ငါးမဆလာအုန်းနို့ချက်
ကျမ Celebrity Chef Hairy Bikers ကိုအရမ်းချစ်တာ ဘာလို့ဆိုတော့လေ( ကျမသားကြီး လေသံ ခဏငှါးသုံးပါတယ် ၊ သူ့ကို ဘာလို့လဲ လို့ တခုခုမေးရင် “ဘာလို့ဆိုတော့လေ” အဲလို အမြဲအစချီတယ် ) သူတို့နှစ်ယောက် ဟင်းချက်နေတာ ကြည့်မိရင် အရမ်းရီရတာ ဟာသလေး နှောပြီး ချက်ပြသွားတာ အလွန် သဘောကျမိတယ်။ သူတို့ ဟင်းတွေ အများစုက အာရှ အစားအစာများကို အခြေခံပြန်ချက်ထားတာ သူတို့ ချက်တတ်သလိုပေါ့ ယောက်ျားကြီး နှစ်ယောက်ချက်တာဆိုတော့ အလွယ်နည်းတွေဖြစ်အောင်ချက်တာတွေ့ရတယ်။ တချို့ဟာတွေ ကျမ သဘောကျရင် လိုက်ချက်မိတာပေါ့ ဒါလေးက တောင်ပိုင်းအိန္ဒိယ ချက်နည်းကို ယူပြီး ချက်တဲ့ချက်နည်းပါ။ ငါးကို မဆလာလေးနဲ့ ချက်တာပေါ့ သူတို့ဟာ ကို ညဘက် မီးပူတိုက်ရင်း ကြည့်ထား မနက်ကျ အကောင်အထည်ဖော်ဖြစ်တာပေါ့ သူ့နည်းတိတိကျကျတော့မဟုတ်ပါဘူး မှတ်မိသလောက် ကိုယ်ချက်ချင်သလို ချက်လိုက်မိတာ စားကောင်းတော့ သဘောတော့ကျသား။
ပါဝင်ပစ္စည်းများ
ငါးအတွက်လိုအပ်တာတွေ
-ကကတစ် ငါးအသားလွှာ ၂လွှာ (တကောင်ပေါ့)
-မဆလာ ၁ဇွန်း (စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း (အချိုဇွန်း)
-ဒိန်ချဉ် ၄ဇွန်း (စားပွဲတင် )
-ဆား ဇွန်းဝက် (အချိုဇွန်း)
အထက်ပါများ ကို ဇလုံတခုမှာရောပြီး ငါးကိုထဲ့ကာ အရသာဝင်အောင် နှပ်ထားပေးပါ။ ငါးနှပ်ထားစဉ် အနှစ်အတွက် ပြင်ဆင် ချက်ပြုတ်ရပါမယ်။
အနှစ်ချက်ရန်
-ခရမ်းချဉ်သီးဗူး ( ၁၀၀ ဂရမ်)
-အုန်းသီးခြစ် သေးသေးလေးများ၂ဇွန်း (စားပွဲတင်)
– Cream (သို့) နို့စိမ်း ၃ဇွန်း (စားပွဲတင်)
-ကြက်သွန်နီ အသေး ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-ငရုတ်သီးအရောင်တင် ၁ဇွန်း( အချိုဇွန်း)
-အသားမှုန့်၁ဇွန်း ( အချိုဇွန်း)
-ငရုတ်သီး ၁တောင့်
– နံနံပင် အနဲငယ်
ကြက်သွန်နီများကို သေးသေးလေးများလှီးထားပေးပါ။ ခရမ်းချဉ်သီး ဗူးမရနိုင်ရင် ခရမ်းချဉ်သီးအစစ် 2လုံးကို အစားထိုးသုံးနိုင်ပါတယ်။
အုန်းသီးခြစ်လေးများကို သေးသေး ဓားနုတ်ပေါက်ထားပေးပါ။ ကျမကdry coconutကို သုံးပါတယ်။
စစချင်း လှီးထားသော ကြက်သွန်များကို ဆီပူမှာ အရောင်တင်ထဲ့ကာ နွမ်းလာအောင်ကြော်ပေးပါ။ ခရမ်းချဉ်သီးထဲ့ပါ။ ကျေအောင် ခြေချက် ချက်ပါ။။ အသားမှုန့်ရောပါ။ ပြီးရင် အုန်းသီးခြစ်များရောပေးပါ။
ရေအနဲငယ်ထဲ့ကာ မွှေပြီး အဖုံးခဏအုပ်တည်ပေးပါ။ ၁မိနစ်ကြာရင် နို့ထဲ့မွှေပြီး ငရုတ်သီး ညှပ်ထဲ့ပါ။ အနှစ်ကပြစ်လာရင် ရပါပြီ။ အပေါ့အငံလိုသလိုချိန်ဆပါ,
ခပ်စပ်စပ် စိမ့်စိမ့်လေးဖြစ်ရပါမယ်
အနှစ်ရလာရင် နှပ်ထားတဲ့ငါးအသားလွှာများကို ဆီပူတွင် ဟိုဘက်ဒီဘက် ကျွတ်အောင်ကြော်ပြီး ဆယ်ကာ အပေါ်မှ အနှစ်ဖြူး နံနံပင်လေးအုပ်ကာ ထမင်းပူပူဖြင့် မြိန်မြိန်စားနိုင်ပါပြီ။
ကကတစ်ငါးကိုပဲလုပ်ရမှာပါလား။တခြားအသားလွှာလို့ ရတဲ့ငါးတွေနဲ့ ချက်နိုင်မယ်ထင်ပါတယ်။ဘာလို့ ကကတစ်ကိုသုံးတာလဲသိပါရစေ။
you can use any fish fillet