Image

အင်းလေးဘီးမုန့်


အင်းလေးဘီးမုန့်image image image
အင်းလေးဘီးမုန့်ကို ကျွန်မတို့ အင်းလေးသွားလည်စဉ်က တွေ့ခဲ့၊ မြည်းခဲ့ရ ပါတယ်။ အာလူးကတ်တလစ်နဲ့ အရသာအနည်းငယ်မျှဆင်ပါတယ်။ သို့သော် သူက ပိုစား လို့ကောင်းပါတယ်။ အာလူးနဲ့ လုပ်ရင် အာလူးဘီးမုန့်၊ ငါးနဲ့လုပ်ရင် ငါးဘီးမုန့်ပေါ့နော်။ ကျွန်မကတော့ (၂) မျိုးလုံး ရေးပေးလိုက်ပါတယ်။ ဒီနည်းကို လိုချင်တာနဲ့ သားကြီးတို့ ဆရာမကြီး အင်းလေးသူ အန်တီကို သေချာမေးထားရတဲ့ နည်းလေးပါ။

မုန့်လုံးစပ်နည်း ( dough စပ်နည်း)
•ရှမ်းဆန် (သို့) ရိုးရိုးဆန်မှုန့်-၄ ဘူး (rice cookerဆန်ချိန်ခွက်)
•ကောက်ညှင်းဆန်မှုန့်-၁ ဇွန်း

ပြုလုပ်နည်း
၁။အထက်ပါများကို ရေအနည်းငယ် (အကြမ်းပန်းကန်) တစ်ဝက်စာထည့်နယ် ပြီး ပေါက်စီအလုံးလေးများကဲ့သို့ လုံးပြီး ရေနွေးပွက်ပွက်ဆူ ထည့်ပြုတ်ပါ။ ပေါ်လာရင် ဆယ်ယူလာသော မုန့်အလုံးလေးများကို ကြက်ဥတစ်လုံးဖောက်ပြီး ရောကာ သမအောင် မုန့်သားညက်အောင် နယ်ပေးရပါမည်။
မှတ်ချက် ။ ။ ပူနေသော်လည်း ပူနေစဉ်နယ်မှ ဖြစ်မှဖို့ လက်အနေတော် အပူခံနိုင်လောက်ရင် စနယ်ပေးပါ။

၂။နယ်ပြီး မုန့်များကို အလုံးသေးသေးတစ်ခုချင်းလုံးကာ ပြားနေအောင် တစ်ဖန် တလှိမ့်တုံးဖြင့် လှိမ့်ပေးရပါတယ်။

၃။အပြားပေါ်မှာ အဆာထည့်ပြီး ခေါက်လိုက်ကာ အနားများကို လက်ဖြင့် ဖိ၍ သော်လည်းကောင်း၊ ပုံသဏ္ဌာန်ချပြီးသား ခွက်ဖြင့်သော်လည်းကောင်း ဖိချပေးရပါမယ်။

၎။ပြီးမှ မုန့်များကို ဆီမြုပ်အောင် ကြော်ပေးရပါမည်။

၅။အချဉ်အနေနဲ့ သံပရာ၊ ငရုတ်သီးရောစပ်ထားသော အချဉ် (သို့) ငရုတ်ဆီ စတာတွေနဲ့ တို့စားရင် အလွန်အရသာရှိသော အဆာပြေမုန့်တစ်ခု ရရှိပါမည်။

(အထဲမှာ ထည့်ရန် အဆာများ)
—————————-

အာလူးဘီးမုန့်အတွက် အာလူးကို နူးနေအောင် ပြုတ်ပြီး ချေကာ ဆားအနည်းငယ် ရောထားပါ။ အာလူး အရောကို အဆာသွတ်နိုင်ပါတယ်။ ကြက်သွန်မြိတ် ကြိုက်ရင် ညှပ်ထည့်ပါ။

ငါးဘီးမုန့်အတွက်ကတော့
၁။ငါးရဲ့အသားကို ပြုတ်ထားပါ။ ဆီနဲ့ အနည်းငယ် ကြော်ထားပါ။
၂။ကြက်သွန်မြိတ်၊ ကြက်သွန်နီ အနည်းငယ် ပါးပါးစီ လှီးထားပြီး ဆား၊ အသားမှုန့်တို့ထည့်ကာ ဆီပါ လေကာဖြင့် ရောလုံးထားပါ။ ပြီးမှ ငါးပြုတ်ကြော် ဖြင့် ရောပြီး အဆာသွတ်နိုင်ပါပြီ။

ဒါကတော့ အင်းလေးဒေသ အစားအစာဖြစ်တဲ့ ဘီးမုန့်လုပ်နည်းလေး ဖြစ်ပါတယ်။

Advertisements
Image

ရှမ်းခရမ်းသီးပဲပုပ်ထောင်း


ရှမ်းခရမ်းသီးပဲပုပ်ထောင်း
IMG_0067_2
       ဒီနည်းလေးကတော့ ကျမရဲ့ ပြင်သစ်သူလေး ရှမ်းမလေးလင်းရဲ့ ရှမ်းခရမ်းသီးထောင်းနည်းလေးကို သင်ယူပြီး ထောင်းထားတာပါ။ ကျမက ခရမ်းသီးဆို မီးဖုတ်ပြီး သုတ် ရင်သုတ် မဟုတ်ရင် ကြက်ဥနဲ့ ခလောက်ပြီး ကြော်စားတတ်ပါတယ်။ ဒီနည်းလေးက တော့ရှမ်းရိုးရာနည်းလေးပါ။ အလွန်စားကောင်းပြီး  စပ်စပ်လေး နဲ့ ထမင်းမြိန်စေပါတယ်ရှင်။ လွယ်လွယ်လေးပါလို့ ထုံးစံအတိုင်းဆိုလိုက်ပါရစေအုန်းနော်။
ပါဝင်ပစ္စည်းများ
-ခရမ်းသီးအကြီး ၁လုံး
-ကြက်သွန်ဖြူ ၅မွှာ
-ပဲပုတ်ပြားတချပ်
-ငရုတ်သီးစိမ်း ၂တောင့်  ( မစပ်တဲ့ ငရုတ်သီးဆိုရင်ပိုထဲ့ပါ)
-ချယ်ရီ ခရမ်းချဉ်သီး ၂လုံး
-နံနံပင်၊ ဖတ်ဖယ်ရွက် အနဲငယ်စီ
-အသားမှုန့် ၁ဇွန်း အချိုဇွန်း (သတ်သတ်လွတ်စားမယ်ဆိုရင်တော့ ဟင်းရွက်မှုန့်၊ ပဲငံပြာရေ ၊ သကြား စသည်တို့အစားထိုးပါ)
-ဆား ဇွန်းဝက် (အချိုဇွန်း)
                               လုပ်နည်းကတော့
                                    ခရမ်းသီး၊ ခရမ်းချဉ်သီး၊  ကြက်သွန်ဖြူ၊ ပဲပုပ်ကင်၊ ငရုတ်သီး ကို မီးဖုတ်(သို့) ကင်ပါ ။ ၁၅ မိနစ်ခန့်ကင်ပြီး ကျမက တော့ ခရမ်းသီးကို ကြာကြာပိုကင်ပါတယ် အတွင်းမကျက်မှာစိုးလို့ပါ။ ပြီးရင် ခရမ်းသီး အသားဖယ်ယူထားပါ။
 ကင်ဖုတ်ပြီးတာနဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊  ပဲပုပ် ကို ဆားနဲ့ အသားမှုန့်ထဲ့ပြီး ညက်အောင်အရင်ထောင်းပါ။ ပြီးရင် နံနံပင်၊ ဖက်ဖယ်လှီးဖြတ်ကာထဲ့ထောင်းပါ။ ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကို နောက်ဆုံ့းထဲ့ကာထောင်းပါ။
သေချာသမအောင် ထောင်းပြီး အရသာလိုသလို ဆားနဲ့ အသားမှုန့် ပြန်ဖြည့်ပြီး စားရန်အသင့် ကျမ အသဲစွဲ ရှမ်းခရမ်းသီးပဲပုပ်ထောင်းလေးရပြီပေါ့ရှင်။
Image

ဆန်ပြားခေါက်ဆွဲသုတ်(ရှမ်း)


ဆန်ပြားခေါက်ဆွဲသုတ်(ရှမ်း)
IMG_0027
                            ဒါလေးက သက်သတ်လွတ် ဆန်ပြား ခေါက်ဆွဲသုတ်လေးပါရှင်။ ဒီနည်းလေးကိုတော့ကျမက အလွန်လွယ်ပြီး စားကောင်းလွန်းလို့ မနက်စာ အဖြစ် အမြဲလုပ်စားလေ့ရှိပါတယ်။ တနေ့ တနေ့ ပြင်သစ်က ရှမ်းမလေး လင်းဆီဖုန်းဆက်ပြီး သင်ရတာ အမောပါ။ သူ့ခမြာလဲ ကျမကို စိတ်ရှည်လက်ရှည် သင်ရှာပါတယ်။ ကျမရဲ့ မြင်ဆရာ ကြားဆရာပါ။ ကျမ တို့နှစ်ယောက် အပြင်မှာမမြင်ဖူးပေမဲ့ တယောက်နဲ့ တယောက်တော်တော်ရင်းနှီးကြပါတယ်။ သူကလဲ အလွန် သဘောကောင်းပြီး ကျမကလဲ အတော်ကို နှိပ်စက်တတ်သူ မို့အလွန်လိုက်ဖက်ညီညီခင်မင်မိကြပါတယ်။ အခု သူသင်ပေးတဲ့ ဒီ ခေါက်ဆွဲပြားလေးကို လုပ်စားရအောင်နော်
ပါဝင်ပစ္စည်းများ
-ဆန်ခေါက်ဆွဲပြား
-ကိုရီးယားမိတ်ပဲအနှစ် (ဆံပြားသုပ်ရင် ဒီဗူးလေးကရှမ်းပဲပုပ် အစိမ့်နဲ့ တထပ်တည်းပါ)
IMG_0029
-မြေပဲ ကြော်
-ငရုတ်သီးကြော်
-ကြက်သွန်ဖြူဆီချက်
-နံနံပင်
-ရှမ်းနံနံ
-နှမ်းလှော်
-ကြာညို့အချို( sweet soy sauce)
IMG_0001 IMG_0003
IMG_0004 IMG_0010
                    ကျမကတော့ ပုံမှာပြထားတဲ့ဆန်ပြားအခြောက်ကိုသုံးပါတယ်။ ရေ ခဏစိမ်ထားရပါတယ်။ ပြီးရင်တော့ ရေနွေးပွက်ပွက်ဆူမှာ ကျက်သည်အထိ ထဲ့ပြုတ်ပေးထားပါ။ နံနံပင် ၊ ရှမ်းနံနံကို နုတ်နုတ်စင်းထားပါ။ မြေပဲကို အလုံးလိုက် ရဲရဲလေးအနေရအောင်ကြော်ထားပေးပါ။
 ငရုတ်ဆီချက် ချက်နည်းပြန်ရေးပေးပါမယ်။ 
ငရုတ်သီးခြမ်း ၅ဇွန်း လိုပါမယ်။ ဒယ်ပေါ်မှာ ဆီ များများကို အပူပေးပါ။ ပူလာရင် ငရုတ်သီးထဲ့ ခနမွှေပါ။ ပဲငံပြာရည် ၃ဇွန်း သကြား ၁ဇွန်း ပါရောမွှေပြီး ဆီချက်ထားပါ။ ဒီငရုတ်ဆီကို သတ်သတ်လွတ် အသုတ်တွေမှာ ထဲ့ သုတ်နိုင်ပါတယ်။
ဆန်ပြားသုပ်တပွဲစာသုတ်မယ်ဆိုရင်
IMG_0027
  ပြုတ်ပြီးသား ဆန်ပြား တပွဲစာကို ပဲပုပ်အငံ အနှစ်တဇွန်း( အချိုဇွန်း) ၊ ကြာညို့အချိုတဇွန်း( အချိုဇွန်း)၊  နှမ်းလှော်ထောင်းတဇွန်း ( အချိုဇွန်း)၊ ဆီကျက်တဇွန်း (ကြက်သွန်ဖြူဆီကျက်)( အချိုဇွန်း) ၊ ငရုတ်သီ့းကြော်တဇွန်း( အချိုဇွန်း)၊  နံနံပင် တဇွန်း ရှမ်းနံနံပင် တဇွန်း (ဆားထဲ့ရန်မလိုပါ ပဲပုပ်ထဲငံနေပြီးသားမို့)၊ ပဲငံပြာရည် အနဲငယ်( သတ်သတ်လွတ်မဟုတ်ရင်တော့ အသားမှုန့်ထဲ့သုတ်ပါ)တို့ထဲ့ မြေပဲကြော်အပေါ်က ဖြူးကာနယ်ပြီးစားသုံးနိုင်ပါပြီ။
Image

မြစ်ကြီးနားဆီတိုဖူးချက်


မြစ်ကြီးနားဆီတိုဖူးချက်
IMG_0034
                         ကျမက အိပ်ချိန်ကလွဲရင် ကျန်အချိန်တွေအားလုံးလိုလိုကို အစားအစာအကြောင်းပဲ စဉ်းစားမိနေတတ်သူဆိုတော့ ဟင်အဆန်းအပြားလေးတွေချက်ထားတာ မြင်ရင် မနေနိုင်ဘူး လိုက်စမ်းချက်ချင်ပါတယ်။ ဒီဟင်းလေးက တော့ ကျမတို့ facebook စသုံးကာစက အိမ်ရှင်မ လက်ရာဆိုတာ ဟင်းချက်နည်းတွေကို အများသူငါ မျှဝေနိုင်အောင် စာရေးဆရာမ မမို ( လမင်းမိုမို) တည်ထောင်ထားတဲ့အဖွဲ့လေးပါ။ အဲဒီတုန်းက ဒီလို ဟင်းချက်နည်း group တွေအများကြီးမရှိခဲ့ဘူး။ တနေ့ တနေ့ ဒီအဖွဲ့လေးကညီမတွေ အမတွေ ဘာတွေ တင်မလဲ ကိုယ်လဲ ဘာတင်ရင်ကောင်းမလဲလို့ အတွေးတွေနဲ့ ချက်ရင်းပြုတ်ရင်း အသိပညာ ဖလှယ်ကြပါတယ်။ တယောက်နဲ့ တယောက်လဲ မမြင်ဘူးပဲ ချစ်ခင်ကြပါတယ်။ ဒီတုန်းကတည်းက ရင်းနှီးခဲ့တဲ့ အန်တီ ဒေါ်သန်းသန်းရင်က မိဝေးဖဝေးနေရတဲ့ကျမတို့အတွက်တော့ အဒေါ်တယောက်လိုပါပဲ။ ဒီဆီတိုဖူးချက်နည်းလေးကို အန်တီသန်း facebookမှာတင်တော့ ကျမ အလွန်စိတ်ဝင်စားပါတယ်။ ဒါကြောင့် လိုက်ချက်ကြည့်ပြီး အင်မတန်နှစ်သက်တာမို့ အန်တီသန်းကို ခွင့်တောင်းပြီး ရေးပါတယ်ရှင်။ ကချင်ပြည်နယ် မြစ်ကြီးနား ဒေသအစားအစာတခုဆိုပေမဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်း မှာလဲ စားသုံးတယ်လို့သိရပါတယ်။ ဒီဟင်းလေးက ဆီများများနဲ့ ချက်ထားတာမို့ ကြာရှည် အထားခံပါတယ်။ ထမင်းပူပူနဲ့လူးစားကြည့်ပါ။ ဒီအတိုင်းကို ဘယ်ဟင်းမှမလိုပဲ အရသာရှိနေပါတယ်ရှင်။
ပါဝင်ပစည်းများ
– ဆီတိုဖူး ၃၀၀ ဂရမ်
-ခရမ်းချဉ်သီးအနေတော် ၃လုံး
-ငရုတ်သီးတောင့် ၅တောင့်
-ကြက်သွန်နီ ၁လုံး
-ကြက်သွန်ဖြူ ၃မွှာခန့်
-ဆနွမ်း ၁/၃ ပုံ (အချိုဇွန်း)
-အရောင်တင် ၂ဇွန်း(အချိုဇွန်း)
                           စစချင်း ကြက်သွန်နီကို ပါးပါးလှီးပြီး အဖြူကို ဓားပြားရိုက်ထားပါ။ ခရမ်းချဉ်သီးတွေကို ခပ်သေးသေးစိတ်ထားပေးပါ။
IMG_0006
ကြက်သွန်များကို ဆီများများဖြင့် ဆနွမ်း အရောင်တင် ထဲ့ကာ ကျွတ်လာသည်အထိဆီသတ်ပေးပါ။ ပြီးမှ ခရမ်းချဉ်သီးများထဲ့ပြီး ကြေအောင်ချက်ပေးပါ။  ရေကို အနဲငယ်ထဲ့ပေးပါတယ်။
IMG_0007
ဆီတိုဖူးများကို ထဲ့ချေပြီး ရောမွှေပေးပါ။ ပွက်လာပြီဆိုရင် ငရုတ်သီးလေးများကို ညှပ်ကာ ထဲ့ပေးပါ။ မခြောက်တခြောက်အနေထိရောက်လာရင် ဆီပြန်လာရင် ရပါပြီ။
IMG_0010 IMG_0012 IMG_0018
ခပ်စပ်စပ်လေးနဲ့ အလွန်စားကောင်းပါတယ်။ ဒီဟင်းမှာ ကျမ က ဘာ အသားမှုန့် ဆားမှ မထဲ့ပါဘူး။( ထဲ့လိုက ထဲ့နိုင်ပါတယ်) သဘာဝအရ ဆီတိုဖူးက ငံပြီးသားပါ။ နောက်ပြီး ခရမ်းချဉ်သီး ကြက်သွန်စတာတွေရဲ့ အချိုဓာတ်နဲ့ ဟင်းလေးက အားလုံး ဘက်မျှပြီး စားလို့ အလွန် ကောင်းနေပါလိမ့်မယ်။ ဒါကတော့အရသာရှိတဲ့ မြစ်ကြီးနားဆီတိုဖူးဟင်း တခွက်ပါ။
IMG_0026
Image

ကယား အာလူးထောင်း


IMG_0034
ဒါလေးက တော့ ကယားလူမျိုးတွေရဲ့အစားအစာပါ အာလူးရဲ့ အစိမ့်အရသာ ကို မအီစေပဲ ခပ်စပ်စပ်လေး ပြန်ထိန်းထားတဲ့တိုင်းရင်းသားအစားအစာ တခုပါရှင်။ ကယားလူမျိုးတွေ ရဲ့ မက်ခါးသီး ဆိုတာကို မြင်ဖူးအောင် ပြထားပါတယ်နော်။ မက်ခါးသီး  ဓာတ်ပုံ ပိုင်ရှင်ကတော့ ဒီနည်းလေးကို ပေးတဲ့ မလေးရှားက Sukhita Chaw မချောစုရဲ့ပုံလေးပါ။ အများကြီး စားရင် ဝက်ခြံ ပေါက်တတ် ပါသတဲ့။ မထဲ့လဲ ရပါတယ်။ ကယားလူမျိုးတွေကတော့ အမဲခြောက်ကြော်နဲ့ တွဲဖက်စားကြတယ် ။ အလွန်လွယ်ပြီး အရသာရှိတဲ့ အာလူး ထောင်းလေးကို လုပ်စားဖြစ်အောင် လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေရှင်။
ပါဝင်ပစ္စည်းများ
-အာလူး ၆ လုံးခန့်
– ကြက်သွန်နီ ၁လုံး
– ကြက်သွန်ဖြူ ၃-၄ မှာ
– ငရုတ်သီးစိမ်း ၇ တောင့်
– ဂျင်းထောင်းပြီးသား ၁ဇွန်းခန့် (အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
အာလူးကို ရေဆေးပြီးပြုတ်ပါတယ်။ နူးပြီးဆိုရင် အေးလောက်တဲ့အချိန်မှာ အခွံခွာပြီးထောင်းပါတယ်။ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ၊ ဂျင်း ခပ်ညက်ညက် ရောထောင်းပါတယ်။
IMG_0001 IMG_0003
ဒယ်အိုးမှာ ဆီများများနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီ ၊ ငြုတ်သီးစိမ်း ကို ဆီသတ်ပေးပါတယ် .. ကျွတ်လာပြီးရင်ထောင်းထားတဲ့ အာလူးထည့်မွှေ ကာ ဆား နဲ့ ကြက်သားမှုန့်ထည့်ပြီး မွှေကြော်ပေးပါတယ်
IMG_0004 IMG_0008
ဆီပြန်ပြန် အိအိလေးဖြစ်ရင် ရပါပြီ .. ဂျင်းနဲ့ မက်ခါသီးက optional ပါ ထည့်လည်း ကောင်းတယ် မထည့်လည်း ရပါတယ် ..
စပ်စပ်ဆိမ့်ဆိမ့်လေးမို့ အတော်စားကောင်းတဲ့ ကယား အာလူးထောင်းလေးပါရှင်။
IMG_0034  mat kharr the မက်ခါးသီး  ဓာတ်ပုံ
Image

ငါးထမင်းနယ်


ငါးထမင်းနယ်
IMG_0040
                    ငါးထမင်းနယ် ကို လုပ်ရ တာ အမယ်မယ်တွေလုပ်ရပြီး ကရိကထ များလွန်းလို့ ကျမ တခါတခါလုပ်စားဖို့ တော်တော်ပျင်းပါတယ်။ ဒါပေမဲ့ ကျမတို့ လင်မယား၂ ယောက်လုံး အလွန် ကြိုက်တာမို့ မကြာမကြာ လုပ်စားဖြစ်ပါတယ်။ လုပ်ရတာနဲ့တန်အောင် အရသာအလွန်ရှိပါတယ်။ ဒါလေးက ရှမ်းပြည်ရဲ့ အစားအစာလေးပါရှင်။ တချို့က သတ်သတ်လွတ်ဆို ငါးမထဲ့ပဲ အာလူးနဲ့ လုပ်ပါတယ် တဲ့   ,
ပါဝင်ပစ္စည်း
-ဆန် နို့ဆီခွက် ၂လုံး
-ငါး အသားချည်း၇၀၀ ဂရမ်
-စပါလင် ၁ချောင်း
-ဆနွမ်း ၁ဇွန်း (အချိုဇွန်း)
-ခရမ်းချဉ်သီး ၂လုံး (အလုံးကြီး)
-အာလူး ၂လုံး
-ဆား ၂ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
-ငရုတ်သီးအတောင့်ခြောက်
-ကြက်သွန်ဖြူဆီချက်
 
 ဆန်ကို စင်စင်ဆေးကာ ထမင်းတည်ပေးထားပါ။
ငါးရယ် စပါလင်ရယ် ဆနွမ်းဝါရယ် ကို ဆား နဲနဲ အသားမှုန့် နဲနဲ နဲ့ ပြုတ်ထားပေးပါ။
IMG_0026
ခရမ်းချဉ်သီးကိုလဲဆီမထည့်ဘဲ ဆနွမ်း၊ အသားမှုန်.၊ဆားနဲ့ ကြေနေအောင်ချက်ထားပါ။ အာလူးကိုလဲ နူးတဲ့ထိပြုတ်ယူပါ
IMG_0025 IMG_0027
.ပြီးရင် ကြက်သွန်ဖြူ ဆီကျက်လုပ်ထားပါ ။ ငရုတ်သီး အခြောက်များကို ဆီပူမှာ ကျွတ်အောင်ကြော်ထားပါ။  ထမင်းဖြူ ပူပူ ငါးပြုတ်ထားတာရယ် အာလူး ,ခရမ်းချဉ်သီးကို ရောပြီး ကြက်သွန်ဖြူ ဆီကျက်နဲ့ လိမ့်ကာ စီးနေအောင်နယ်ပြီး လက်တဆုပ်စာ အလုံးလေးများ လုပ်ထားပါ။
ငါးအသားပြုတ် နဲနဲ နှင့် ခရမ်းချဉ်သီးအနှစ်ကို ဖြူးစားရန် အနယ်ငယ်ချန်ထားပါ။
IMG_0028 IMG_0032 IMG_0030
စားဖို့ပြင်တဲ့အခါမှာ ထမင်းလုံးကို ပန်းကန်ပေါ်ပြားတင်ကာ ငါးအသားပြုတ် နဲနဲ နှင့် ခရမ်းချဉ်သီးအနှစ်ကို ဖြူး  ငရုတ်သီးမုံ့ကြော်(သို့)ငရုတ်သီးထောင့်အခြောက်ကြော် (သို့) အချဉ်တည်ထားတဲ့ငရုတ်သီးအလုံးလိုက် စတာတွေရယ် ဂျူး မြစ်/ကြက်သွန်ဖြူအလွာစိမ်း/နံနံပင်/ ဆန်လုံးစီ ကြော် /ငါးမုံ့ကြော်တို့နဲ့တွဲစားပြီးကိုးကန့် လဖက်ခြောက်အခါးရည်နဲ့ …ဆို ရင်ဖြင့် အလွန်အရသာရှိသော ငါးထမင်းနယ်ရပြီပေါ့ရှင်….
မှတ်ချက်-ငါးကို အကောင်လိုက်ပြုတ်ပြီးမှ အသားနွှာလဲရပါတယ်။ ကျမက ဒီက အသားချည်းရောင်းတာကို ဝယ်သုံးပါတယ်။

ရခိုင်မုန့်တီအရည်နဲ့အသုတ်


ရခိုင်မုန့်တီ အရည်နဲ့ အသုတ်

IMG_0051 IMG_0017
ရခိုင်မုန့်တီသုတ်လေးကို မမ ဟန်နီထွန်းက မေးတဲ့အခါ ကျမအနေနဲ့ ခပ်ပေါ့ပေါ့အိမ်မှာအလွယ် သုတ်စားသလို မရေးရဲဘူးရှင့်။ ဘာလို့လဲဆိုတော့ ဒေသတခု ရိုးရာတခုရဲ့ အစားအသောက်လို့ နံမည်တပ်ပြီး မေးလာပြီဆိုရင် ထင်သလိုကြိုက်သလို မရေးရဲပါ။ အစားအစာများက ဒေသတခု တိုင်းရင်း ရိုးရာတခုရဲ့နောက်ကြောင်းရာဇဝင်ကိုဖော်ပြရာလဲရောက်ပါတယ်။ ဒါကြောင့် ထင်သလိုရေးလို့လွဲခဲ့ရင် ရေးသမျှစာကို တာဝန်ယူရမှာမို့ အဲဒီဒေသက သိကျွမ်းသူတွေရဲ့ သင်ကြားမှုကို အမြဲခံယူရပါတယ်။ အဲဒီလို သေချာမေးပြီးမှ ကျမ နောက်ကျောလုံစွာရေးရဲပါတယ်။ ဒီအသုတ်လေးကို ရေးရင်း ရခိုင်မုန့်တီ လုပ်နည်းကိုပါရေးပေးလိုက်ပါမယ်နော်။ ကျမကို ဒီနည်းပေးတဲ့
အန်တီကတော့ ကျမ သူငယ်ချင်း ရခိုင်မလေး စံဝင်းဖြူရဲ့မေမေ ဖြစ်ပါတယ်ရှင်။ ကျမမှာ ဒီနည်းလေးကို သေချာလိုချင်လို့ ဒီက လန်ဒန် မနက်အစောကြီးအချိန် ၁နာရီ ခွဲ အချိန် စင်ကာပူကို ဖုန်းခေါ်ထားရတဲ့ အဖိုးတန်နည်းလေးပါရှင်။
ပြုတ်ရည်လုပ်ရန်ပါဝင်ပစ္စည်းများ
-ငါးရွှေ – ၁ ကီလို
-မျှင်ငါးပိ – ၃ဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ – ၁၀မွှာခန့် (အခွံမခွါပဲ အနဲငယ်ထုရုံထုထားပါ)
-ငရုတ်ကောင်းမှုန့် – စားပွဲတင် ၂ဇွန်း
-ဆား – စားပွဲတင်ဇွန်း၃ဇွန်း
-အရသာမှုန့် စားပွဲတင် ၁ဇွန်း
-ပတဲကော – စားပွဲတင် ၂ဇွန်း (ညက်အောင်ထောင်းပြီးသား)

ရခိုင်မှာတော့ အများစုကငါးရွှေကို ကျပ်တင် ထားတာကိုသုံးပါတယ် တဲ့။ အဲဒီအသားကိုမှ ရေနွေး နယ်ပြီးမှ သုံးတာပါတဲ့။ ကျပ်တင်ထားတဲ့ အနံ့ကို မကြိုက်တဲ့သူက အစိမ်းကိုပြုတ်တာပါတဲ့ ။

အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည့်ပြီးရေဆူပြီး၅မိနစ်ခန့် တည်ပေးပါ။ ပြီးတဲ့အခါ ငါးကို အရိုးများမပါအောင် အသားဖျင်ပေးပါ။ အသားများကိုသတ်သတ်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို ဖယ်ကာသိမ်းထားပေးပါ။

IMG_0003
ငပိကို ရေ လီတာဝက်ဖြင့်ပွက်အောင်ကျိုပေးထားပါ။ ပွက်ရင် မီးဖိုပေါ်မှဖယ်ပေးပါ။ ငပိက ကြာကြာကျိုရင် ခါးတတ်ပါတယ်ရှင်။

မုန့်တီအရည်လုပ်ရအောင်
သိမ်းထားတဲ့ ငါးပြုတ်ရည်ကို ရေ၂လီတာ ထဲ့ပြီးပွက်လာပါစေ။ ကြက်သွန်ဖြူများထဲ့ပါ။ ပွက်လာရင် ကျိုထားတဲ့ ငပိကို စားပွဲတင် ၃ဇွန်းခန့်ချန်ကာဇကာစစ်ကာ ထဲ့ပေးပါ။ ပဒဲကောထဲ့ပါ။ အရသာမှုန့်၊ ဆား ထဲ့ပေးပါ။ နောက်တခါပွက်ပြီဆိုရင် ငရုတ်ကောင်းခတ်ပေးပါ။
ကျမကတော့ ငံပြာရည် နဲနဲ စားပွဲတင် ၂ဇွန်းခန့်ထဲ့ပါတယ်။
ပြုတ်ရည်ရပါပြီ။

IMG_0006
ငါးအသားများကို ခြောက်နေအောင် ၂ခါ ၃ခါ အရည်ညှစ်ထားပါ။ ရလာတဲ့ ငါးအချိုရည်ကို သိမ်းထားပါ၊ အသုတ် သုတ်တဲ့အချိန်မှာပြန်သုံးနိုင်ပါတယ်။
အသားများကို ဆီပါလေကာတွင် ဆနွမ်းနဲနဲ ထဲ့ပြီး ခြောက်နေအောင်လှိမ့်ပေးပါ။

IMG_0006
အချဉ်ရေလုပ်ရန်
မရမ်းသီးအခြောက်ကိုပြုတ်ထားပါ။(မရှိရင် မကျည်းသီးရေနွေးဖျောသုံးပါ) ငရုတ်သီးစိမ်း ၁၅ တောင့်ပြုတ်ပြီးကို ညှပ်၍၎င်း ထောင်း၍၎င်း ပြုလုပ်ကာ ချန်ထားသော ငပိပြုတ်ရေကိုရောပါ။ ခြောက်နေအောင်လှိမ့်ထားသောငါးအမှုန့်စားပွဲတင် ၁ဇွန်းရောပါ။ အချဉ်ရည်ရပါပြီ။
အာလူးကိုပြုတ်ပြီး ခြေထားပါ။

ကျမက အသုတ်ထဲ ထဲ့ရန် စစ်တွေရခိုင်တွေသုံးသလို ငရုတ်အရောင်တင်မှုန့်ကို ဆီသတ်ထားတဲ့ ဆီနီနီလေးလဲလုပ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီသတ်ထားပါ။
နံနံပင် ရေဆေးကာချွေထားပါ။ ကြက်သွန်နီပါးပါးလှီးထားပါ။
ပဲကြော်၊ ငါးဖယ်စတာတွေကတော့ ကြိုက်နှစ်သက်သလိုထဲ့ပါ။ ( တကယ်တမ်း ရခိုင်မုန့်တီမှက ပဲကြော်၊ ငါးဖယ် အဲဒါတွေ မပါ ပါဘူး)

IMG_0005

အရည်သောက်ပွဲပြင်တဲ့
မုန့်တီဖတ်ကို ပန်းကန်တစ်ခုထဲ့ပြီး ငါးအခြောက်မှုန့်ဖြူး၊ ငရုတ်ရည်၊ ကြက်သွန်ဆီသတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကို ထည့်ပြီ အပေါ်မှ မုန့်ဟင်းရည်ဆူဆူကို လောင်းထည့်လိုက်ပါ။
နံနံပင်အုပ်ပြီး စားလို့ရပါပြီ။

IMG_0049

အသုတ်သုတ်စားရအောင်
မုန့်တီဖတ်ကို တပွဲစာ ဇလုံတခုမှာထဲ့ ငရုတ်အရည်(စပ်စပ်သုတ်ရင်များများထဲ့ပါ)၊ ငါးအသားခြောက်မှုန့်နဲနဲ ၊ ဆီနီ ၊ ငံပြာရည်၊ အရသာမှုန့်၊ ကြက်သွန်နီဆီကျက် ၊ အာလူး၊ ပုဇွန်ခြောက်(ကြိုက်ရင်ထဲ့) ၊ ငါးအသားညှစ်တုန်းက အချိုရည် အနဲငယ် တို့ဖြင့်ရေရွှဲရွှဲသုတ်ပေးပါ။ နံနံပင်အပေါ်ကဖြူးပြီး ပဲကြော်၊ ငါးဖယ် တို့ကြိုက်ရင်ထဲ့ကာစားနိုင်ပါပြီ။ ပဲမှုန့်ကတော့ ရခိုင်မှာ မထဲ့ပါတဲ့ရှင်။

IMG_0010 IMG_0017

Image

တိုင်ကပ်မှိုထောင်း


တိုင်ကပ်မှိုထောင်း
IMG_0098
       ဒီမှိုထောင်းကို ကျမက ရေးပြချင်လွန်းလို့ ပြင်သစ်က လင်းက ရှားရှားပါးပါး လှမ်းပို့ရှာတယ်။ ကျမ တို့လင်မယား အသိမ်းလွန်းသလား ၊ ပါဆယ်ပုံးနဲ့အတူ ပစ်လိုက်မိသလား မသိပဲ အဲဒီမှိုထုပ်လေး လုံးဝပျောက်သွားပါရော။ ငိုမလို ရီမလို နဲ့ ကျမ က ပြင်သစ်ကို ဖုံးဆက်တော့ သဘောကောင်းသူလေးက ပြန်ပို့ပေးရှာတယ်။ ဒီနည်းလေးကိုလဲ စိတ် ရှည်ရှည်နဲ့ သင်ပေးပါတယ်ရှင်။ ဒီမှိုလေးက ရှမ်းပြည်ဘက်မှာ တိုင်တွေပေါ်မှာ သဘာဝ အလျောက်ပေါက်တာမို့ တိုင်ကပ်မှိုလို့ ခေါ်တာပါတဲ့။ ဒီမှာတော့ အခြောက်လှန်းထားတာကို သုံးရတာပါ။ ရေက တော့ တော် တော် ဆေးယူရတယ်၊ သဲစင်အောင်လို့ပါ။
မှိုထောင်းလေးလုပ်နည်းရေးပါမယ်နော်
ပါဝင်ပစ္စည်းများ
-တိုင်ကပ်မှို အခြောက် လက်တဆုပ်စာ
-ဖက်ဖယ်ရွက် အနဲငယ်
-ရှမ်းနံနံအနဲငယ်
– နံနံပင်အနဲငယ်
-ကြက်သွန်ဖြူ ၃မွှာ
-ပင်စိမ်းအနဲငယ်
-ငရုတ်သီးစိမ်း ၅တောင့်
-ဆား ၂ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့် ၂ဇွန်း ( အချိုဇွန်း)
                မှိုအခြောက်လေးတွေကို တည ရေစိမ်ထားလိုက်ပါတယ်။ နောက်တနေ့ မနက်မှာ မှိုကို ရေစိမ်ပြီးသကာလ သန့်နေ မှ ဖြစ်မှာမို့ အထပ်ထပ်အခါခါ ဇကာခြင်းလေးနဲ့ ရေကို ထပ်ကာ ထပ်ကာ ဆေးပြီး သဲစင်အောင် ပြုလုပ်ရပါတယ်။ ရေဇလုံထဲ ပြန်ထဲ့ ရေပြန်စစ် နဲ့ ပျင်းနေအောင်တော့ ဆေးရပါမယ်နော်…
IMG_0015
သန့်စင်ပြီးမှိုလေးတွေကို ရေပွက်ပွက်ဆူမှာ ၅ မိနစ်ပြုတ်ပါတယ်။ ပြုတ်နေစဉ်မှာ ဆား၊ အသားမှုန့်တို့ ကို တဇွန်းစီ အနဲငယ် ထဲ့ပြုတ်ခြင်းဖြင့် မှိုကို အရသာဝင်စေပါတယ်ရှင်။
ပြုတ်ပြီးရင် ရေခဏစစ်ထားပါ
ထောင်းနည်း ။
 ကြက်သွန်ဖြူအနဲငယ်နဲ့ ငရုတ်သီးစိမ်း ကို ဆား၊ အသားမှုန့်ထဲ့ကာ ညက်အောင်ထောင်းပါ ပြီးရင် ရှမ်းနံနံနဲ့ ဖက်ဖယ်၊ နံနံပင် စင်းကာ ထဲ့ထောင်းပြီး ရေစစ်ထားတဲ့
မှိုကို နောက်ဆုံးမှာ ထဲ့ထောင်း ညက်ပြီဆိုရင်ဖြင့် စားရန်အသင့် တိုင်ကပ်မှို ထောင်း လေးရပါပြီရှင်
IMG_0062 IMG_0066 IMG_0098
 အရသာ အပေါ့အငံ လိုသလို ချိန်ဆထဲ့ပါ။ စားနေစဉ် မှိုအရသာက ထုတ်ထုတ်လေးဖြစ်ပြီးစပ်စပ်မွှေးမွှေးလေးနဲ့ စိမ့်နေသောကြောင့် စားလို့အလွန်ကောင်းပါတယ်ရှင်။
Image

ကယားတောင်ယာဟင်း


IMG_0058_2
ဒီ အရည်သောက်ဟင်းလေးက စပ်စပ်လေးနဲ့ အလွန်ကောင်းပါတယ်။ ကယားလူမျိုးတွေရဲ့ ရိုးရာ ကယားတောင်ယာဟင်းလို့ခေါ်ပါသတဲ့။ ခုလိုမိုးကျချိန်ဆို  တောင်ယာလုပ်ရင်း အနီးအနားက ချောင်းတွေမြောင်းတွေမှာ မျှားလို့ ရတဲ့ ငါးသေးသေးလေးတွေကို ဆားနဲ့နယ် ဝါးတံမှာထိုးပြီး ဟင်းချိုချက်ရင်း ချက်နေတဲ့ မီးဖိုမှာ ကင်ပြီး စားတာပါ. ထမင်းပူပူ ဟင်းပူပူ က ကယားလူမျိုးတွေအဖို့ အလွန်ခံတွင်းမြိန်စေမယ်ဆိုတာသေချာပါတယ်ရှင်။
မှတ်ချက် – ကျမဒီဟင်းချက်နည်းရေးချင်လွန်းလို့ မလေးရှားက မချောစု (သုခိတာချော) ကိုအပူကပ်သလို ဒီ မှာသုံးဖို့ ဖရုံညွန့်ကို လန်ဒန်ပြန်လာမဲ့ ကျမတို့ တမိသားစုလုံး ကိုးကွယ်တဲ့ ဘုန်းဘုန်းကို ၂ရက်အလိုဖုန်းဆက်ပြီးမှာထားရတာပါ။ အမေတော့ဒီဟာဖတ်ရင်း အိသက်တော့ ဘုန်းကြီးကို ငါမသိအောင် အပူကပ်လိုက်ပြီလို့ တွေးနေမှာ အမှန်ပါပဲ။ ဘုန်းဘုန်းက သယ်လာတာ တထုပ်ကြီးပဲ ။ကြော်တောင် စားလိုက်သေးတယ်။
ပါဝင်ပစ္စည်းများ
-အာလူး အရွယ်တော် ၄-၅ လုံး
-ဖရုံရွက် ၃၀၀ ဂရမ်ခန့်
-ကြက်သွန်ဖြူ ၄မွှာ
-ဂျင်း လက်တစစ်
-ဆား ၁ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့် ၂ဇွန်း (အချိုဇွန်း)
-ငရုတ်သီးစိမ်း ၂တောင့်
-မက်ခါးသီး အနဲငယ်(မရှိရင် ထဲ့စရာမလိုပါ)
အာလူး ကို လက်တစစ်အရွယ်လေးများတုံးထားပါ။  ဖရုံရွက်ကိုသင်ကာ ပြင်ဆင်ရေဆေးထားပေးပါ။ ဖရုံရွက်က သေချာဆေးပေးပါ။ မဟုတ်ရင် သဲကျန်တတ်ပါတယ်။
ကြက်သွန်ဖြူနဲ့ ဂျင်း ကို ထောင်းထား ပါ။
IMG_0008 IMG_0015 IMG_0012
အိုးထဲမှာ ဆီနဲနဲနဲ့ ကြက်သွန်ဖြူ၊ ဂျင်းထောင်းကို ဆီသတ် ပြီး အာလူးအတုံးလေးများ ထည့်မွှေပေးပါ။ .ဆား နဲ့ ကြက်သားမှုန့်ထည့်မွှေ ပါ။
ဆီနဲ့ လုံးပြီးလို့ ခြောက်လာရင် ရေ ထည့်ပြီး အာလူးနူးအောင် အဖုံအအုပ်ထားပါ။ နူးလာတဲ့ အာလူးတွေကို ဇွန်းနဲ့ခပ်သာသာလေး ခြေပေးပါ .. IMG_0017
အစိတ်ကွဲရုံသာသာလေးခြေပါ ..
ရေ လီတာဝက်ခန့်ထပ်ထည့်ပြီး ဆူအောင်တည်ပါ ..
ဆူလာပြီ အာလူးနူးပြီဆို ဖရုံရွက် ခပ်ပါ .. ငြုတ်သီးစိမ်းထောင်းပြီး ထည့်ပါ .. ( ကယားတွေက မက်ခါသီးအရမ်းကြိုက်လို့ ငြုတ်သီးနဲ့ တူတူ မက်ခါသီးလည်းထောင်းထည့်ပါတယ်တဲ့)
 IMG_0018
အပေါ့ အငန် မြည်းပြီး ၁ မိနစ်လောက် ဆို ရပါပြီ။ ဖရုံညွှန့်က စိမ်းစိမ်းလေးမှ စားကောင်းလို့ ၁ မိနစ် ၂ မိနစ်လောက် ဆူရင် ရပါပြီ ..
  အဲဒီဟင်းပူပူကို ငြုတ်သီးထောင်း ( ငြူတ်သီးစိမ်း + မက်ခါသီး + ဆား အထောင်း ) နဲ့ လယ်ငါးခူကြော်လေးနဲ့စားရင် ထမင်းအရမ်းမြိန်ပါတယ်တဲ့ ။ ချက်ဖြစ်အောင်ချက်စားကြည့်ရမဲ့ အရသာရှိသော တိုင်းရင်းသားဟင်းတခွက်ပါ။
IMG_0021
ခုလိုမိုးကျချိန်ဆို  တောင်ယာလုပ်ရင်း အနီးအနားက ချောင်းတွေမြောင်းတွေမှာ မျှားလို့ ရတဲ့ ငါးသေးသေးလေးတွေကို ဆားနဲ့နယ် ဝါးတံမှာထိုးပြီး ဟင်းချိုချက်ရင်း ချက်နေတဲ့ မီးဖိုမှာ ကင်ပြီး စားတာပေါ့နော် .. ထမင်းပူပူ ဟင်းပူပူ က အလွန်ခံတွင်းမြိန်စေတယ် .. IMG_0055
Image

ငါးချဉ်ပေါက်ဟင်း( ရခိုင်ဟင်း)


ငါးချဉ်ပေါက်ဟင်း( ရခိုင်ဟင်း)

IMG_0047
ဒီငါးချဉ်ပေါက်ဟင်းကို ကျမ အမျိုးသား အလွန်နှစ်သက်ပါတယ်။ များသောအားဖြင့် သူက ငါးကို ကြော်ရင်ကြော် မကြော်ရင်ပေါင်း စသည်ဖြင့်စားလေ့ရှိပြီး ငါးဟင်းကိုတော့ ငါးမြင်းဟင်းကိုသာ ဂဂျီဂဂျောင်မကျပဲ စားလေ့ရှိပါတယ်။ ဒီ ငါးချဉ်ပေါက်ဟင်းကိုတော့ သူက တော်တော်လေး ကြိုက်ပြီး သင်ပေးတဲ့ အန်တီကိုလဲ ကျေးဇူးတင်ကြောင်းပြောခိုင်းတာပါ။ငါးကတော့ ကကတစ်၊ ကကူရံ တို့နဲ့ ချက်တာအကောင်းဆုံးလို့ပြောပါတယ်။ အရည်ကျဲကျဲလေးနေနဲ့ သောက်စမ်းချဉ်ရည်လေးတမျိုးပါရှင်။
ပါဝင်ပစ္စည်းများ
-ငါးအသားဆူဆူ တကောင် ၅၀၀ ဂရမ်ခန့်
-ကြက်သွန်နီ တလုံးကြီးကြီး
-ငပိ စိမ်းစား ၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ပါလေကာ ဇွန်း ၃ပုံ ၁ပုံ (အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
-မကျည်းသီး(သို့) မရမ်းသီးခြောက် ကိုရေစိမ်ထားပါ။
-ငရုတ်သီးစိမ်း ၅ တောင့်ခန့်
-နံနံပင်
ငါးများကို သန့်စင်ပြီး အတုံးညီညီ တုံးထားပေးပါ။ ဆားနယ်ထားပါ။
ကြက်သွန်နီကိုပါးပါးလေးများလှီးထားပေးပါ။ ငရုတ်သီးစိမ်းလေးများကို ထက်ခြမ်းခွဲထားပါ။ ငါး၊ကြက်သွန်၊ဆနွမ်း၊ ငပိ ကိုရေဖျောထားတာတို့ကို အိုးထဲ ဆီပါလေကာ ထဲ့ပြီး မီးဖိုပေါ်တွင်လုံးပေးပါ။

IMG_0001

၃ မိနစ် ခန့်အကြာမှာ အသားမှုန့်၊ ရေ ၁၀၀ ဂရမ်ထဲ့ပြီး အဖုံအုပ်ထားပေးပါ။

IMG_0002

 

ဆူလာရင် မကျည်းရေ( သို့) ရေစိမ်ထားသော မရမ်းသီးခြောက် ၄ –
၅ပြားကိုရော စိမ်ထားသောရေပါလောင်းထဲ့ပါ။ (မကျည်းရည် သုံးမယ်ဆိုရင် အချဉ်ကို လိုချင်သလောက်ချိန်ထဲ့ပါရှင်)။ ရေပြန်ပွက်လာတာစောင့်ပြီး ငရုတ်သီးစိမ်း ထက်ခြမ်းကွဲများ ထဲ့ပါ။

IMG_0003

အရသာအပေါ့အငံမြည်းကာ မီးပိတ်ပြီး နံနံပင် ခတ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ငရုတ်နံ့မွှေးမွှေး ငါးချဉ်ပေါက် ရခိုင်ရိုးရာဟင်းတခွက်အဆင်သင့်စားသုံးနိုင်ပါပြီရှင်။

IMG_0005