Image

နှမ်းဖတ်ချဉ်လုပ်နည်း


နှမ်းဖတ်ချဉ်
IMG_0021
IMG_0020
            နှမ်းဖတ်ချဉ် ဆိုပေသိ ဒါက လန်ဒန် နှမ်းဖတ်ချဉ်လို့သာ မှတ်ရပါမယ်ရှင်။ နှမ်းဖတ်ခဲလေးများ အလွယ် ရနိုင်ရင်တော့အညာဒေသတွေမှာလို ဆားလေးနယ်စဥ့်အိုးလေးထဲ ပိတ်ထားနိုင်ရင် ၄- ၅ရက်နေရင် နှမ်းဖတ်လေးတွေ ချဉ်လာပါမယ်နော်( ဒါက အဖေနဲ့ဖုန်းဆက်ရင်းစပ်စုရတာ) အညာမှာက မြေပဲတို့ နှမ်းတို့ ဆီကြိတ်တဲ့အခါ ဆုံထဲ ကျန်ခဲ့တဲ့အဖတ်လေးတွေကို အခဲဖြစ်အောင်နေလှန်းထားတာ  များလွန်းရင်လဲ နွားစာခွက်ထဲ ထဲ့လိုက်တာမြင်ဖူးသလိုပဲ ပြီးမှသူတို့က ဆားနဲ့ချဉ်တာပေါ့ ။ အဲဒါနဲ့ အညာအကြောင်းပြောလို့ ကျမတို့ အဖေ့ရွာမှာနားသတုန်းက ဖရဲသီးတွေ့တော့ စားချင်တာလေ ပြီးတော့ ရွာက လူတွေက အဲဒါ နွားပဲကျွေးတာတဲ့ နင်သွားရော အဲဒါ တခါ။ နောက်တခါကျတော့ ကျမတို့ကလေးတွေက ရွာရိုးကိုးပေါက်လျှောက်လည်တော့ တအိမ်က လဘက်ရည်တိုက်မတဲ့။ ကျမကိုထိန်းတဲ့ ဟိန္ဒို အကားကြီးက( အမကြီးလို့ဟိန္ဒို လိုခေါ်တာ) အရမ်း လဘက်ရည် ကြိုက်တာလေ အဲဒါနဲ့ အဲဒီသတင်းကို ကျမ က ကြားကြားချင်း အဖွားအိမ်ကို ဆတ်စလူးထ အမြန်ပြေးပြီး ရန်ကုန်ကပါသူတွေကို ဝမ်းသာအားရပြောတာပေါ့။ အဲဒီအချိန်မှာ တချိန်လုံး အိနြေ္ဒကြီးနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ပဲ အဖွားအိမ်ထဲမှာပဲ နေတဲ့ ကျမအမ အပျိုကြီးမမလှလှ၂ယောက်က အလှလေးတွေပြင်ပြီး လိုက်လာတာပေါ့ ဟိုရောက်တော့ လေ ရေနွေးကြမ်းကြီးတွေ တိုက်ရော မုန့်တွေတော့ စုံလို့ပဲ။ အခါတင်တဲ့ရက်ပိုင်းတွေကို အိမ်တိုင်းမှာ မုန့်မျိုးစုံရှိပါတယ်။  သို့သော် အဲဒီညမှာ ကျမကို အကားရော မမကြီး မမလေးကကြိတ်ပြီး နမောနမဲ့ သတင်းအမှားပေးမှုနဲ့ ဆူပါလေရော ( အခုတောင်ထပ်ဆူမလား မသိဘူး စာထဲ ထဲ့ရေးလို့)
      ကဲ ကျမတို့ရဲ့ နိုင်တငံခြားက နှမ်းဖတ်ချဉ်ကရောတဲ့ ဒီလိုပါ။.ဒီမှာက အာရပ်အစားအစာဆိုင်တွေ တူရကီ တွေရောင်းတဲ့ grocery ဆိုင်တွေမှာရှိပါတယ်။ သူတို့ အခေါ် တဟိနိ လို့ခေါ်တဲ့ နှမ်းအနှစ်ပေါ့နော် အဲဒီဟာကို ကျမက အလွယ်သုံးပါတယ်။ နှမ်းကို ကြိတ်ထားတာလေ။ သံလွင်ဆီကို ထဲ့ ထားသေးတယ်။ ကျမက အဲဒီဆီတွေကို လုံးဝထုတ်ပလိုက်တယ်။ သိမ်းထားသေးတယ်နော်။ အသုတ် ထဲပြန်ထဲ့မယ်လေ။ ဆီစစ်ပြီးသား နှမ်းဖတ်အနှစ်ကို ဆား ၂ဇွန်းနဲ့ ရေလေး ဇွန်း၁ဇွန်းစာနဲနဲလေးနဲ့ ရောမွှေ လေလုံးဗူးနဲ့ပိတ်ပြီး နဲနဲပူတဲ့နေရာမှာထားလိုက်တယ်။ နေလှန်းနိုင်ရင်ပိုကောင်းပါတယ်။ ၄- ၅ရက်နေတော့ နှမ်းဖတ်ချဉ်ဆန်ဆန်လေးဖြစ်နေပြီ။
IMG_0103_2 IMG_0125
     ဒါက ဝယ်လို့ရတဲ့ နေရာက လူတွေ အတွက်ပေါ့နော်။
မရတဲ့နေရာက လူတွေက
– နှမ်း ၁ကီလို
-ရေ ၃ဇွန်း ( စားပွဲတင်)
– နေကြာဆီ ၃ဇွန်း(စားပွဲတင်)
-ဆား ၃ဇွန်း (စားပွဲတင်)
         စစချင်း နှမ်းကို blender မှာထဲ့ နေကြာဆီ ၃ဇွန်း(စားပွဲတင်), ရေထဲ့ မွှေလိုက်ပါတယ်။ လုံးဝကျေသွားရင် ခဏလက်နဲ့ ညှစ်ညှစ်ပေးပြီး အဝတ်ပါးထဲ ထဲ့ ကျပ်နေအောင် ချည် ဇကာပေါ်တင်ပြီး  အပေါ်ကအလေးဖိထားလိုက်တယ်။ ၂၄ ကြာရင် ဖြည်ပြီး ဆားနယ်လေလုံးဗူးနဲ့ပိတ်ပြီး နဲနဲပူတဲ့နေရာမှာထားလိုက်တယ်။ နေလှန်းနိုင်ရင်ပိုကောင်းပါတယ်။ ၄- ၅ရက်နေတော့ နိုင်ငံခြားက နှမ်းဖတ်ချဉ် လေးရပါပြီ။
Advertisements
Image

အသားတုဘဲသားဆီပြန်


အသားတုဘဲသားဆီပြန်
IMG_0146
        ဒါလေးက ကျမ အလွန်ကြိုက်သော သတ်သတ်လွတ်ဟင်းလေးပေါ့ ၊သက်သတ်လွတ် စားလို့မဟုတ်ပဲ ကြိုက်လို့ကိုချက်စားဖြစ်တာပါ။ တချို့က မေးကြပါတယ်။ သက်သတ်လွတ်လဲပြောသေး ဘဲသား ကြက်သားလဲ ခေါ်သေးပေါ့နော် ကျမ ဉာဏ်မှီသလောက်ပြောရရင်တော့ အရသာကိုသာ တူအောင်လုပ်ထားတာပါ တကယ်က ပဲနဲ့ လုပ်ထားတာမို့ အသက် သတ်တာနဲ့ မဆိုင်ဘူးလားလို့ပါ။ ဒါကြီးကတော့ ဘဲသားအစစ်ဟဲ့ ကြက်သား အစစ်ဟဲ့လို့ မမှတ်ပဲ စားရမယ်ထင်ပါတယ်။ ဘဲသားအရသာဆို ချိုငံလေး ကြက်သားဆိုခပ်လေးလေး ပုဇွန်ဆို ချိုအောင် စသည်ဖြင့်လုပ်ထားကြတာပါ။ ကျမ အတွေးသတ်သတ်သာဖြစ်လို့ အတွေးများမှားနေခဲ့ရင် တောင်းပန်ပါတယ်။ ကျမ အလွန်ကြိုက်သော ဟင်းတခွက်ကို စေတနာဖြင့် ရေးပေးချင်သော စိတ်တခုဖြင့်သာ ရေးသားမိပါတယ်လို့
ကဲ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-အသားတု ဘဲသား ဗူး ၂ဘူး  300 g
-ကြက်သွန်နီ အလတ် ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-korea ငရုတ်သီး အနှစ် ၁ဇွန်း (စားပွဲတင်)
-သကြား ၁ဇွန်း (အချိုဇွန်း)
-ပဲငံပြာရည် ၁ဇွန်း(စားပွဲတင်)
-ဆား လိုသလောက်
-တရုတ်မဆလာ အနဲငယ်
                           ကြက်သွန်များကို ရောပြီး ကျေညက်နေအောင် ကြိတ်ပေးထားပါ။ အကယ်လို့ korea ငရုတ်သီး အနှစ်များ မရှိရင် အနှစ်အစား ကို ငရုတ်သီးအကြမ်းဖတ် ၂ဇွန်း(စားပွဲတင်) ထဲ့ပြီး ရောကြိတ်လိုက်ပါ။
IMG_0093
                           ဆီပူပူမှာ ကြက်သွန်အရောကို ရွှေဝါရောင်သန်းသည်အထိကြော်ပေးပါ ။ ကြက်သွန် ကျွတ်လာရင် ငရုတ်နှစ် ထဲ့ပြီး ရောမွှေပေးပါ။
IMG_0095
အသားတုဘူးဖောက်ပြီးရောပေးနိုင်ပါပြီ။  ရေ အနဲငယ်ထပ်ဖြည့်ပြီး ပွက်လာရင် သကြား၊ ပဲငံပြာရည်၊ ဆားတို့ကို ထဲ့  ၇ မိနစ်ခန့် အဖုံးအုပ်ပေးပါ။
IMG_0096  IMG_0097
ဆီပြန်လာရင် အရသာ အပေါ့အငံ မြည်းကာ တရုတ်မဆလာ ဖြူးပြီး ထမင်းပူပူလေးနဲ့ အရသာရှိရှိစားသုံးနိုင်ပါပြီရှင်။
IMG_0099 IMG_0146
Image

ကယား အာလူးထောင်း


IMG_0034
ဒါလေးက တော့ ကယားလူမျိုးတွေရဲ့အစားအစာပါ အာလူးရဲ့ အစိမ့်အရသာ ကို မအီစေပဲ ခပ်စပ်စပ်လေး ပြန်ထိန်းထားတဲ့တိုင်းရင်းသားအစားအစာ တခုပါရှင်။ ကယားလူမျိုးတွေ ရဲ့ မက်ခါးသီး ဆိုတာကို မြင်ဖူးအောင် ပြထားပါတယ်နော်။ မက်ခါးသီး  ဓာတ်ပုံ ပိုင်ရှင်ကတော့ ဒီနည်းလေးကို ပေးတဲ့ မလေးရှားက Sukhita Chaw မချောစုရဲ့ပုံလေးပါ။ အများကြီး စားရင် ဝက်ခြံ ပေါက်တတ် ပါသတဲ့။ မထဲ့လဲ ရပါတယ်။ ကယားလူမျိုးတွေကတော့ အမဲခြောက်ကြော်နဲ့ တွဲဖက်စားကြတယ် ။ အလွန်လွယ်ပြီး အရသာရှိတဲ့ အာလူး ထောင်းလေးကို လုပ်စားဖြစ်အောင် လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေရှင်။
ပါဝင်ပစ္စည်းများ
-အာလူး ၆ လုံးခန့်
– ကြက်သွန်နီ ၁လုံး
– ကြက်သွန်ဖြူ ၃-၄ မှာ
– ငရုတ်သီးစိမ်း ၇ တောင့်
– ဂျင်းထောင်းပြီးသား ၁ဇွန်းခန့် (အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
အာလူးကို ရေဆေးပြီးပြုတ်ပါတယ်။ နူးပြီးဆိုရင် အေးလောက်တဲ့အချိန်မှာ အခွံခွာပြီးထောင်းပါတယ်။ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ၊ ဂျင်း ခပ်ညက်ညက် ရောထောင်းပါတယ်။
IMG_0001 IMG_0003
ဒယ်အိုးမှာ ဆီများများနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီ ၊ ငြုတ်သီးစိမ်း ကို ဆီသတ်ပေးပါတယ် .. ကျွတ်လာပြီးရင်ထောင်းထားတဲ့ အာလူးထည့်မွှေ ကာ ဆား နဲ့ ကြက်သားမှုန့်ထည့်ပြီး မွှေကြော်ပေးပါတယ်
IMG_0004 IMG_0008
ဆီပြန်ပြန် အိအိလေးဖြစ်ရင် ရပါပြီ .. ဂျင်းနဲ့ မက်ခါသီးက optional ပါ ထည့်လည်း ကောင်းတယ် မထည့်လည်း ရပါတယ် ..
စပ်စပ်ဆိမ့်ဆိမ့်လေးမို့ အတော်စားကောင်းတဲ့ ကယား အာလူးထောင်းလေးပါရှင်။
IMG_0034  mat kharr the မက်ခါးသီး  ဓာတ်ပုံ
Image

ကန်စွန်းရွက်သုတ်


ကန်စွန်းရွက်သုတ် 
IMG_0117
ကျမ တို့အိမ်မှာ ကိုထက်က အသီးအရွက်များများစားတဲ့ အလေ့ရှိသူ ဖြစ်ပါတယ်။ ကျမကတော့ အသားများများစားတတ်သူပေါ့။ ဒီနည်းလေးကတော့ ကျမရဲ့ အမ အရင်းလို ခင်မင်ရတဲ့ မမငြိမ်းက သူ သတ်သတ်လွတ်စားနေချိန်မှာ ဘာတွေစားဖြစ်သလဲပြောရင် ပြောပြသွားတဲ့နည်းလေးပါ။ ကိုထက်က တော့ အလွန်ကြိုက်ပါတယ်။ စားလို့လဲ ကောင်းတာကို။
 
ပါဝင်ပစ္စည်းများ
-ကန်စွန်းရွက် ၁စည်း
-မကျည်းသီးနှစ် ၁ဇွန်း
-ကြက်သွန်ဖြူဆီချက်  ၃ဇွန်း (စားပွဲတင်)
-ငရုတ်သီးအစိမ်းတောင့် ၁တောင့်
-ငရုတ်သီးခြမ်းကွဲ (ငရုတ်ဆီချက်ရန်)
-မြေပဲဆံလှော်ထောင်း၁ဇွန်း (စားပွဲတင်)
-သံပုရာရည် ၁ခြမ်းစာ
-ပဲငံပြာရည် ၂ဇွန်း(စားပွဲတင်)
-ဆား အနည်းငယ်
 
 ငရုတ်ဆီချက် အရင်ဆုံးချက်ပါမယ်။ ငရုတ်သီးခြမ်း ၅ဇွန်း လိုပါမယ်။ ဒယ်ပေါ်မှာ ဆီ များများကို အပူပေးပါ။ ပူလာရင် ငရုတ်သီးထဲ့ ခနမွှေပါ။ ပဲငံပြာရည် ၃ဇွန်း သကြား ၁ဇွန်း ပါရောမွှေပြီး ဆီချက်ထားပါ။ ဒီငရုတ်ဆီကို သတ်သတ်လွတ် အသုတ်တွေမှာ ထဲ့ သုတ်နိုင်ပါတယ်။
 
           ကန်စွန်းရွက်ကို ရေဆေးကာ အရွယ်တော်လေးများလှီးဖြတ်ဆေးကြောထားပါ။
IMG_0055
 
ငရုတ်သီးစိမ်းကို ပါးပါးညှပ်ပါ။  ရေကို ပွက်ပွက်ဆူအောင် တည်ပါ။ မကျည်းသီးနှစ် ထဲ့ပါ။ ရေဆူရင် အရွက်များထဲ့ပြီး တမိနစ်အကြာ ဆယ်ပြီး ရေအေးအေးဖြင့်စိမ်ပေးပါ။ ( ဟင်းသီးဟင်းရွက်များပြုတ်ရင် ဆား(သို့) ဗီနိကာ(သို့) မကျည်းရည် ထဲ့ပြုတ်ပါ။ ပြီးရင် ရေအေးအေး (ရေခဲရေဆိုပိုကောင်းပါတယ်) ထဲမှာစိမ်ရင် စိမ်းပြီး ကျွတ်နေပါတယ် )
IMG_0057 IMG_0058 IMG_0060
 
          သုတ်လို့ရပါပြီ ။ ကန်စွန်းရွက်ပြုတ်ရယ်၊ ဆီချက်ရယ်၊ ငရုတ်သီးစိမ်းရယ်၊ ပဲငံပြာရည်ရယ်၊ ဆား လိုသလောက်ချိန်ထဲပြီး ရော မွှပေးပါ။ သံပရာရည်ညှစ်ပါ။ အရသာ အပေါ့အငန်မြည်းပြီး မြေပဲလှော်ထောင်းရယ်၊ ငရုတ်သီးကြော် ၁ဇွန်း (စားပွဲတင်)အပေါ်က ဖြူးပါ။ စားခါနီးမှ မွှေကာ ချဉ်ချဉ်စပ်စပ် ကန်စွန်းရွက်ပြုတ်သုတ်လေး ကို ထမင်းပူပူဖြင့်သုံးဆောင်ပါ။
IMG_0061 IMG_0066 IMG_0067

မကျည်းသီးထောင်း


မကျည်းသီးနုနုတွေ တွေ့တော့ ခပ်စပ်စပ်လေး ထောင်းစားချင်လာပါတယ်။ စားလို့ကုန်တာကြာနေပေမဲ့ မအားလို့ဒီရက်ပိုင်း blog  လေးကိုပစ်ထားတာကြာပြီမို့ ဒီနေ့ ဒါလေးကို သတိတရတင်ဖြစ်ပါတယ်။ ထမင်းမြိန်စေမဲ့ ဒီမကျည်းသီးထောင်လေးက အညာထောင်လေးပါနော်။ ကြည့်ရအောင်

 

ပါဝင်ပစ္စည်းများ

-မကျည်းသီးနုများ ၄-၅တောင့်ခန့်
-ငရုတ်သီးစိမ်း ၃တောင့်
-ဆားဇွန်း၃ပုံ၁ပုံ(အချိုဇွန်း)
-ငပိ၁ဇွန်း (အချိုဇွန်း)
-ကြက်သွန်ဖြူ ၃မွှာ

  
မကျည်းသီးလေးများကိုရေစင်စင် ဆေးပြီးထောင်းပါ။ ထောင်းနေရင် မညက်တညက်အချိန်မှာ ငရုတ်သီးစိမ်းလေးများ အညှာခြွေထဲ့၊ ကြက်သွန်ဖြူ လေးများထဲ့ထောင်းပါ။ ဆားကို ထောင်းနေရင် နဲနဲထဲ့သွားပါ။

တော်တော်လေး ညက်ပြီဆိုရင် ငပိမီးသင်းထားတာလေးထဲ့ရောထောင်းပါ။ အားလုံး ညက်ပြီဆိုရင်ထမင်းမြိန်စေမဲ့ မကျည်းသီးထောင်းလေးရပါပြီ။

ခရမ်းသီးမီးဖုတ်သုတ်


ခရမ်းသီးမီးဖုတ်သုတ်
ခရမ်းဘုတ်မသီးကြီးတွေ မီးဖုတ်ပြီးသုတ်စား စား၊ ကြက်ဥလေးနဲ့ကြော်စား စား အရမ်းကြိုက်ပါတယ်။ အမျိုးသားက ကြက်ဥနဲ့ကြော်တာလေးပိုကြိုက်ပေမဲ့လို့ တခါတလေ ကိုယ့်အာသာလေးပိုဦးစားပေး ဦးမှဆိုပြီးသုတ်စားပါတယ်.။ အားလုံးလုပ်စားတတ်ကြမယ်လို့ ယုံကြည်ပါတယ်နော်။ အိသက် Blog  လေးမှာ တစုတစည်းတည်းဖြစ်စေချင်လို့တင်လိုက်တာပါ။ စိမ့်ပြီးအရသာကိုရှိနေတာပဲ။ သတ်သက်လွတ်ဟင်းတခွက်ပါပဲနော်။


ပါဝင်ပစ္စည်းများ( ၅ယောက်စာ)

-ခရမ်းဘုတ်မသီး၂လုံး
-ကြက်သွန်နီ၁လုံးပါးပါးလှီးပြီးရေစိမ်ထားပါ
-ဆီစိမ်းလေးဇွန်း (စားပွဲတင်)
-ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားပါ
-ဆား၊ကြက်သားမှုန့်
-နံနံပင်

ခရမ်းသီးများကို Oven ထဲ ထဲ့ပြီးမီးဖုတ်လိုက်ပါ။ မိနစ်၂၀အကြာ မွှေးလာပြီး ခရင်းနဲ့ထိုးကြည့်လို့အိနေပြီဆိုရင်ရပါပြီ။  
ခရမ်းသီးများ အခွံခွါပြီး အနှစ်များယူပါ။ ဇလုံ၁ခုထဲ မှာထဲ့ပြီး ဆီစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားတာထဲ့ ( ခရမ်းသီးက လေထိုးတတ်လို့ကြက်သွန်ဖြူ များများထဲ့ပါတယ်)။

  

အားလုံးရောမွှေပြီး နံနံပင် ဖြူးကာ စားသုံးနိုင်ပါပြီ။

ကြယ်သီးမှိုအစပ်ချက် /Spicy Button Mushroom Curry


ဒီဟင်းလေးကို သားသား ငယ်ငယ်ကလန်ဒန်မှာ၆လလောက်အတူလာနေပေးသွားတဲ့အမနှစ်ဝမ်းကွဲ မတင်တင်မိုးကချက်ပြသွားတာပါ။ အမေ့တူမတဝမ်းကွဲပါ။ အဲဒီ မကြီးတင်တင်မိုးက တက္ကသိုလ်ကျောင်းသူဘဝမှာတည်းက အိသက်အမေ လှည်းတန်း အောင်ချမ်းသာလမ်းထဲမှာ ၁၉၈၆ခုနှစ်ဓနုဖြူဆိုင်ခွဲစဖွင့်တည်းက သူ့အမ မလှမိုးနဲ့အတူ ဒိုးတူဘောင်ဖက် အမေ့ကိုကူခဲ့ကြတာပါ။ အမေ့လက်ကျမို့ အိသက်တို့ သမီးအရင်းတွေထက်ဟင်းချက်ကောင်းပြီး အမေ့လက်ရာ တပုံစံတည်းထွက်ပါတယ်။ သူရှိတုန်းကမုန့်မျိုးစုံလဲစားရပါတယ်။ မုန့်ဘိုင်းတောင့် လေးညနေခင်းလုပ်ကျွေးတာသတိရမိတယ်။ စားကလဲစားချင် လုပ်ရမှာလဲပျင်းဆိုတော့ သူများလုပ်ကျွေးတာသတိရနေတာပေါ့လေ။ သူချက်တဲ့ဟင်းတွေထဲမှာ ဒီမှိုဟင်းအစပ်အကြိုက်ဆုံး၊ ဒါပေမဲ့ အိသက်က seafoodတို့ မှို တို့နဲ့သိပ်မတဲ့ဘူး။ စားပြီးရင်၂ရက်လောက် လက်ခလယ်ရဲ့လက်စစ်လေးတွေ ရောင်ပြီးယားလာရော။ အဲဒီထက်တော့ပိုမဖြစ်တတ်ဘူး။ အိသက်မမလေးလဲ အဲဒီလို Allergic reaction ရှိတယ် သူကပြောဖူးတယ် သေလောက်အောင်ဖြစ်တာ မဟုတ်ဘူး စားတဲ့၊ ခုစားပြီး နဲနဲတော့ ဂစ်တာတီးရတာပေါ့နော်။ အရမ်းကြိုက်တဲ့အတွက် စားရတာတန်တယ်လို့ မှတ်ပါတယ်။သက်သတ်လွတ်ဟင်းလဲဖြစ်ပါတယ်.

My second cousin, Ma Tin Tin Moe cooked this button Mushroom Curry for us when she was living in London for 6 months to look after my newly born son. In 1986, my mum opened up a Danuphu’s branch in Aung Chan Tha Street where my second cousin worked with her elder sister as comrades for my mum while she was studying in Uni. So she was trained properly by my mum and she can cook better than us, the daughters understandably. We were spoiled with many Burmese snacks made by her while she was here. I kind of recall the evenings when we were treated with Mote-bine-dount (small long dices of rice based snacks). I can only remember these golden time as I am not up for cooking. Many of her dishes, I love this spicy mushroom curry the most. But I am allergic to seafood and mushroom. Two days after I had them, time for scratching around my fingers but never worse than that so I was recommended to eat more as I am not gonna die as the philosophy goes from my elder sister who has the same allergic reaction. It is a little price I am willing to pay for, for I like it so much. And it is also a vegetarian dish.

 

ပါဝင်ပစ္စည်းများ

-ကြယ်သီးမှို ၂၀၀ ဂရမ်(ထက်ခြမ်းခြမ်းထားပါ)
-ကြက်သွန်နီ ၁လုံး(အတုံးလေးများလှီးထား)၊ ဖြူ ၃မွှာ
-ငရုတ်သီးလှော်မှုန့် ၁ဇွန်း(စားပွဲတင်)
-အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးစိမ်း၃တောင့်ပါးပါးလှီးထား
-ခရမ်းချဉ်သီး၂လုံး လေးစိတ်လှီးထား
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

Contents

-200g  Slice the button mushrooms in half

-1 onion (slice into small dices), 3 pieces of garlic

-1 tbl spoon of crushed dry chilli

-1 tbl spoon of curry powder

-3 small slices of green chilli

-2 tomatoes, slice it up

-a bit of salt and 2 tbl spoons of chicken powder


ကြက်သွန်နီ ၁လုံး(အတုံးလေးများလှီးထား)၊ ဖြူ ၃မွှာ တို့ကို ငရုတ်သီးလှော်မှုန့် ၁ဇွန်း၊ အရောင်တင်မှုန့်၁ဇွန်းနဲ့ဆီသတ်ပြီးခရမ်းချဉ်သီး၂လုံး လေးစိတ်လှီးထားတာထဲ့ပါ။

1 onion of sliced dices, 3 pieces of garlic are mixed with 1 tbl spoon of crushed dry chilli, 1 tbl spoon of curry powder and add them into a simmering oil and top with already sliced tomatoes.

 

ငရုတ်သီးစိမ်း၃တောင့်ပါးပါးလှီးထားတာများနဲ့ ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)ရောပါ။ နောက်ဆုံးမှ ကြယ်သီးမှို လေးများထဲ့ပါ။

3 thinly sliced green chilli with a bit of salt and chicken powder are to put in and add the button mushrooms at the last stage.

 

ရေနဲနဲထဲ့ပြီးအဖုံးအုပ်ပြီးဆီပြန်ရင်ရပါပြီ။ မှိုဟင်းစပ်စပ်လေးအရမ်းကောင်းပါတယ်။

Add the water to level up the contents and cover the pot with a lid. Once you see the changes in colour and oil would surface it then it’s ready. A Spicy Button Mushroom Curry is very good.

သီးစုံ ထောပတ်ထမင်းကြော်


2012 Valentine day ရဲ့ သီးစုံ ထောပတ်ထမင်းကြော်လေးပါ၊ လုပ်ရတာ လွယ်ပြီးစားလို့လဲကောင်းပါတယ်နော်၊ ပြီးတော့ သက်သက်လွတ်အနေလဲစားလို့ရပါတယ်၊ အိသက်ကတော့ ကြက်ဥကြော်နဲ့ ဝက်ဥချောင်းကြော်လေးထဲ့ထားတာပါ။ သတ်သတ်လွတ် အနေနဲ့မစားပါဖြစ်လို့ပါ၊

ပါဝင်ပစ္စည်းများ

– သီးစုံ အတုံးလေးများ ( မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲစိမ်းသီး )
– သီဟိုဠ်စေ့(  ကြော်ပြီးသား )
-စပျစ်သီးခြောက်
-ထောပတ်
– ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း

  

ပထမဦးဆုံး ထောပတ်ကိုထဲ့ပြီး သီးစုံကိုကြော်ပါ၊ သီးစုံကြော်ထဲကို ထမင်းရောပြီးထပ်ကြော်ပါ၊

သီဟိုဠ်စေ့( ကြော်ပြီးသား ) နဲ့ စပျစ်သီးခြောက် . ဆား၊ ကြက်သားမှုန့်၊ တို့ကိုနှံ့အောင် မွှေပေးပါ၊ငရုတ်ကောင်းလေးဖြူးပေးပြီးရင် ရပါပြီ။

နွားနို့ ခဲဟင်း


ဒီဟင်းလေးကစိမ့်စိမ့်လေးနဲ့ အတော်အရသာရှိပါတယ် ၊ အချဉ်ဓာတ်လေး အစပ်လေးပါ ပါတဲ့အတွတ် မအီပဲအလွန်းကောင်းပါတယ်.သတ်သတ်လွတ်ဟင်းတခွက်လဲဖြစ်ပါတယ်

နို့ခဲလုပ်ပုံကတော့ အညာနို့ခဲလုပ်စားမယ်မှာတင်ပြီ:သာ:ပါနော်

နွားနို့ ခဲဟင်းပါဝင်ပစ္စည်း
– နွားနို့ခဲအတုံးလေးများ
– နို့ခဲအရည် ( စစ်ထားတဲ့အရည် )
-ကြက်သွန်ဖြူ၊ နီ၊ ဆား၊ ကြက်သားမှုန့်
-ပဲငပိ ငရုတ်သီးကြော်
-ခရမ်းချဉ်သီး နှစ်လုံး
-ငရုတ်သီးစိမ်း

   

နွားနို့ခဲအတုံးလေးများကို ဆား၊ ကြက်သားမှုန့်၊ ပဲငပိ ငရုတ်သီးကြော်တစ်ဇွန်းတို့နဲ့နယ်ထားပါ၊

ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နီ ကို ဆား၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့် တို့နဲ့ ဆီသတ်ပါတယ်၊

  ၊  

ရွှေဝါရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီးထဲ့ပြီး အသာလေးမွှေပေးပါ.ခရမ်းချဉ်သီးနွမ်းလာရင် နယ်ထားတဲ့ နွားနို့ခဲလေးတွေထည့်၊ ဆား၊ အချိုမှုန့် သင့်သလိုထည့်ပြီး နို့ခဲအရည် ( စစ်ထားတဲ့အရည် )   လောင်းထဲ့ပြီး ငရုတ်သီးစိမ်းလေးတွေထဲ့ပြီးနှပ်ထားလိုက်ပါ။  ဆီပြန်လာပြီဆိုရင် နွားနို့ ခဲဟင်း စပ်စပ်လေး နဲ့ စိမ့်စိမ့်လေးရပါပြီ

နွားနို့ပြောင်းဖူးထောင်းကြော်


 နွားနို့ပြောင်းဖူးထောင်းကြော်

ပုံမှန်ပြောင်ဖူးကို ဒီအတိုင်းကြော်စားကြပါတယ် ။ နွားနို့ လေးနဲ့ဆိုတော့ စိမ့်စိမ့်လေးနဲ့ စားလို့ အင်မတန်ကောင်းပါတယ်၊၊ အိသက်တို့Htetfamily မိသားစုကပ်သမျှ ဘုန်းကြီးဝိုင်းတိုင်း မပါမဖြစ်ပါရတဲ့ ဟင်းပွဲလေးပါ။  အိမ်ရှင်မများလဲနှစ်ခြိုက်မဲ့ဟင်း တခွက်မို့မြည်းကြည့်စေချင်ပါတယ်နော်။

 

ပါဝင်ပစ္စည်းများ

-ပြောင်းဖူး ၂ဖူးစာ

-ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွာ

-ဆားဇွန်းဝက်(အချိုဇွန်း)

-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)

-နွားနို့ မတ်ခွက်၁ ဝက်စာ

 

 စက်နဲ့ကြိတ်တယ်  ထောင်းတယ်ဆိုတာ စီးစေချင်လို့ပါ

ပထမဆုံး ပြောင်းဖူးကို စက်နဲ့ကြိတ်လိုက်တယ် ပုံမှန်ရန်ကုန်မှာဆိုထောင်းတာပေါ့နော် ဒီမှာတော့မြန်အောင်လို့စက်သုံးလိုက်တယ်၊ စက်နဲ့ကြိတ်တယ်  ထောင်းတယ်ဆိုတာ စီးစေချင်လို့ပါနော်

ပြီးရင်ကြက်သွန်နီ၊ ဖြူ ဆီသတ်

ကြက်သွန်နီ၊ ဖြူ ရွှေဝါရောင်သန်းလာရင်  ပြောင်းဖူးကိုထဲ့ပါ

ပြီးရင်-နွားနို့နဲနဲ ၊ ဆား၊ ကြက်သားမှုန့်ထဲ့မွှေပြီး အဖုံးခဏအုပ်ပါ .  ပြောင်းဖူးနူးပြီး စေးလာပြီဆိုရင်ရပါပြီ

အလွန်အရသာရှိတဲ့  ပြောင်းဖူးကြော်စီးစီးစိမ့်စိမ့်လေးရပါပြီ.   ကြက်သွန်နီကြော်ကျွပ်ကျွပ်လေးဖြူးပြီး ထမင်းပူပူလေးနဲ့စားရင်အလွန်မြိန်ပါလိမ့်မယ်။ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ။