-
ခုံးချဉ်စပ်ငါးပိချက်
ဒီခုံးချဉ်စပ်က အိသက်တို့ အစ်ကိုအကြီးဆုံး (မမကြီးရဲ့အမျိုးသား)သင်ပေးတဲ့ သူ့လက်ရာပါ။ အမေကဆိုအလွန်ကြိုက်ပဲပေါ့။ မမကြီး အမျိုးသားဆိုပေမယ့်လည်း ကိုကြီးကို အိသက်တို့က အလွန်ချစ်ပါတယ်။ ကိုကြီးက ဟင်းချက်အလွန်ကောင်းပြီး ဘုရားတရားအလွန်ရိုသေပါတယ်။ ဘုရားဇာတ်တော်တွေဆို အကုန်ရပဲ။ တစ်အိမ်လုံးမှာ စကားပြော အညင်သာဆုံးပဲ။ ထုံးစံအတိုင်း အိသက်တို့မိသားစုက အလွန်စကားများပြီး အာကျယ်အာကျယ် ပြောကြပါတယ်။ ကိုထက်နဲ့ကိုကြီးက အသံတိုးပြီး စကားကို အေးဆေးစွာပြောတက် သူပေါ့။ကိုကြီး စကားကိုဆို အိသက်တို့က ပိုနားဝင်တယ်။ ခုငွေဆောင်ခရီးစဉ်မှာတောင် ကိုထက် ကိုအော်မိလို့ အိသက်ကိုဆူတာခံရပါသေးတယ်။ နင်တော်တောပ်ါးစိပါးစပ်နဲ့ ဆိုး သတဲ့။ အဟဲ သူ့ရှေ့တော့ ခဏငြိမ်လိုက်ရတာပေါ့။ သူက ဟင်းချက်မယ်ဆို ဘာညာရှိမှမဟုတ်ဘဲ မီးဖိုထဲရှိတာရှာဖွေပြီး ဟင်းတစ်ခွက်ဖြစ်အောင် အရသာရှိရှိချက်နိုင်သူပါ။ဆေးကု တာလည်း တော်ပါတယ်။ အိသက်ကတော့ အင်္ဂလန်မှာမို့ ကလေး ၂ ယောက်လုံး ကိုကြီးနဲ့မမွေးလိုက်ရပေမဲ့ တစ်မိသားစုလုံး ကလေးအလကားမွေးပေမဲ့ ကိုကြီးဒေါက်တာရဲနိုင်ဦးကို မမကြီးက အနစ်နာခံပြီး ယူထားတာထင်ပါတယ်။ ကဲ သူ့ဟင်းလေးရဲ့ချက်နည်းကို သူ့အကြောင်းအတင်းမအုပ်ဘဲ ရေးပါတော့မယ်။ပါဝင်ပစ္စည်းများ
ခုံး – ၅ဝဝ ဂရမ်
မန်ကျည်းမှည့် – လက်တစ်ဆစ်ခန့်
ငါးပိဖျော်ထားပြီးအရည်
(ငါးပိလက်ဖက်ရည်တစ်ဇွန်းစာကို ရေနွေးနွေး ၁၅ဝ ml နဲ့ဖျော်ထားပါ)
ငရုတ်သီးစိမ်းအတောင့်- ၇ တောင့်
ကြက်သွန်မြိတ် (သို့) နံနံပင်- အနည်းငယ်
ကြက်သွန်နီ -၁ လုံး
ကြက်သွန်ဖြူ -၁ မြွှာ
အသားမှုန့် -အချိုဇွန်း၂ ဇွန်း
ငရုတ်ကောင်း- အချိုဇွန်း ၁ ဇွန်း
အရောင်တင်မှုန့်- အချိုဇွန်း ၁ ဇွန်း
ဆား – သင့်ရုံ
ပြုလုပ်နည်း
၁။ ခုံးများကို စင်အောင်ဆေးကြောထားပါ။ ( shopping centre တွေမှာတော့ သန့် စင်ပြီးသားရောင်းတတ်ပါတယ်)
၂။ မန်ကျည်းမှည့်ကို ရေနွေး ၃ဝ0 ml နဲ့ဖျော်ပြီး ခုံးများကိုစိမ်ထားပါ။ ဒါမှ ခုံးရဲ့ ညှီနံ့ ပျောက်စေမှာပါ။ အချဉ်ဓာတ်လေးလည်း ဝင်သွားတာပေါ့နော်။ ကြက်သွန်နီကို ပါးပါးလှီးထားပြီး အဖြူကိုဓား ပြားရိုက်ထားပေးပါ။ ဒယ်အိုးမှာ ဆီများများထည့်ပြီး ကြက်သွန်နီကိုလှိမ့်ကြော်ပေးပါ။ အဖြူဓားပြားရိုက်လေးများကိုလည်း ရောကြော်ပါ။ အရောင်တင်မှုန့်လေးများကို ထည့်ပြီးမွှေ ပါ။ ကြက်သွန်ကျွတ်လာရင် ခုံးများကို ရေစစ်ပြီးလှိမ့်ပေးပါ။ မွှေပေးပါ။ ဆား၊ အသားမှုန့်ထည့်ပါ။
၃။ ခြောက်ခြောက်လေး ဖြစ်လာခါနီးရင် ခုံးစိမ်ထားသော မန်ကျည်းရည်ရယ် ငါးပိဖျော်ထားတာ ရယ်ကို ရောထည့်ပါ။ ပွက်လာပါစေ။ ခဏအဖုံးအုပ်ထားပါ။
၎။ ဆီပြန်လာပြီဆိုရင် ငရုတ်ကောင်းထည့်ဖြူး ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း စတာတွေအုပ်ပြီး ၁ ချက် ၂ ချက်လောက်မွှေပေးလိုက်ပါ။အလွန်အရသာရှိသော ခုံးချဉ်စပ် ငါးပိချက်လေးရပါပြီ။
မှတ်ချက် – ငါးပိပါတာမို့ ဆားကိုလျှော့ထည့်နိုင်သလို လုံးဝမထည့်လည်းရပါတယ်။အငန်စားတဲ့ အတိုင်းအတာနဲ့ထည့်နိုင်ပါတယ်။
May
14
2015
Image