ဗီယက်နန်ကြံပုဇွန်ကြော်
ဒီတခါတော့ အိသက်ကထူးထူးခြားခြား ဒီပုဇွန်ကြော်လေးကို ရေးပေးလိုက်ပါတယ်နော်။ ပုဇွန်အစား ဝက်သားကိုသုံးရင်လဲရပါတယ်တဲ့ ဝက်သားကို သုံးတဲ့အခါ အစာဆိုးဆေးအနီရောင်ကိုအနဲငယ်ထဲ့ ပေးရင် ကြော်ပြီးတဲ့အခါ မဲမသွားပဲအရောင်လှပါတယ်။ ပုဇွန်ကတော့အရောင်ထဲ့စရာမလိုပါဘူးနော်။ ကင်ပြီးလဲ စားနိုင်ပါတယ်။ အသားကိုစားပြီးရင် ကျန်တဲ့ ကြံချောင်းလေးကလဲအရသာရှိနေပါတယ်နော်။ လုပ်နည်းလွယ်ပြီး စားလို့ကောင်းတဲ့နည်းလေးကိုကြည့်ရအောင်
ပါဝင်ပစ္စည်းများ( ၁ပွဲစာ ၆ခု)
-ပုဇွန်ကျား(သို့) စပ်ထုပ်၂၅၀ ဂရမ်
-ကြံ လက်၂စစ်စာအရှည်
ရောနယ်ရန်အစာပလာများ
-ဂျုံမှုန့် ၁ဇွန်းခွဲ( စားပွဲတင်)
-ကော်မှုန့် ၁ဇွန်း( အချိုဇွန်း)
-သကြား ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
– ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည်အကြည်တဇွန်း(အချိုဇွန်း)
-ဆန်ဝိုင် ၁ဇွန်း(အချိုဇွန်း)
-တရုတ်မဆလာ ဇွန်း ၃ပုံ၁ပုံစာ(အချိုဇွန်း)
ပုဇွန်ကို ခေါင်းလေးတွေ ဖြုတ်ပြီး ချီးချောင်းထုတ်သန့်စင်ထားပါ။ ကျမကအဲဒီခေါင်းတွေကိုဘယ်တော့မှလွှတ်ပစ်လေ့မရှိပါဘူးနော်။ ငရုတ်သီးနဲ့စပ်စပ်ကျွတ်ကျွတ်လေးကြော်စားပါတယ်။ ချဉ်ရည်ထဲလဲထဲ့ပါတယ်နော်။
ဒီမှာတော့အသားကိုပဲ သုံးမှာပါ။
ကြံချောင်းလေးများကိုတော့အခွံခွါပြီး ၆စိတ်လောက်ရအောင် ခြမ်းထားပါ။
ပုဇွန်အသားများကို blender ထဲ ထဲ့အစာပလာများပါ ထဲ့ကာ ညက်နေအောင် မွှေလိုက်ပါ။ စီးနေသော ပုဇွန်အရောရပါမယ်။
လက်ကိုဆီသုတ်ကာ ပုဇွန်အရောကိုယူပြီး ကြံချောင်းလေးများကိုလိုက်ပတ်လိုက်ပါ။ ပြီးရင် ရေနွေးငွေ့ဖြင့် ၁၀ မိနစ်ခန့်ပေါင်းပေးပါ၊ ဝက်သားဆိုရင် တော့ မိနစ်30 ခန့်ပေါင်းပါ။
ပေါင်းလို့ပြီးမှ ဆီပူမှာ ၂မိနစ်ခန့်ကြော်ပြီး စီစစ်ထားပေးပါ။
တွဲစားရန်အချဉ်ရည်
-ဗီနီဂါ ၅ဇွန်း(စားပွဲတင်)
-သကြား ၁ဇွန်း(အချိုဇွန်း),ကြက်သွန်ဖြူ ၁မွှာပါးပါးလှီး
-ငရုတ်နီ ၁တောင့်ပါးပါးလှီး
-ကြက်သားမှုန့် ဇွန်းဝက်( အချိုဇွန်း)
အထက်ပါများကိုရောမွှေလိုက်ရင် အချဉ်ရေရပါပြီ။