မြစ်ကြီးနားဆီတိုဖူးချက်
ကျမက အိပ်ချိန်ကလွဲရင် ကျန်အချိန်တွေအားလုံးလိုလိုကို အစားအစာအကြောင်းပဲ စဉ်းစားမိနေတတ်သူဆိုတော့ ဟင်အဆန်းအပြားလေးတွေချက်ထားတာ မြင်ရင် မနေနိုင်ဘူး လိုက်စမ်းချက်ချင်ပါတယ်။ ဒီဟင်းလေးက တော့ ကျမတို့ facebook စသုံးကာစက အိမ်ရှင်မ လက်ရာဆိုတာ ဟင်းချက်နည်းတွေကို အများသူငါ မျှဝေနိုင်အောင် စာရေးဆရာမ မမို ( လမင်းမိုမို) တည်ထောင်ထားတဲ့အဖွဲ့လေးပါ။ အဲဒီတုန်းက ဒီလို ဟင်းချက်နည်း group တွေအများကြီးမရှိခဲ့ဘူး။ တနေ့ တနေ့ ဒီအဖွဲ့လေးကညီမတွေ အမတွေ ဘာတွေ တင်မလဲ ကိုယ်လဲ ဘာတင်ရင်ကောင်းမလဲလို့ အတွေးတွေနဲ့ ချက်ရင်းပြုတ်ရင်း အသိပညာ ဖလှယ်ကြပါတယ်။ တယောက်နဲ့ တယောက်လဲ မမြင်ဘူးပဲ ချစ်ခင်ကြပါတယ်။ ဒီတုန်းကတည်းက ရင်းနှီးခဲ့တဲ့ အန်တီ ဒေါ်သန်းသန်းရင်က မိဝေးဖဝေးနေရတဲ့ကျမတို့အတွက်တော့ အဒေါ်တယောက်လိုပါပဲ။ ဒီဆီတိုဖူးချက်နည်းလေးကို အန်တီသန်း facebookမှာတင်တော့ ကျမ အလွန်စိတ်ဝင်စားပါတယ်။ ဒါကြောင့် လိုက်ချက်ကြည့်ပြီး အင်မတန်နှစ်သက်တာမို့ အန်တီသန်းကို ခွင့်တောင်းပြီး ရေးပါတယ်ရှင်။ ကချင်ပြည်နယ် မြစ်ကြီးနား ဒေသအစားအစာတခုဆိုပေမဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်း မှာလဲ စားသုံးတယ်လို့သိရပါတယ်။ ဒီဟင်းလေးက ဆီများများနဲ့ ချက်ထားတာမို့ ကြာရှည် အထားခံပါတယ်။ ထမင်းပူပူနဲ့လူးစားကြည့်ပါ။ ဒီအတိုင်းကို ဘယ်ဟင်းမှမလိုပဲ အရသာရှိနေပါတယ်ရှင်။
ပါဝင်ပစည်းများ
– ဆီတိုဖူး ၃၀၀ ဂရမ်
-ခရမ်းချဉ်သီးအနေတော် ၃လုံး
-ငရုတ်သီးတောင့် ၅တောင့်
-ကြက်သွန်နီ ၁လုံး
-ကြက်သွန်ဖြူ ၃မွှာခန့်
-ဆနွမ်း ၁/၃ ပုံ (အချိုဇွန်း)
-အရောင်တင် ၂ဇွန်း(အချိုဇွန်း)
စစချင်း ကြက်သွန်နီကို ပါးပါးလှီးပြီး အဖြူကို ဓားပြားရိုက်ထားပါ။ ခရမ်းချဉ်သီးတွေကို ခပ်သေးသေးစိတ်ထားပေးပါ။
ကြက်သွန်များကို ဆီများများဖြင့် ဆနွမ်း အရောင်တင် ထဲ့ကာ ကျွတ်လာသည်အထိဆီသတ်ပေးပါ။ ပြီးမှ ခရမ်းချဉ်သီးများထဲ့ပြီး ကြေအောင်ချက်ပေးပါ။ ရေကို အနဲငယ်ထဲ့ပေးပါတယ်။
ဆီတိုဖူးများကို ထဲ့ချေပြီး ရောမွှေပေးပါ။ ပွက်လာပြီဆိုရင် ငရုတ်သီးလေးများကို ညှပ်ကာ ထဲ့ပေးပါ။ မခြောက်တခြောက်အနေထိရောက်လာရင် ဆီပြန်လာရင် ရပါပြီ။
ခပ်စပ်စပ်လေးနဲ့ အလွန်စားကောင်းပါတယ်။ ဒီဟင်းမှာ ကျမ က ဘာ အသားမှုန့် ဆားမှ မထဲ့ပါဘူး။( ထဲ့လိုက ထဲ့နိုင်ပါတယ်) သဘာဝအရ ဆီတိုဖူးက ငံပြီးသားပါ။ နောက်ပြီး ခရမ်းချဉ်သီး ကြက်သွန်စတာတွေရဲ့ အချိုဓာတ်နဲ့ ဟင်းလေးက အားလုံး ဘက်မျှပြီး စားလို့ အလွန် ကောင်းနေပါလိမ့်မယ်။ ဒါကတော့အရသာရှိတဲ့ မြစ်ကြီးနားဆီတိုဖူးဟင်း တခွက်ပါ။
ညီမလေးအိသက်ရေ အစ်မကို လက်ညှစ်မုန့်ဟင်းခါးဖတ်လုပ်နည်းလေးတင်ပေးပါအုံးနော်