မုန်လာဥနီ ပန်းပွင့်ဖော်နည်း
ကျမ ပထမဆုံး လုပ်ပြချင်တာက ဒီ မုန်လာဥ ပန်းပွင့်ပုံလေးကိုပါ။ ဒါလေးက လွယ် လဲ လွယ်ပြီး လှလဲ လှပါတယ်။ မုန်လာဥနီလေးတွေရဲ့ ပင်ကိုယ်အရောင်အဆင်းကိုက လှပပြီးသားမို့ မွမ်းမံလိုက်ရုံဖြင့် အရသာကောင်းမွန်ပြီး ဟင်းလေးများကို ပိုမိုလှပတင့်တယ်တဲ့ ဟင်းလေးတခွက်ဖြစ်လာစေပါတယ်။ ပုံဖော်ပြီး မုန်လာဥလေးတွေကို ရေအေးစိမ်ပြီး လဲပေးနေရင် ၃ရက်အထိ ခန့်တာမို့ ကြိုပုံဖော်ထားလို့ရပါတယ်ရှင်။
ပုံမှာပြထားတဲ့ ဓားအချွန်လေးရယ် ( ဘယ်ဓားချွန်အသေးမျိုးမဆိုရပါတယ်)၊ အသီးအနှံအခွံခွါတဲ့ အခြစ်လေးရယ် လိုပါတယ်။
မုန်လာဥနီရဲ့ အဖျားဖက်ကို ချွန်နေအောင် အဖက်ဖက်က လိုက်ပြီး ခဲတံ ချွန်သလို ပုံမှာပြထားတဲ့အတိုင်းဓားဖြင့်ချွန်ထားပါ။
ချွန်ထားတဲ့နေရာ ပတ်ပတ်လည်ကို ချစ်ကြောင်းလေးတွေဖြစ်အောင် ခြစ်လိုက်ပါ။( ခက်ရင်းကိုသုံးလို့လဲရပါတယ်ရှင်)
ပြီးရင် ခပ်ပါးပါး လွှာပြီး အစွန်းထိ လှီးသွားကာ အဆုံးရောက် ခါနီးရင် အတွင်းကို နှိုက်ကာဓားရာ ပေးလိုက်ပါ။
ပတ်ပတ်လည် အဲလိုလိုက်လှီးပြီး နောက်ဆုံးအလွှာမှာ ဓားချွန်လေးနဲ့ အပြင်ကို ခပ်ဖြေးဖြေး တွန်းထုတ်လိုက်ပါ။ မုန်လာဥနီ ပန်းပွင့်လေးရပါပြီ။
ရေအေးအေး ထဲစိမ်ထားရင် ပန်းလေးက ပွင့်ဖတ်လေးတွေပိုပေါ်လာပါမယ်။ ဒါက တော့ လွယ်ကူတဲ့ မုန်လာဥနီပန်းပွင့်ဖော်နည်းလေးပါ။
ခုနက ခြစ်ချလိုက်လို့ရတဲ့ အမျှင်လေးတွေကို အောက်က ခံပြီး အပေါ်က မုန်လာဥပန်းလေးတွေ တင်ပြီး အလှဆင်လို့လဲရပါတယ်။ ဟင်းပွဲလေးတွေအပေါ်စွဲဆောင်စရာလေးတခုအဖြစ်အသုံးချလိုက်ပါ။