ရခိုင်မုန့်တီ အရည်နဲ့ အသုတ်
ရခိုင်မုန့်တီသုတ်လေးကို မမ ဟန်နီထွန်းက မေးတဲ့အခါ ကျမအနေနဲ့ ခပ်ပေါ့ပေါ့အိမ်မှာအလွယ် သုတ်စားသလို မရေးရဲဘူးရှင့်။ ဘာလို့လဲဆိုတော့ ဒေသတခု ရိုးရာတခုရဲ့ အစားအသောက်လို့ နံမည်တပ်ပြီး မေးလာပြီဆိုရင် ထင်သလိုကြိုက်သလို မရေးရဲပါ။ အစားအစာများက ဒေသတခု တိုင်းရင်း ရိုးရာတခုရဲ့နောက်ကြောင်းရာဇဝင်ကိုဖော်ပြရာလဲရောက်ပါတယ်။ ဒါကြောင့် ထင်သလိုရေးလို့လွဲခဲ့ရင် ရေးသမျှစာကို တာဝန်ယူရမှာမို့ အဲဒီဒေသက သိကျွမ်းသူတွေရဲ့ သင်ကြားမှုကို အမြဲခံယူရပါတယ်။ အဲဒီလို သေချာမေးပြီးမှ ကျမ နောက်ကျောလုံစွာရေးရဲပါတယ်။ ဒီအသုတ်လေးကို ရေးရင်း ရခိုင်မုန့်တီ လုပ်နည်းကိုပါရေးပေးလိုက်ပါမယ်နော်။ ကျမကို ဒီနည်းပေးတဲ့
အန်တီကတော့ ကျမ သူငယ်ချင်း ရခိုင်မလေး စံဝင်းဖြူရဲ့မေမေ ဖြစ်ပါတယ်ရှင်။ ကျမမှာ ဒီနည်းလေးကို သေချာလိုချင်လို့ ဒီက လန်ဒန် မနက်အစောကြီးအချိန် ၁နာရီ ခွဲ အချိန် စင်ကာပူကို ဖုန်းခေါ်ထားရတဲ့ အဖိုးတန်နည်းလေးပါရှင်။
ပြုတ်ရည်လုပ်ရန်ပါဝင်ပစ္စည်းများ
-ငါးရွှေ – ၁ ကီလို
-မျှင်ငါးပိ – ၃ဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ – ၁၀မွှာခန့် (အခွံမခွါပဲ အနဲငယ်ထုရုံထုထားပါ)
-ငရုတ်ကောင်းမှုန့် – စားပွဲတင် ၂ဇွန်း
-ဆား – စားပွဲတင်ဇွန်း၃ဇွန်း
-အရသာမှုန့် စားပွဲတင် ၁ဇွန်း
-ပတဲကော – စားပွဲတင် ၂ဇွန်း (ညက်အောင်ထောင်းပြီးသား)
ရခိုင်မှာတော့ အများစုကငါးရွှေကို ကျပ်တင် ထားတာကိုသုံးပါတယ် တဲ့။ အဲဒီအသားကိုမှ ရေနွေး နယ်ပြီးမှ သုံးတာပါတဲ့။ ကျပ်တင်ထားတဲ့ အနံ့ကို မကြိုက်တဲ့သူက အစိမ်းကိုပြုတ်တာပါတဲ့ ။
အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည့်ပြီးရေဆူပြီး၅မိနစ်ခန့် တည်ပေးပါ။ ပြီးတဲ့အခါ ငါးကို အရိုးများမပါအောင် အသားဖျင်ပေးပါ။ အသားများကိုသတ်သတ်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို ဖယ်ကာသိမ်းထားပေးပါ။
ငပိကို ရေ လီတာဝက်ဖြင့်ပွက်အောင်ကျိုပေးထားပါ။ ပွက်ရင် မီးဖိုပေါ်မှဖယ်ပေးပါ။ ငပိက ကြာကြာကျိုရင် ခါးတတ်ပါတယ်ရှင်။
မုန့်တီအရည်လုပ်ရအောင်
သိမ်းထားတဲ့ ငါးပြုတ်ရည်ကို ရေ၂လီတာ ထဲ့ပြီးပွက်လာပါစေ။ ကြက်သွန်ဖြူများထဲ့ပါ။ ပွက်လာရင် ကျိုထားတဲ့ ငပိကို စားပွဲတင် ၃ဇွန်းခန့်ချန်ကာဇကာစစ်ကာ ထဲ့ပေးပါ။ ပဒဲကောထဲ့ပါ။ အရသာမှုန့်၊ ဆား ထဲ့ပေးပါ။ နောက်တခါပွက်ပြီဆိုရင် ငရုတ်ကောင်းခတ်ပေးပါ။
ကျမကတော့ ငံပြာရည် နဲနဲ စားပွဲတင် ၂ဇွန်းခန့်ထဲ့ပါတယ်။
ပြုတ်ရည်ရပါပြီ။
ငါးအသားများကို ခြောက်နေအောင် ၂ခါ ၃ခါ အရည်ညှစ်ထားပါ။ ရလာတဲ့ ငါးအချိုရည်ကို သိမ်းထားပါ၊ အသုတ် သုတ်တဲ့အချိန်မှာပြန်သုံးနိုင်ပါတယ်။
အသားများကို ဆီပါလေကာတွင် ဆနွမ်းနဲနဲ ထဲ့ပြီး ခြောက်နေအောင်လှိမ့်ပေးပါ။
အချဉ်ရေလုပ်ရန်
မရမ်းသီးအခြောက်ကိုပြုတ်ထားပါ။(မရှိရင် မကျည်းသီးရေနွေးဖျောသုံးပါ) ငရုတ်သီးစိမ်း ၁၅ တောင့်ပြုတ်ပြီးကို ညှပ်၍၎င်း ထောင်း၍၎င်း ပြုလုပ်ကာ ချန်ထားသော ငပိပြုတ်ရေကိုရောပါ။ ခြောက်နေအောင်လှိမ့်ထားသောငါးအမှုန့်စားပွဲတင် ၁ဇွန်းရောပါ။ အချဉ်ရည်ရပါပြီ။
အာလူးကိုပြုတ်ပြီး ခြေထားပါ။
ကျမက အသုတ်ထဲ ထဲ့ရန် စစ်တွေရခိုင်တွေသုံးသလို ငရုတ်အရောင်တင်မှုန့်ကို ဆီသတ်ထားတဲ့ ဆီနီနီလေးလဲလုပ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီသတ်ထားပါ။
နံနံပင် ရေဆေးကာချွေထားပါ။ ကြက်သွန်နီပါးပါးလှီးထားပါ။
ပဲကြော်၊ ငါးဖယ်စတာတွေကတော့ ကြိုက်နှစ်သက်သလိုထဲ့ပါ။ ( တကယ်တမ်း ရခိုင်မုန့်တီမှက ပဲကြော်၊ ငါးဖယ် အဲဒါတွေ မပါ ပါဘူး)
အရည်သောက်ပွဲပြင်တဲ့
မုန့်တီဖတ်ကို ပန်းကန်တစ်ခုထဲ့ပြီး ငါးအခြောက်မှုန့်ဖြူး၊ ငရုတ်ရည်၊ ကြက်သွန်ဆီသတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကို ထည့်ပြီ အပေါ်မှ မုန့်ဟင်းရည်ဆူဆူကို လောင်းထည့်လိုက်ပါ။
နံနံပင်အုပ်ပြီး စားလို့ရပါပြီ။
အသုတ်သုတ်စားရအောင်
မုန့်တီဖတ်ကို တပွဲစာ ဇလုံတခုမှာထဲ့ ငရုတ်အရည်(စပ်စပ်သုတ်ရင်များများထဲ့ပါ)၊ ငါးအသားခြောက်မှုန့်နဲနဲ ၊ ဆီနီ ၊ ငံပြာရည်၊ အရသာမှုန့်၊ ကြက်သွန်နီဆီကျက် ၊ အာလူး၊ ပုဇွန်ခြောက်(ကြိုက်ရင်ထဲ့) ၊ ငါးအသားညှစ်တုန်းက အချိုရည် အနဲငယ် တို့ဖြင့်ရေရွှဲရွှဲသုတ်ပေးပါ။ နံနံပင်အပေါ်ကဖြူးပြီး ပဲကြော်၊ ငါးဖယ် တို့ကြိုက်ရင်ထဲ့ကာစားနိုင်ပါပြီ။ ပဲမှုန့်ကတော့ ရခိုင်မှာ မထဲ့ပါတဲ့ရှင်။
တကယ့်ကိုရခိုင်မုန့်တီအစစ်ပါပဲအမရေ….စားချင်စိတ်တောင်ဖြစ်လာပြီ။ ^_^
superရှယ်