း အလုပ် လုပ်ပါတယ်။ ဒါပေမဲ့ သမီးရည်းစားဆိုတာ အဲဒီက ဗမာ Staff တွေကလွဲလို့ဘယ်သူမှ မသိကြပါဘူး။ သူတို့ကရည်းစားဆိုအလုပ်အတူပေး မလုပ်ပါ။ အဲဒီတော့ သူကအကိုပေါ့လေ။ အဲဒီမှာအလုပ်အတူ လုပ်တဲ့ နိုင်ငံခြားသား ၂ယောက်က ကိုယ့်ကို ကြိုက်ကြလေတော့ ကိုထက်ကို နှမပေးယောက်ဖကြီးများ ဖြစ်လာမလားရယ်လို့ သူလုပ်ရမဲ့အလုပ်တွေ ရှေ့က ကူကူလုပ်ပေးကြပါတယ်။ သူကလဲ အရှုံးထဲကအမြတ်ဆိုပြီး နာနာလေးဖိခိုင်းပလိုက်ပါတယ်တဲ့။ အိမ်အပြန် Bus ပေါ်ရောက်မှ ၂ ယောက်သား လက်ကလေးကိုင်ပြီး  ရီရတဲ့အဖြစ်လေးတွေပါ။ ခုအဲဒီ ကြက်အသဲဟင်းလေးချက်ပါမယ်။
ပါဝင်ပစ္စည်းများ(လူ၅ယောက်စာ)

-ကြက်အသဲ ၅၀၀ ဂရမ်( ၃၀ ကျပ်သား)
-သံလွင်ဆီ ၂ဇွန်းခွဲ (ဟင်းချက်ဇွန်း)
– Malt Vinegar၂ဇွန်း (စားပွဲတင်)
-ငရုတ်သီးအချဉ်ဖောက်ပြီးသား ၃တောင့် ( ရိုးရိုးလဲသုံးလို့ရပါတယ်)
– အရောင်တင်မှုန့်၂ဇွန်း(အချိုဇွန်း)
-ဆနွမ်း ဇွန်းဝက်( အချိုဇွန်း)
-ငရုတ်သီးမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆားနဲနဲ ၊ ကြက်သားမှုန့်၁ဇွန်း( စားပွဲတင်)
-ကြက်သွန်နီ၁လုံး
-ကြက်သွန်ဖြူ ၅မွာ

ညက်အောင်ထောင်းထားပြီးသား ကြက်သွန်များကိုအရောင်တင်မှုန့်၂ဇွန်း၊ ဆနွမ်းဇွန်းဝက် တို့ရောပြီးသံလွင်ဆီဖြင့် ရွှေဝါရောင်သန်းသည်အထိအပူပေးပါ။ ပြီး မှ ငရုတ်သီးမှုန့်များထဲ့ပါ။

  

 

ငရုတ်သီးလဲကျက်ပြီဆိုရင်သန့်စင်ပြီးသားကြက်အသဲများကိုထဲ့လုံးပါ။ တချိန်တည်းမှာပဲ Malt Vinegar ၊ ဆားနဲနဲ ၊ ကြက်သားမှုန့်တို့ထဲ့ပါ။

အသဲလေးများအရောင်ပြောင်းပြီဆိုရင် ရေအနဲငယ်ထဲ့ပြီးအုပ်ထားပါ။ ဆီပြန်ပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။

Nann Bread ၊ သံလွင်သီးလေးများဖြင့်တွဲဖက်စားနိုင်သလို မြန်မာပီပီ ထမင်းပူပူဖြင့်တွဲစားချင်ရင်လဲ ဟင်းကောင်းတခွက်ဖြစ်နိုင်ပါတယ်။

ပျားရည်ခင်းငါးလိပ်ကျောက်


ပျားရည်ခင်းငါးလိပ်ကျောက်
ငါးလိပ်ကျောက်ကို ဘယ်လိုစားလဲမေးထားတဲ့ညီမတယောက်အတွက်ဒီနည်းလေးကို Blog မှာတင်ပေးလိုက်ပါတယ်။ ဗဟုသုတအနေနဲ့အဲဒီငါးက နှစ်ပေါင်း၃၀အထိ အသက်ရှင်ပါတယ်တဲ့ ၊၂ပေ အထိရှည်ပါတယ်. များသောအားဖြင့် ဖမ်းမိတဲ့ငါးတွေကသက်တမ်း ၇နှစ်လောက်ပဲရှိလို့ ၁ပေလောက်ပဲရှိတတ်ပါတယ်။ ရေငန်မှာတွေ့ရတတ်ပါတယ်။ သူက မချက်တတ်ရင်နဲနဲလေးတော့ညှီပါတယ်။ သူ့ရဲ့အရသာကကျန်ငါးများနဲ့မတူ အရသာထူးပါတယ်။ အသားကချက်ရင်ဖြစ်ဖြစ် ကြော်ရင်ဖြစ်ဖြစ် ခြောက်မသွားပဲ အစိုဓာတ်လေးရှိတဲ့အတွက် ပိုချိုပြီးစားလို့ကောင်းပါတယ်။ ကင်ပြီး၎င်း ကြော်ပြီး၎င်း ပေါင်းပြီး၎င်းစားနိုင်ပါတယ်။ ဒီနည်းလေးကတော့ မြန်လဲမြန်စားလို့လဲအလွန်ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ
-ငါးလိပ်ကျောက် ၁၅ဂရမ် (၁၀သား)
-ပေါင်မုန့်ခြောက်အမှုန့်လေးများ( bread crumbs)
-ငရုတ်ကောင်းအနဲငယ်
-ပဲတောင့်ရှည် ၆ဂရမ် (လက်၁ဆုပ်စာ)
-ပျားရည် ၂ဇွန်း(စားပွဲတင်)
-နွားနို့၂ဇွန်း(စားပွဲတင်)
-ဇီယာကြီးရွက်ခြောက်(  dried oregano)
-ကြက်သွန်ဖြူ ၁မွှာ
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
ပထမဆုံး ငါးလိပ်ကျောက်လေးကိုအရေခွံလွှာလိုက်ပါ။ သန့်စင်ပြီးရင် ဂျင်းနဲ့နယ်ထားပေးပါ။


ပေါင်မုန့်ခြောက်လေးများကို ငရုတ်ကောင်းမှုန့်၊ ဇီယာကြီးရွက်ခြောက်မှုန့်၊ဆား၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောကာ ဂျင်းနယ်ထားသော ငါးအသားပြားကိုကပ်ပါ။

ပြီးမှဆီပူပူတွင် နှစ်ကာကြော်လိုက်ပါ။ ကြော်ပြီးစစ်စစ်ထားပါ။

  

ပြီးရင်ဒယ်တွင် ဆီပါလေကာထဲ့ကာ ကြက်သွန်ဖြူထဲ့ပါ။ ပျားရည်ထဲ့ပါ။ ပဲတောင့်ထဲ့ပြီးလှိမ့်ကာ   oregano ,ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း တို့ထဲ့ပါ။ ရေအစားပဲတောင့်နူးရန် နွားနို့ထဲ့ ပြီး ၁မိနစ်အကြာ ပန်းကန်ပေါ်ခင်းလိုက်ပါ။အဒီအပေါ်ကမှ ကြော်ထားပြီးသားငါးပြားလေးကိုတင်လိုက်ပါ။အသီးအနှံစုံSalad  လေးနဲ့တွဲစားလျင်အလွန်လိုက်ဖတ်ပါတယ်။