ဆန်ပြားခေါက်ဆွဲသုတ်(ရှမ်း)
ဒါလေးက သက်သတ်လွတ် ဆန်ပြား ခေါက်ဆွဲသုတ်လေးပါရှင်။ ဒီနည်းလေးကိုတော့ကျမက အလွန်လွယ်ပြီး စားကောင်းလွန်းလို့ မနက်စာ အဖြစ် အမြဲလုပ်စားလေ့ရှိပါတယ်။ တနေ့ တနေ့ ပြင်သစ်က ရှမ်းမလေး လင်းဆီဖုန်းဆက်ပြီး သင်ရတာ အမောပါ။ သူ့ခမြာလဲ ကျမကို စိတ်ရှည်လက်ရှည် သင်ရှာပါတယ်။ ကျမရဲ့ မြင်ဆရာ ကြားဆရာပါ။ ကျမ တို့နှစ်ယောက် အပြင်မှာမမြင်ဖူးပေမဲ့ တယောက်နဲ့ တယောက်တော်တော်ရင်းနှီးကြပါတယ်။ သူကလဲ အလွန် သဘောကောင်းပြီး ကျမကလဲ အတော်ကို နှိပ်စက်တတ်သူ မို့အလွန်လိုက်ဖက်ညီညီခင်မင်မိကြပါတယ်။ အခု သူသင်ပေးတဲ့ ဒီ ခေါက်ဆွဲပြားလေးကို လုပ်စားရအောင်နော်
ပါဝင်ပစ္စည်းများ
-ဆန်ခေါက်ဆွဲပြား
-ကိုရီးယားမိတ်ပဲအနှစ် (ဆံပြားသုပ်ရင် ဒီဗူးလေးကရှမ်းပဲပုပ် အစိမ့်နဲ့ တထပ်တည်းပါ)
-မြေပဲ ကြော်
-ငရုတ်သီးကြော်
-ကြက်သွန်ဖြူဆီချက်
-နံနံပင်
-ရှမ်းနံနံ
-နှမ်းလှော်
-ကြာညို့အချို( sweet soy sauce)
ကျမကတော့ ပုံမှာပြထားတဲ့ဆန်ပြားအခြောက်ကိုသုံးပါတယ်။ ရေ ခဏစိမ်ထားရပါတယ်။ ပြီးရင်တော့ ရေနွေးပွက်ပွက်ဆူမှာ ကျက်သည်အထိ ထဲ့ပြုတ်ပေးထားပါ။ နံနံပင် ၊ ရှမ်းနံနံကို နုတ်နုတ်စင်းထားပါ။ မြေပဲကို အလုံးလိုက် ရဲရဲလေးအနေရအောင်ကြော်ထားပေးပါ။
ငရုတ်ဆီချက် ချက်နည်းပြန်ရေးပေးပါမယ်။
ငရုတ်သီးခြမ်း ၅ဇွန်း လိုပါမယ်။ ဒယ်ပေါ်မှာ ဆီ များများကို အပူပေးပါ။ ပူလာရင် ငရုတ်သီးထဲ့ ခနမွှေပါ။ ပဲငံပြာရည် ၃ဇွန်း သကြား ၁ဇွန်း ပါရောမွှေပြီး ဆီချက်ထားပါ။ ဒီငရုတ်ဆီကို သတ်သတ်လွတ် အသုတ်တွေမှာ ထဲ့ သုတ်နိုင်ပါတယ်။
ဆန်ပြားသုပ်တပွဲစာသုတ်မယ်ဆိုရင်
ပြုတ်ပြီးသား ဆန်ပြား တပွဲစာကို ပဲပုပ်အငံ အနှစ်တဇွန်း( အချိုဇွန်း) ၊ ကြာညို့အချိုတဇွန်း( အချိုဇွန်း)၊ နှမ်းလှော်ထောင်းတဇွန်း ( အချိုဇွန်း)၊ ဆီကျက်တဇွန်း (ကြက်သွန်ဖြူဆီကျက်)( အချိုဇွန်း) ၊ ငရုတ်သီ့းကြော်တဇွန်း( အချိုဇွန်း)၊ နံနံပင် တဇွန်း ရှမ်းနံနံပင် တဇွန်း (ဆားထဲ့ရန်မလိုပါ ပဲပုပ်ထဲငံနေပြီးသားမို့)၊ ပဲငံပြာရည် အနဲငယ်( သတ်သတ်လွတ်မဟုတ်ရင်တော့ အသားမှုန့်ထဲ့သုတ်ပါ)တို့ထဲ့ မြေပဲကြော်အပေါ်က ဖြူးကာနယ်ပြီးစားသုံးနိုင်ပါပြီ။