ငပိရည် တို့စရာ
ကျမက ငယ်ငယ်က ငပိရည်လုံးဝ လုံးဝမစားပါရှင်။ ဘယ်လို စ စားမိသလဲ ဆိုတော့ သားကြီး ကိုယ်ဝန်ရှိစမှာ ကျမ အလွန်ကို အစပ် အသုတ်စုံ ပုဇွန် စားချင်ပါတယ်။ ကျမကလဲ သမီးလေးလိုချင်သူဆိုတော့ ဒီလိုအပူအစပ်တွေစားချင်ရင် သမီးလေးမွေးပြီဆိုပြီး အလွန်ပျော်ပါတယ်။ ယောက်ျားလေးကိုယ်ဝန်က အသီးအနှံ ပဲစားချင်တာလို့ ပြောသံကြားတာကို။ နောက် ဆေးရုံက ဘာလေးလဲမပြောလို့ ဆေးခန်းမှာ ပိုက်ဆံပေးပြီးသွားမေးတော့ ဆရာဝန်က ဝမ်းသာအားရ ယောက်ျားလေးလို့ပြော ကိုယ်ကငိုမဲ့မဲ့နဲ့ပြန်လာ။ မွေးလာတော့ သားက အမေမှအမေ သိပ်လိမ္မာရှာလွန်းလို့ ကျမ မှာ အဲလို့ငိုခဲ့တာ နောင်တရမဆုံးဖြစ်ရတယ်။ ကလေး နှစ်ယောက်လုံး အမေကို မွေးဖွားနေချိန်ရော( ၂နာရီခန့်သာ နာကျင်ခြင်းဝေဒနာခံစားရတယ်) မွေးပြီးတော့ရော( ညအိပ်ရေးမပျက်ဖူးဘူး) တခါမှ ဒုက္ခမပေးခဲ့ပါ။ သားကြီးကိုယ်ဝန်မှာ အသီးအနှံဆိုလို့ ပန်းသီးစားချင်ပါတယ်။ အမြဲ ပန်းသီးတလုံးဆောင်ထားရတယ်။ သို့သော်စားပြီးတာနဲ့ ချက်ချင်းပြန်အန်ပါတယ်။ ဘာလို့မှန်းလဲ မသိပါ။ နောက်တခု ငပိရည်အလွန်စားချင်ပါတယ်။ တခါမှ မစားဖူးတဲ့ ငပိရည်ကို စားချင်တာ အလွန်အမင်း ချင်းခြင်းတတ်ပါတယ်။ ဖီးကြမ်းငှက်ပျောသီးကို ဆီနဲ့ကြော် သကြားနဲ့ တို့စားချင်တဲ့ ဆန္ဒလေးတော့ မပြည့်ခဲ့ရပါဘူးရှင်။ ဒီမှာ ဝယ်မရလို့ပါ။ အဲဒီ ငပိရည်ကိုတော့ သားကြီးကိုယ်ဝန်မှာတည်းက စွဲစွဲမက်မက် စားတာ အခုထိပါပဲ။
ကျမကတော့ ပြထားတဲ့ ငါးခူငပိကိုသုံးပါမယ်နော်၊
ပါဝင်ပစ္စည်းများ
-ငပိဘူး ၄၅၀ ဂရမ် ဘူး
-ရေ ၁ လီတာ
-ငရုတ်သီး ၁၀တောင့်
-ကြက်သွန်ဖြူ ၂၅မွှာ ခန့်
-ငရုတ်သီး အလှော်မှုန့် ၅ ဇွန်း (အချိုဇွန်း)
-ဟင်းခတ်ငါးမှုန့် ၃ဇွန်း ( အချိုဇွန်း)
-ငါးအသားပြုတ် (သို့) ပုဇွန်လှော်ထောင်းပြီးသား ၁၀၀ ဂရမ်
-နံနံပင်
ငပိ ဘူးထဲက ငပိများကိုရော ငါးကိုပါ ရေ တလီတာ ခန့် အိုးတလုံးထဲထဲ့ပြီး ကျိုထားပါ။ အဲဒီအချိန်မှာပဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ဒယ်ပေါ်မှာ လှော်နေပေးပါ။ မွှေးနေပါမယ်နော်။ ၅ မိနစ်ခန့်လှော်ပြီး ကြက်သွန်ဖြူ ကျက်သလောက်ဖြစ်ရင် ခပ်ညက်ညက် ရော ထောင်းထားပေးပါ။ ငပိရည်ကျိုပွက်ပြီဆိုရင် ဇလုံတလုံးထဲကို ဇကာစစ် ချလိုက်ပါ။ ရလာတဲ့ငါးခူကို အသားနွှင်ထားပေးပြီး အရိုးတွေကို ပစ်လိုက်ပါ။
ငပိရည်ဖျော်ရအောင်
ငါးခူအသားတွေကို စစ်ထားတဲ့ငပိရည်နဲ့ရောပါ။ ငရုတ်လှော်မှုန့်၊ ဟင်းခတ်မှုန့် ( ကြိုက်နှစ်သတ်သလို ထပ်မံ ဖြည့်စွပ်ပါ) ထောင်းထားတဲ့ ကြက်သွန်ဖြူအရောကို ရောမွှေပေးပါ။ အရသာ အချိုအငံ ကြိုက်ပြီဆိုရင် ငါးအသားပြုတ် (သို့) ပုဇွန်လှော်ထောင်းပြီးသားတို့ကို ထဲ့ရောမွှေပေးပါ။ နံနံပင် ကြိုက်ရင် နုတ်နုတ်စင်းကာ ရောပြီးရင် မြန်မာ ငပိရည်ကျိုကို ရပါပြီ။ အေးသွားရင် ပုလင်းလေးများဖြင့်လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ ထဲ့ထားရင် ကြာရှည်ခံ စားလို့ရပါတယ်။ ပျစ်သွားတတ်တဲ့အတွက်စားခါနီး ရေနွေးလေးရော ပြီး ခပ်နွေးနွေးအနေဖြင့် တို့စရာအစုံဖြင့် တွဲဖက်ကာ ဟင်းပူပူ ထမင်းပူပူဖြင့်မြိန်ရှက်စွာစားသုံးနိုင်ပါပြီ။
it’s my favorites too. Thanks for showing those
THANKS ❤