အာလူးကတ်တလိတ်လုပ်နည်း
အာလူးကတ်တလိတ်ကို တအိမ်လုံး အသဲစွဲကြိုက်ကြတယ်။ ကလေးတွေက အစာသွပ်ရင် မကြိုက်ဘူး။ ကျမက နှစ်မျိုးလုံး ကြိုက်တယ်။ အဖေလုပ်သူ ကိုထက်က ကျမ ဘာချက်ချက် စားရတယ် အဲလေ ကြိုက်တယ်ပေါ့နော်။ ဒီမှာက ကြက်သွန်၊ အာလူးဝယ်ရင်ချိန်ဝယ်တာထက် အထုပ်လိုက် ဝယ်တာကပိုတန်တယ်ဆိုတော့ တန်လို့ဝယ်ရင်း ဟင်းချက်ပြီး ပိုနေတဲ့ အာလူးတွေကို မလေရအောင် အာလူးကတ်တလိတ် လုပ်စားရတာပေါ့လေ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ ( အနေတော် ၇ လုံးစာ)
-အာလူး ၄၀၀ ဂရမ် ခန့်
-ငါးအသား ၅၀ ဂရမ်
-ကြက်သွန်နီ အလုံးလတ်လတ် ၁လုံး
-ကြက်သွန်ဖြူ ၂မွှာ
-ဆား
-အသားမှုန့်
-မဆလာ
-ငရုတ်သီးမှုန့်
အာလူးများကို ရေများများနဲ့အိုးတလုံးမှာ ပြုတ်ပါ ။အာလူးတွေမြုပ်နေရပါမယ်။ အာလူးကို ခရင်းနဲ့ထိုးလို့ ထုတ်ချင်းပေါက်ပြီး နူးပြီ ဆိုရင် ရေတွေသွန်ပြီး အအေးခံထားလိုက်ပါ။
အအေးခံထားချိန်မှာ အဆာအတွက် ကြက်သွန်နီ၊ ဖြူ သေးသေးစင်းထားကာ ဆား၊ အသားမှုန့် ၁ဇွန်း (အချိုဇွန်း) ငရုတ်သီးမှုန့် ဇွန်းဝက်(အချိုဇွန်း) ၊ မဆလာအနဲငယ် တို့ကိုဆီပါလေကာဖြင့် လှိမ့်ပေးပါ။ ငါးအသားကို ထဲ့မွှေပြီး မွမွလေးခြောက်သွားသည်အထိ ကြော်ကာ ဆီစစ်ထားပါ။ ( ဒီနေရာမှာ အသားတောက်တောက်စင်း ၊ ပုဇွန်ခြောက်မှုန့် တို့ကို ငါး အစား သုံးနိုင်သလို သတ်သတ်လွတ်လဲ အသီးအနှံများနဲ့ ကြော်နိုင်ပါတယ်)
အေးနေတဲ့အာလူးပြုတ်တွေကို အခွံခွါပေးပါ၊ ပြုတ်ထားပြီးသားမို့ အခွံခွါရလွယ်ပေမဲ့ ဇွန်းတချောင်းနဲ့ ခြစ်လိုက်တော့ ပိုလွယ်တာပေါ့နော်။
ငရုတ်ဆုံနဲ့ ဖွဖွလေး ထောင်းပါ ။ ကျမက အာလူးကို စီးနေအောင် မထောင်းပါဘူး။ ကြေလောက်အောင် ပဲ ဆုံထဲမှာ ထောင်းပါတယ်။ စီးနေရင် ကိုင်ရတာ လုံးရတာ ခက်လို့ပါ။ ထောင်းပြီးသား အာလူးတွေကို ဆား ၊ အသားမှုန့်၁ဇွန်း(အချိုဇွန်း) ၊ မဆလာအနဲငယ်တို့ဖြင့် နယ်ပါတယ်။
ခွက်တစ်ခုထဲမှာ ဂျုံမှုန့် ထည့်ထားပြီး အာလူးလုံးမဲ့လက်ဖဝါးနှစ်ဖက်လုံးမှာပါပွတ်ပေးပါ။( ဂျုံမှုန့်အစား ကော်မှုန့်၊ အကြော်မှုန့် သုံးနိုင်ပါတယ်)
ထောင်းပြီးသားအာလူးများကို လက်တဆုပ်စာအရွယ်လောက် ယူပြီး လုံးပါ။ ပြီးမှ အလယ်ကို ဖိပြားလိုက်ပါ။ ခွက်သွားတဲ့နေရာကို ကြော်ထားတဲ့အစာကို အချိုစားဇွန်း ၁ဇွန်းစာထဲ့ပြီး ဘေးကအာလူးအသားများကို အုပ်ကာ ကတ်တလိတ်ပုံလေးလို ပုံသွင်းလိုက်ပါ။ ဂျုံမှုန့် ကို လိုက်ကပ်လိုက်ပြီး ပန်းကန်တချပ်မှာ စီထားပါ။
ဒယ်အိုးတလုံးထဲကို ဆီခပ်များများထည့်ကာ ဆီပူလာရင် ပျဉ်တော်သိမ် ၄ ရွက်လောက် ခဏထဲ့ကြော်ဆယ်ထားပါတယ် ( ဆီမွှေးသွားအောင်ပါ)
အာလူးလုံးထားတာများကို ဆီပူထဲကို ဖြေးဖြေးလျှောထည့်ပါ ၊ မီးကို အနေတော်လောက်နဲ့ကြော်ပါ။ အာလူးများ အကျက်ညီပြီး ရွှေဝါရောင်လေးများဖြစ်လာကာ မွှေးလာရင် ဆယ်ပြီး ဆီစစ်ထားပါ။ အရသာရှိသော အာလူးကတ်တလိတ် လေးများရပါပြီရှင်။ ထမင်းပူပူ ရယ် ခရမ်းချဉ်သီး ဆော့လေးရယ်နဲ့ စားရင်ဖြင့် ဘာဟင်းမှ မလိုတဲ့ ထမင်းမြိန်ဆေးဖြစ်သလို သူ့ချည်းပဲလဲ ဆော့နဲ့တွဲစားလို့လဲ အလွန်အရသာရှိပါတယ်။