Image
ငါးစီဖောင်းပဲငပိဟင်း
IMG_0066
ငါးစီဖောင်း ပဲငပိဟင်း ငါးစီဖောင်းကို အသုတ်အနေနဲ့၊ ဟင်းချိုအနေနဲ့ စားကြပါတယ်။ ဟင်းချက်ပြီး စားရင်လည်း အလွန်ကောင်းပါတယ်။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ ဒီဟင်းက ကျွန်မ လန်ဒန်မှာ ကတည်းက ချက်ထားတဲ့ဟင်း ဖြစ်တာကြောင့် ကျွန်မကတော့ ငါးစီ ဖောင်းကို အခြောက်လေးတွေကို ပြုတ်ပြီးသုံးရပါတယ်။
ပါဝင် ပစ္စည်းများ — —
-ငါးစီဖောင်း ၃ဝဝ ဂရမ်
– ကြက်သွန်နီ (၁) လုံး
– ကြက်သွန်ဖြူ ၂ မြွှာ
-ဂျင်း လက်တစ်ဆစ်
-ငရုတ်ကောင်း ဇွန်းဝက် (အချိုဇွန်း)
-ငရုတ်သီးအနီတောင့် (၁ တောင့်) အနီအစား၊ အစိမ်းလည်းသုံးလို့ရပါတယ်။ စပ်ရင်ရပါပြီ။
-ခရမ်းချဉ်သီး (၁) လုံး
-ပဲငပိဆော့စ် (၁) ဇွန်း (စားပွဲဇွန်း)
ငါးစီဖောင်းလေးများကို ပြုတ်ထားပေးပါ။ ရေစစ်အောင် ညှစ်ထုတ်ထားပေး ပါ။ ကြက်သွန်နီကို ခပ်ကြမ်းကြမ်း အတုံးလေးများဖြစ်အောင် လှီးထားပါ။ အဖြူ ကိုတော့ ဓားပြားရိုက်ထားပေးပါ။ ဂျင်းကို ပါးပါးပြားပြားလေးများ လှီးပေးပါ။ ငရုတ်သီးကို ပါးပါးလှီးကာ သေးသေးနုပ်နုပ်လေးများ လှီးထားပါ။ ခရမ်းချဉ်သီးကို အတုံးလေးများ လှီး ထားပါ။
IMG_0042
ဒယ်တစ်လုံးထဲမှာ ဆီကိုပူနေအောင် ထည့်ပါ။ အငွေ့ထွက်သည် ပူလာရင် ကြက်သွန်များ၊ ဂျင်းများကို ငါးစီဖောင်းများနဲ့အတူ ထည့်ပြီးကြော်ပါ။
IMG_0043
၂ မိနစ်အကြာမှာ ပဲငပိဆော့စ်ထည့်မွှေပါ။ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းများလည်း ရောမွှေပေးပါ။
IMG_0045
ရေနွေး၊ ဆား၊ အသားမှုန့်စတာတွေကို လိုအပ်သလို ထည့်နိုင်ပါတယ်။ ရှာလကာရည် (သို့) ရှောက် ရည် (သို့) သံပုရာစတဲ့ အချဉ်တစ်မျိုးမျိုးကို နောက်ဆုံးပါထည့်ပြီး။ ငရုတ်ကောင်း နောက် ဆုံးဖြူးပေးပြီး ထမင်းပူပူဖြင့် သုံးဆောင်နိုင်သလို အေးတဲ့ရာသီမှာ အိမ်ဦးနတ်အတွက် အမြည်းတစ်ခွက်လည်း ဖြစ်စေပါတယ်။
IMG_0046 IMG_0047
Advertisements
Image
ယူနန် ကော်ရည်ခေါက်ဆွဲ
ယူနန် ကော်ရည်ခေါက်ဆွဲ
IMG_0250
ယူနန်ကော်ရည်ခေါက်ဆွဲကို လန်ဒန်မြို့က အကြာကြီး မြန်မာပြည်မှာ အခြေ ချဖို့ ထွက်ခါလာခါနီးမှာ ကျွန်မရဲ့ မိတ်ဆွေ တရုတ်လူမျိုးလည်းဖြစ် မြန်မာလူမျိုးလည်း ဖြစ်တဲ့ မမော်က ချက်ကျွေးလိုက်တာပါ။ သူခမျာ ကျွန်မက ရှောင်တခင် လာမယ်ဆိုတာကို ပြောပြီးပြီးချင်း ထချက်တာမို့ပေပဲ အလွန်စားကောင်းလှပါတယ်။ ကျွန်မတို့ လင်မယား ကတော့ အလွန်ကြိုက်ပါတယ်။ အဲဒါလေးကို မေးခဲ့ပြီး ခဏခဏ လုပ်စားဖြစ်ပါတယ်။ လုပ်ရတာ လွယ်ပေမဲ့ အမယ်တော့ များပါတယ်။
ပါဝင်ပစ္စည်းများ
ဝက်ပေါင်ခြောက် (တရုတ်ဆိုင်က ဝက်ပေါင်ခြောက်) ၅၀သား
ဝက်အူချောင်း – ၅၀သား
ဝက်သား -က ၅၀သား
ရှီတာကီမှို -၄ ပွင့်
ပဲလိပ်ခြောက် -၄-၅ ချောင်း
ပန်းခြောက် – အနည်းငယ်
ပြောင်းကော်မှုန့် – ၁ဝ ဇွန်း
မုန်လာဥနီ – ၁ ချောင်း
ကြက်သွန်ဖြူနှစ် – ၁ ဇွန်း (စားပွဲဇွန်း)
ခရမ်းချဉ်သီး အသေးလေးများ – ၇ လုံးခန့်
ကြက်ဥ – ၂ လုံး
ကြက်ပြုတ်ရည် – ၁ လီတာ
chiili bean sauce – ၃ဇွန်း( စားပွဲတင်)
ပဲငံပြာရည်အနောက် – ၁ ဇွန်း (စားပွဲဇွန်း)
ပဲငံပြာရည်အချို – ၂ ဇွန်(စားပွဲဇွန်း)
ဝက်ပေါင်ခြောက်၊ ဝက်သား၊ ဝက်အူချောင်းတို့ကို ပါးပါးလေးများ လှီးပြီး ကြော် ထားပါ။
IMG_0194 IMG_0191 IMG_0188 IMG_0189
မှို၊ ပဲခြောက်၊ ပန်းခြောက်တွေကို ရေစိမ်ထားပြီး ပျော့လာရင် သေးသေးလေး တွေလှီးစိတ်ထားပါ။ ပြီးရင် ဆီပူတစ်ချက်ထိုးရုံကြော်ပေးထားပြီး ဆယ်ထားပါ။
IMG_0195 IMG_0197 IMG_0187 IMG_0204
ကြက်ဥကို မွှေကြော်ထားပါ။ ကော်ရည်ဖျော်ထားပါ။
IMG_0220 IMG_0190
တည်မယ့်အိုးထဲမှာ  chilli bean sauce နဲ့ ကြက်သွန်ဖြူနှစ်ကို ခဏတည်ပါ။ ဒီအချိန်မှာ ရှောက်ကောပတ်ကော (ဖာလာကြီးစေ့နဲ့ နာနတ်ပွင့်)ထည့်ပြီး ဆီသတ်ပါ မွှေးပါတယ်။
IMG_0212 IMG_0214
ကြော်ပြီးသား အဆာပလာတွေကို ထည့် ခဏနေ ကြက်ပြုတ်ရည်ထည့်ပါ။
IMG_0216
ကော်ရည်လောင်းထည့်ပြီး ပဲငံပြာရည်များထည့် အသားမှုန့်ထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။
IMG_0222
နောက်ဆုံးမှာ တရုတ်မဆလာဖြူးပေးပါ။
အရည်ပြီးသွားရင် ဂျုံခေါက်ဆွဲပြားကို ပြုတ်ပြီး မြေပဲကြော်၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးကြော်၊ ကြက်သွန်မြိတ်ပါးပါးလှီး၊ နံနံပင် ပါးပါးလှီးတို့ဖြင့် မွမ်းမံကာ စားသုံးရင်ဖြင့် အလွန်အရသာရှိပါတယ်။
IMG_0233 IMG_0270
Image
ဘဲဥအငံဝက်သားပေါင်း
ဘဲဥအငံဝက်သားပေါင်း
IMG_0097
ကြက်ဥဝက်သားပေါင်းလေးက ကျမ သားသမီးတွေရဲ့ အကြိုက်ပါ။ ရန်ကုန်တရုတ်တန်း19လမ်းကမောင်ကောင်လိုဆိုင်တွေမှာရနိုင်ပါတယ်။ ကျမ သားနဲ့ သမီးစားဖို့ရာ လုပ်ရတာမို့ သူတို့မစားတဲ့ ကြက်သွန်မြိတ်ကို ဒီ မှာ မထဲ့ထားပါဘူးနော်။ လုပ်နည်းလေးကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဝက်သား ဓားနုတ်ပေါက် ၄၅၀ ဂရမ်
-ကြက်ဥ ၃လုံး
-ပဲငံပြာရည်အချို ၁ဇွန်းခွဲ (အချိုဇွန်း)
-သကြား ၂ဇွန်း(အချိုဇွန်း)
-ဆား ဇွန်း ၃ပုံ ၁ပုံ(အချိုဇွန်း)
-ငရုတ်ကောင်း ၁ဇွန်း (အချိုဇွန်း)
-ဆားဘဲဥ တလုံး
IMG_0062 IMG_0063
 ပေါင်းမဲ့ခွက်လေးထဲကို ထဲ့ပါ။
IMG_0066အဲဒီအပေါ်ကမှ ဆားဘဲဥခလောက်ထားတာကို တင်ပါတယ်။ ဆားဘဲဥ သဘောက ခွဲလိုက်ရင် အကာက အရည် အနှစ်က အခဲဖြစ်နေတတ်ပါတယ်။
IMG_0076 IMG_0077
အဲဒါကို ထိုးချေကာ အကာနဲ့မွှေပြီးမှ အပေါ်ကဖြန့်တင်ပါတယ်။   ပြီးရင်ရေနွေးနဲ့ ၄၅ မိနစ်ခန့် ပေါင်းပါတယ်။..အထဲကကျက်မကျက်ကို ခရင်းလေးနဲ့ထိုးကြည့်ပါတယ်။ အသားကျက်ရင် ဖြူဖြူလေးဖြစ်နေပါပြီနော်။
IMG_0074
IMG_0078
မှတ်ချက် – ဆားဘဲဥအငံဓာတ်ကြောင့် ဆားလျှော့ထဲ့ပါတယ်ရှင်။ ဆားဘဲဥက မကြိုက်ရင် မထဲ့လဲရပါတယ်နော်။
ဝက်ပေါင်ခြောက်လုပ်နည်း
IMG_0050ဝက်ပေါင်ခြောက်လုပ်နည်း
Facebook မှာ ဝက်ပေါင်ခြောက်လုပ်နည်းလေးမေးထားတာ တွေ့ကတည်းက ကျမ ရေးပေးချင်နေတာပါ။ ကျမ လဲအလွန်ကြိုက်လို့ ကျမအမက ဝယ်ပြီးပို့ပေးရပါတယ်။ တံပိုးထက်လက်ခကြီး အမြဲဖြစ်ရပါတယ်။ အခုလုပ်တတ်သွားပြီးဆိုတော့ ဝယ်ပို့စရာမလိုတော့ဘူးပေါ့နော်။မေးထားတဲ့ညီမလေးလဲ ကျေနပ်နိုင်ပါစေနော်။ လုပ်နည်းကလွယ်လွယ်လေးပါနော်။ဘာမှလဲသိပ်ထွေထွေထူးထူးမလိုဘူးလေ။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဝက်သားဓားနုတ်ပေါက်ပြီးသားများ ၅၀၀ ဂရမ်
– five spice powder (တရုတ်မဆလာ) – စားပွဲတင်ဇွန်း ၁ ဝက်
-ငရုတ်ကောင်း – စားပွဲတင်ဇွန်း ၁ဝက်
-သကြား ၃ဇွန်း (စားပွဲတင်)
-ငံပြာရည် ၂ဇွန်း(စားပွဲတင်)
-ပဲငံပြာရည်အကြည် ၁ဇွန်း(စားပွဲတင်)
-ဟင်းချက်ဝိုင် ၂ဇွန်း(စားပွဲတင်)
-နှမ်းဆီ ဇွန်းဝက်(စားပွဲတင်)
အရောင်နီတာကြိုက်ရင်တော့ အသားထဲ ထဲ့အရောင်အနီဝယ်လို့ရရင် အနဲငယ်ထဲ့နိုင်ပါတယ်။
-ပျားရည် ၃ဇွန်း(စားပွဲတင်)
IMG_0021 IMG_0022
စစချင်း အသားရယ် ပျားရည်ရယ်ကလွဲလို့ ကျန်တာတွေကိုနှံ့အောင် ရောမွှေလိုက်ပါ။
IMG_0023
IMG_0024_2
အဲဒီအရောထဲကို အသားကိုထဲ့ ပြီးနှံ့အောင်နယ်ပေးပါ။ အရောင်နီတာကြိုက်ရင်တော့ အသားထဲ ထဲ့အရောင်အနီဝယ်လို့ရရင် အနဲငယ်ထဲ့နိုင်ပါတယ်။အဖုံအုပ်ပြီး ရေခဲသေတ္တာထဲ ၂နာရီခန့် ထားပေးပါ။
IMG_0025
နယ်ပြီးသားအသားများကို non stick baking sheet အပေါ် (သို့) မုန့်ဖုတ်ရင်မကပ်တဲ့ ဗန်းပေါ်တင်လိုက်ပါ။ cling film ပလက်စတစ်အကြည်ကို အပေါ်ကအုပ်ပြီး ဒလိမ့်တုံးလေးနဲ့ ပြားပြားလေးဖြစ်အောင် လိုက်လှိမ့်ပေးပါ။အထူအပါး ညီပါစေ။ အဲလိုညီအောင်လှိမ့်ပေးပြီးရင် ပလက်စတစ်ကို ခွါလိုက်ပါ။
IMG_0026 IMG_0027 IMG_0028
ကြိုတင်အပူပေးထားတဲ့ oven မှာ ၁၈၀ အပေါ်မီးနဲ့ တဖက်စီကို ၄၅မိနစ် ခန့် ကင်ပါ။ထွက်လာတဲ့ အရည်များကို ဘန်းကိုစောင်းပြီးသွန် ပေးရပါမယ်။ နှစ်ဖတ်လုံးကင် ပြီးရင် အသားကျက်ပါပြီ။
IMG_0029 IMG_0030
အဲဒီလို ပြီးရင် မူလဗန်းပေါ်ကနေ သံစင်ပေါ်ပြောင်းပေးပါ။ (ဒီနေရာမှာ သံစင်ပေါ်မပြောင်းပဲ မူလတင်ထားတဲ့ဗန်းနဲ့ဆက်လုပ်လို့ရပါတယ် ။ ပျားရည်သုတ်တော့မှာမို့ ပိုသပ်သပ်ရပ်ရပ်နဲ့ ဟိုကပ်ဒီကပ် မကပ်အောင် ပြောင်းတာပါ) ။ပြောင်းပြီးရင် မျက်နှာပြင်တဖက်စီကို ပျားရည်  နှံ့အောင်သုတ် ပြီး ၁0မိနစ်စီ oven ထဲ့ထားပေးပြီးရင် နီရဲလာကာ အဆင်သင့်ဖြစ်ပါပြီ။
IMG_0033 IMG_0034 IMG_0036
လိုသလို အရွယ်လေးများ ညှပ်ကာ အရသာရှိရှိစားနိုင်ပါပြီ။ အခု လတ်တလောခောတ်စားနေတဲ့ မာလ ဝက်ပေါင်ခြောက်လို စပ်စပ်လေးလိုချင်ရင်တော့ အသားနယ်တဲ့အခါစီးချွန်အနှစ် တဇွန်းလောက်ထဲ့ပါနော်။
IMG_0042 IMG_0050
အဆင်ပြေပြေ လုပ်စားနိုင်ပါစေရှင်
ဂဏန်းခွက်ကြော်
ဂဏန်းခွက်ကြော်
049
ကျမ အရမ်းကြိုက်တဲ့အစားအစာဆို အိမ်မှာ ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒီဂဏန်းခွက်ကြော်ကို ကျမစားဖူးတာ ရန်ကုန်က ယောက်လမ်းထဲက ဆိုင်လေးတဆိုင်မှာပါ။ ကျမအကို ဝမ်းကွဲ ကိုကြီးထွန်းက လိုက်ကျွေးဖူးတာပါ။ သူတို့ကလူပျိုအရွယ်တွေဆိုတော့ ခဏခဏသွားမှာပေါ့။ ကျမငယ်ငယ်ပဲရှိပါသေးတယ်။ သူတို့ စိတ်လိုလို့ခေါ်တဲ့အခါဆို လိုက်ရတာပေါ့လေ။ ဆိုင်နံမည်လဲ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ Mother House ဆိုလား။အဲဒီ ထဲက အရမ်းကြိုက်တာ။ ကြုံရင်လဲ ကြုံသလိုစားဖြစ်ပါတယ်။ ဒီမှာတော့ကိုယ်တိုင်လုပ်စားရတာပေါ့နော်။
ပါဝင်ပစ္စည်းများ ( ၅ခုစာ)
-ဂဏန်းသား ၇၀ ဂရမ်
-မုန်လာဥနီ  ဓားနုတ်ပေါက် ၅၀ ဂရမ်
-ကြက်သွန်နီ ဓားနုတ်ပေါက် ၅၀ ဂရမ်
-ကြက်သွန်မြိတ် ပါးပါးလှီး ၁ပင်
-ကြက်ဥ၁လုံး
– bread crumbs ပေါင်မှုန့်ခြောက်၃ဇွန်း(စားပွဲတင်)
-ကော်မှုန့်  ၁ဇွန်း(အချိုဇွန်း)
-ဆားဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့် ၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
016
ဂဏန်းအခွံကို ခွါယူပါ။ ဂဏန်းကနေ အသား နွှာလို့ရသလို အသားချည်းပဲ ဝယ်လို့လဲရပါတယ်။ ကျမကတော့အသားချည်းပဲဝယ်ထားတာကိုသုံးပါတယ်ပါ။ အခွံကိုချွတ်ယူပြီး ဂဏန်းကိုဟင်းချက်စားပါတယ်။
ပထမဆုံး ကြက်သွန်၊ မုန်လာဥတို့ကိုဆီနဲနဲ နဲ့ကြော်ပေးပါ။
019 020
၂မိနစ်ခန့်ကြော်ပြီး ဂဏန်းသားထဲ့ကြော်ပေးပါ။ ၂မိနစ်ခန့်ဆက်ကြော်ပြီးရင် ငရုတ်ကောင်း ကြက်သွန်မြိတ် ရောပါ။  ကြော်ပြီးသားအရောများကိုကြက်ဥ၊ ကော်မှုန့်၊ bread crumbs ပေါင်မှုန့်ခြောက်  ၊ ကြက်သားမှုန့်၊ ဆားတို့နဲ့ရောမွှေပေးပါ။  အဲဒီအရောကို ဂဏန်းအခွံလေးများထဲဖြည့်ပေးပါ။ အရမ်းပြည့်နေစရာမလိုပါဘူး။ ကြော်လိုက်ရင် အနဲငယ်ဖောင်းကြွလာမှာမို့ပါ။
023 027 028
ဆီပူထဲကို ဂဏန်းအခွံဘက်ကို အောက်ဖက်ထားပြီး ကြော်ပါ။ အပေါ်ကို ဆီပူအနဲငယ်စီ လောင်းပေးပါ.၁မိနစ်ခန့်ကြော်ပြီးရင် ၁ဖက်ကိုလှန်ပြီး မိနစ်ဝက်ခန့်ကြော်ပေးပါ။ ဒါဆိုရင် ဂဏန်းခွက်ကြော်ပူပူလေးကို အရသာရှိရှိ နှစ်သက်ရာ အချဉ်ရည်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။
031 032
049
ထမင်းပေါင်း
069
ထမင်းပေါင်း ကို မကြာခဏ လုပ်စားဖြစ်ပါတယ်။ လွယ်လဲလွယ်ပါတယ်။ စားလို့လဲအလွန်ကောင်းပြီး လုပ်ရလွယ်လွန်လို့ အိမ်မှာကခဏ  ခဏ လုပ်စားဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေအများကြီးပါလို့ ကျန်းမာရေးအတွက်လဲ အလွန်သင့်တော်ပါတယ်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ( ၅ပွဲစာ)
-ကြက်သား ၂၀၀ ဂရမ် (၁၃ကျပ်သားခန့်)
-ပုဇွန်ကျား၁၅ကောင်
-ကြက်အသဲ ၁၀၀ ဂရမ် (၆ကျပ်သား)
-ငါးဖယ်လုံး ၅၀ ဂရမ် (၃ကျပ်သားခန့်)
-ပဲပြား ၅၀ ဂရမ် (၃ကျပ်သားခန့်)
ဟင်းသီးဟင်းရွက်များ(ကြိုက်နှစ်သက်ရာ)
-မုန်လာဥနီ – ၁၀ကျပ်သား
-ပြောင်းဖူး အသေး – ၁၀ကျပ်သား
-ဘိုစားပဲ – ၁၀ကျပ်သား
– မှို- ၅ကျပ်သား
-ပန်းဂေါ်ဖီ- ၁၀ကျပ်သား
-ဘရိုကိုလီ- ၁၀ကျပ်သား
-ငုံးဥ – ၁၂လုံး ( ပြုတ်ထား)
-မျှစ် – ၁၀ကျပ်သား(ပါးပါးလှီး)
-ခရမ်းချဉ်သီး – ၂လုံး (အစိတ်လေးများစိတ်ထား)
-ကြက်သွန်ဖြူ – ၂မွှာ(ဒါးပြားရိုက်)
– ကြက်သွန်နီ – ၁လုံး(ပါးပါး)
021
အရည်ပြုလုပ်ရန်
– ဆား –  ၂ ဇွန်း(အချိုဇွန်း)
– ကြက်သားမှုန့် – ၃ဇွန်း(စားပွဲတင်)
-ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း(စာပွဲတင်)
-ပဲငံပြာရည်အကြည် ၁ဇွန်း(စားပွဲတင်)
-ဟင်းချက်ဝိုင် ၂ဇွန်း(စားပွဲတင်)
-တရုတ်မဆလာ ၁ဇွန်း(အချိုဇွန်း)
-သကြား – ၂ဇွန်း(စားပွဲတင်)
-ကော်မှုန့်-၃ဇွန်း(စားပွဲတင်)
စစချင်း ကြက်သား၊ ကြက်သဲတို့ကိုဆားအနဲငယ် ဖြင့်နယ်ပြီး ရေစပ်စပ်ထဲ့ပြီး(ရေနဲနဲ) ပြုတ်ကာ ကျက်ရင် ဆီပူထိုးပေးပါ။ ကျွတ်သွားအောင်မကြော်ပဲအပေါ်ရံ ရဲရုံသာ ၁မိနစ်ခန့်ဆီပူထိုးတာကိုဆိုလိုပါတယ်။ ပုဇွန်ကိုလဲ အဲလိုပဲ ရဲရုံလေးကြော်ထားပါတယ်။ ငါးဖယ်လုံးများကတော့ reday made မို့ပါးပါးလှီးပေးထားပါ.
025
အရည်ပြုလုပ်ရန်အတွက်ပါဝင်ပစ္စည်းများကို ရေနွေးနွေး ၁လီတာဖြင့်ဖျော်ထားလိုက်ပါတယ်။
ဆီကို ဒယ်ထဲတွင် ပါလေကာ ထဲ့ကာ ကြက်သွန်နီ၊ ဖြူ တို့ထဲ့ ကြော်ကာ ရွှေဝါရောင်သန်းလာရင် မီးပြင်းပြင်းဖြင့် အသီးအရွက်များထဲ့ကြော်ပါ။
023
အသားများ၊ ငုံးဥများရောပါ။ ဖျော်ထားသော အရည်များကိုထဲ့ရောပြီး ဟင်းသီးဟင်းရွက်လေးများနူးကာ အရည်ပျစ်လာရင် တရုတ်မဆလာဖြူးလိုက်ပါ။
026
052
ထမင်းပူပူပေါ်တွင် အရည်များများဆမ်းကာ အသီးအရွက်ကြော်များ အသားများဖြူးကာ ကာပူပူလေးစားသုံးနိုင်ပါပြီ။
Crispy Aromatic Duck
ဒီရက်ပိုင်းဘာမှကိုမတင်နိုင်ဘူးဖြစ်နေတယ်။ မအားလို့ပါ။Blog  လေးကိုပစ်ထားတာလဲတော်တော်ကိုကြာပါပြီ။ ဒီနေ့တော့အိမ်မှာ ထမင်းမချက်ပဲ Crispy Aromatic  Duck လုပ်စားဖြစ်ပါတယ်။ အိသက် blog မှာ ပီကင်းဘဲကင် နည်းလဲတင်ပြီးသွားပါပြီ။ အဲဒီပီကင်းဘဲကင်နည်းလေးကတော့ ဒီတိုင်းထမင်းနဲ့ စားတဲ့ ဘဲကင်နည်းလေး ပေါ့နော်။ ခုလုပ်တာကတော့ပိုလွယ်ပြီး rice paper ( chinese pan cake ) နဲ့စားတဲ့နည်းလေးပါ။ တခါတလေတော့ ထမင်းလွတ်စားလို့အလွန်ကောင်းပါတယ်။ ကြည့်ရအောင်နော် လုပ်နည်းလေးကို
ပါဝင်ပစ္စည်းများ
-ဘဲအသားဆူဆူတကောင်
-five spice powder ၁ဇွန်း(စားပွဲတင်)
-သကြား၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ဆား၁ဇွန်း(စားပွဲတင်)
-ပျားရည် ၃ဇွန်း(စားပွဲတင်)
ရေ၂လီတာခန့်ဆူအောင်တည်ပါ။ ပျားရည် ထဲ့ပါ။ five spice powder ထဲ့ပါ။ ပွက်ပွက်ဆူလာရင် ရေဆူထဲကို ဘဲကိုထဲ့ပြီး ရေပူကို ယောက်ချိုဇွန်းဖြင့် လောင်းပေးပါ။
၇မိနစ်ခန့်ကြာရင် ဆယ်ပြီး ခြောက်အောင် အဝတ်စဖြင့် ဖြစ်စေ ဖြင့်ဖြစ်စေသုတ်ပေးပါ။ ဆားလိုက် ပွတ်ပေးပြီး ၄နာရီ ဒီတိုင်းအခြောက်ခံထားပါ။
ပြီးမှ oven ထဲတွင် သံစင်ပါသော tray ပေါ်တွင်၂၀၀ ဒီဂရီဖြင့် အပေါ်မီး အောက်မီးဖြင့် ကင်ပါ။ မိနစ်၃ကြာစီ တဖက်စီကင်ပေးပါ။ ဘဲသားများနီရဲပြီးကျွတ်လာရင် အဆင်သင့်ရပါပြီ။
သခွါးသီးများအချောင်းလေးများလှီးထားပါ။
ဘဲကင်အဆင်သင့်ဖြစ်ရင် rice paper (chinese pan cake )၇မိနစ်ခန့်ပေါင်းပေးပါ။
ဘဲသားကို ဇွန်းခရင်း၂ချောင်းဖြင့် အသားမွှပေးပါ။ ပြီးမှ ပေါ်တွင် ကိုသုတ်လိမ်းပေးပြီး သခွါးသီးအချောင်းလေးများတင် အသားများတင်ကာ လိပ်ပြီးစားလို့ရပါပြီ။
ဂဏန်းသားထမင်းကြော်
ဂဏန်းသားထမင်းကြော်
ဂဏန်းသားထမင်းကြော်ကို အိသက်တို့တအိမ်လုံးခံတွင်းတွေ့ပါတယ်။ အထူးသဖြင့် သားကြီးနဲ့ကျမ အကြိုက်ဆုံးပါ။ သားကြီးက ကျမနဲ့အကြိုက်ချင်းတော်တော်တူပါတယ်။ အသားများစားပြီး ဟင်းသီးဟင်းရွက်အစားနဲတာရောပေါ့။ ဒါလေးက သူ့ရဲ့ Lunch Box လေးအတွက် ပူဆာနေကျ လေးပါ။ သူဒီနေ့ကျောင်းပိတ်တော့ဒါလေးကို သူနဲ့အတူချက်ဖြစ်ပါတယ်။ လွယ်လဲလွယ်တော့ သူ့လာကူချင်တာကို လက်ခံလိုက်ပါတယ်။ ကြက်ဥမွှေ ၊ ဂဏန်းအသားခြေပေး နဲ့ သူတော်တော်ပျော်နေပါတယ်။ စားရတာကအရမ်းကောင်းလွန်းပြီး လွယ်လွန်းလို့ ဒါလေးကိုဖြင့် လုပ်စားကြည့်စေချင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ(၂ပွဲစာ)
-ဂဏန်းအသား ၂၀ ဂရမ်
-ထမင်း ၂ပွဲစာ
-ကြက်ဥ ၂လုံး
-ကြက်သွန်တလုံး
-ကြက်သွန်ဖြူ ၃ဥ, ဂျင်းလက်တစစ်
-ပဲငံပြာရည်အကြည် ၂ဇွန်း(စားပွဲတင်)
-သကြား ဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)
ပထမဆုံး ကြက်သွန်နီ ကိုအစိတ်လေးများလှီးထားပါ။ အဖြူကိုဓားပြားရိုက်ပြီးပါးပါးလှီးထားပါ။ဂျင်းလက်တစစ် အချောင်းလေးများလှီးထားပါ။
ထမင်းကို ပဲငံပြာရည်၊ သကြားနယ်ထားပါ။
ပထမဆုံးကြက်ဥကိုဒယ်ထဲမှာမွှေကြော်လိုက်ပါ။ တော်တော်ကျွတ်လာတဲ့အထိကြော်ပါတယ်။ ကြက်ဥကြော်များကိုဒယ်ဘေးဖက်များစီကပ်ပြီး ဂျင်း၊ ကြက်သွန်နီ၊ ဖြူများ မီးကိုပြင်းပြင်းထားပြီး ဆက်ကြော်ပါ။  ကြက်သွန်ကျက်ရင်ဂဏန်းသားများရောကြော်ပါ။အကယ်၍ ဒီလိုကြော်တာ အားမရရင်ကြက်ဥကြော်များသတ်သတ်ဖယ်ပြီးကြော်နိုင်ပါတယ်။  ကြက်သားမှုန့်ထဲ့ပါ။
ပဲငံပြာရည်ရောပြီးသားထမင်းများထဲ့ကြော်ပါ။ အားလုံးနှံ့အောင်၃မိနစ်ခန့် ရောကြော်ပြီးရင် ငရုတ်ကောင်းဖြူးပြီးရင်စားရန်အဆင်သင့်ဖြစ်ပါပြီ။
အော်ပွန်ထမင်းပေါင်း
အော်ပွန်ထမင်းပေါင်း
ဒီထမင်းပေါင်းလေးကို စားချင်နေတာကြာပါပြီ။ ငယ်ငယ်တုန်းက အကိုတဝမ်းကွဲတွေ တရုတ်တန်းသွားရင် ကိုယ်တွေက ကလေးလေးပဲ ရှိသေးတော့ သူတို့ကသိပ်မခေါ်ချင်ကြဘူး။ အဖွားဒေါ်စောရီဆီက ကားကို သူတို့ယူမောင်းချင်မှ ကလေးတွေပါ ပါမှာဆိုပြောပြီး ကိုယ်တွေက ကန့်လန့် ကန့်လန့် ပါသွားရောပေါ့။ တရုတ်တန်းကရှိသမျှမုန့် ဗိုက်ဝအောင်စားရတယ်။ သူတို့ ဆေးလိပ်သောက်တာ တို့ ကောင်မလေးတွေ အိမ်အောက် သွားတာတို့အဖွားကိုပြန်ပြောရင် နောက်တခါခေါ်ခံရတဲ့အထဲ ကိုယ်မပါမှာ သေချာသမို့ လုံးဝပြန်မပြောခဲ့ပါဘူး။ အဲဒီလိုအခါမျိုးဆို သူတို့ ဒီထမင်းပေါင်းလေးကို ဝယ်ကျွေးပါတယ်။ ဒီဆိုင်လေးကတရုတ်တန်းမှာညဘက်မှဖွင့်တဲ့ဆိုင်တဆိုင်ပေါ့။ အော်ပွန်ထမင်း ဆိုတာထမင်းအညို ကိုခေါ်တာလို့ပြောပါတယ်။ သူတို့ကတော့ ကန်ဇွန်းဥ, ပိန်းဥ,  ပုဇွန်ခြောက်လေးတွေနဲ့ကြော်ပါတယ်။ ဒီကကန်စွန်းဥ အသားက ရန်ကုန်ကလိုရွှေရောင်မရပဲ အဖြူပဲရပါတယ်။အိသက်ကတော့ သားနဲ့ ကိုထက်အကြိုက် ကန်ဇွန်းဥ ၊ ပုဇွန်နဲ့ကြော်ပါတယ်။ တော်တော်မွှေးပြီး စားလို့အလွန်ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ(၂ယောက်စာ)
-ထမင်း၁ခွက်ခွဲ
-ဆားဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရည်နောက်၂ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(အချိုဇွန်း)
-ဂျင်း လက်တစစ်
-ဝက်သားဓားနုတ်ပေါက် ၂၀ ဂရမ်
-ကန်ဇွန်းနီဥ ၁ဥ အတုံးလေးများလှီးထားပါ
-ပုဇွန်စပ်ထုပ် ၅ကောင် လှီးထားပါ
ဂျင်းကိုပါးပါးလှီးပြီး ဝက်သား၊ ပုဇွန် တို့ကိုဆီပါးပါးဖြင့်လှိမ့်ကြော်ပါ။ ပြီးရင် ဖယ်ထားပေးပါ။
အဲဒီဒယ်မှာပဲ ပဲငံပြာရည်၊သကြားတို့ ဆက်အပူပေးပါ။ ၁မိနစ်အကြာ ဆန်ရေဆေးပြီးသားကို ထဲ့လှိမ့်ပါ။ ပြီးရင်ရေကို ဆန်မြုတ်အောင်ထဲ့ပြီးခဏအဖုံးအုပ်ထားပါ။
ဆန်နပ်ကာနီးရင် ကန်ဇွန်းဥလေးများနဲ့ ဖယ်ထားသော အစာများကိုထဲ့ ရောပါ။ ဆား၊ ကြက်သားမှုန့်တို့ရောပြီး ရေ အကြမ်းပန်ကန်လုံး ၁ဝက်ခန့်ထဲ့ပြီး ၁မိနစ်ခန့်ထပ်အဖုံးအုပ်လိုက်ရင် အော်ပွန်ထမင်းပေါင်းမွှေးမွှေးကိုအဆင်သင့်စားလို့ရပါပြီ။
ယုန်ပုံလေးနဲ့နိုင်လွန်ပုဇွန်လုပ်နည်း
ယုန်ပုံလေးနဲ့နိုင်လွန်ပုဇွန်လုပ်နည်း
ဒီနိုင်လွန်ပုဇွန်ကို မနေ့က သားကြီးနေမကောင်းတဲ့အတွက် သူကြိုက်တဲ့ အိမ်နားကတရုတ်ဆိုင်မှာရောင်းသလိုယုန်ပုံလေး လုပ်ပေးလိုက်တာပါ။ Har Gau Dim Sum လို့ခေါ်ပါတယ်။ အိသက်ရန်ကုန် ပြန်တုန်းက စိန်ဂေဟာမှာ ဂျုံနဲ့လုပ်တဲ့အရုပ်တွေရောင်းသော အဖိုးကြီးကိုအိမ်မှာခေါ်ပြီး သင်ဖူးပါတယ်။ ၂လလောက်ပေါ့။ အရမ်းမကျွမ်းကျင်ပေမဲ့ တတ်သလောက်ပြန်လုပ်ပြီး လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ ပြပေးထားပါတယ်။
အပြင်အခွံပါဝင်သောပစ္စည်းများ( ၈ခုစာ)
Wheat Starch – ၃ဇွန်း( ဟင်းချက်ဇွန်း)
Topioca Flour – ၁ဇွန်း(ဟင်းချက်ဇွန်း)
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ရေနွေး – အကြမ်းပန်းကန်၁လုံးစာ
ဆား- ဇွန်းဝက်(အချိုဇွန်း)
ဌာပနာအစာ ပါဝင်သောပစ္စည်းများ
ပုဇွန်အသေး – ၁၀ကောင်ခန့်(ဓားနုတ်ပေါက်ထား)
ဆား- ဇွန်းဝက်(အချိုဇွန်း)
ကြက်သားမှုန့် – ၁ဇွန်း(အချိုဇွန်း)
သကြား – ဇွန်းဝက်(အချိုဇွန်း)
ဟင်းချက်ဝိုင်(သို့)ရှယ်ရီဝိုင်- ၁ဇွန်း(စားပွဲတင်)
နှမ်းဆီ – ဇွန်းဝက်(အချိုဇွန်း)
ကော်မှုန့် – ၁ဇွန်း(အချိုဇွန်း)
ကြက်သွန်မြိတ်- လက်တစစ်ခန့်(ဓားနုတ်ပေါက်ထား)
                                                                ခွက်၁ခုထဲတွင်အထက်ပါဌာပနာအစာ ပါဝင်သောပစ္စည်းများရောမွှေထားပါ။
ပထမဆုံးဇလုံတစ်ခုထဲတွင်ဆားနဲ့ ဂျုံးများသမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ရေနွေး နှင့် ဆီထည့်ကာ တူ(သို့) သစ်သားဇွန်းဖြင့် နှံ့အောင်မွှေပေးပါ။ ဂျုံးသားများချောမွတ်လာရင် ၁၅မိနစ်ခန့်ဖုံးထားပါ။
ပြီးမှ ဂျုံးကို လုံးပတ် အချင်း၈ စင်တီ အနေခန့် အလျား ၆လက်မ အရှည် ပုံပါအတိုင်း လှိမ့်ပါ။ အလယ်ကတဝက် ဝက်ပါ။ တပိုင်းစီက တဝက်စီ ဝက်သော နည်းဖြင့် လေးပိုင်း စုစုပေါင်း၈ခု အပိုင်းလေးများပိုင်းပါ။
ပြီးရင်လက်ကို ဆီဆွတ်ကာ အပြားလေးများ အဝိုင်းသဏ္ဍန်ပြားပါ။ ဒလှိမ့်တုန်းဖြင့် အ၀ိုင်းသဏန် လိမ့်ပေးရင်လဲရပါတယ်။ ပြီးမှ အစာကိုအလယ်မှာထားပါ။
ပုံပါအတိုင်း အပေါ်ကို စုပြီး ဂျုံးသားကို ယုန်နားရွက်ပြုလုပ်ရန်အနောက်ကိုထုတ်ပါ။ ပြီးမှ အလယ်က ကက်ကြေးဖြင့် ညှပ်လိုက်ပါ။
ကိုယ်ထည်ကို အနယ်ငယ် ပုံ့ပုံ့လေး ဖြစ်စေရန်ဖော်ပေးပါ။မျက်လုံးအတွက် မုန်လာဥ သေးသေးလေးများ ကပ်လိုက်ပါ။ ပေါင်းရန်အဆင်သင့်ပါပြီ။
ပေါင်းအိုးဖြင့် ၁၅ မိနစ်ခန့်ပေါင်းလိုက်ပြီး ပူပူနွေးနွေး စား နိုင်ပါပြီ။