ရုံးပတီသနပ်(ရခိုင်)
ရုံးပတီးသနပ်လို့ ရခိုင်လူမျိုးများက ခေါ်ဝေါကြတယ်လို့ သိရပါတယ်ရှင်။ ကျမ ရဲ့ အကြိုက်ပဲ ဆိုပါစို့။ ကျမတို့ မြန်မာဟင်း နှပ်စားတာမျိုး မဟုတ်ပဲ ချိုချိုချဉ်ချဉ် အလွန်စားကောင်းပါတယ်။ အထူးအဆန်းလေး နဲ့ စားကောင်းတာမို့ မေးမြန်းရှာဖွေ ဖော်ထုတ်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ရုံးပတီသီး ၂၀ တောင့်ခန့်
-ရှာလကာရည် ၂ဇွန်း ( ထမင်းစားဇွန်း)
-သကြား ၁ဇွန်း (စားပွဲတင်)
-ပုဇွန်ခြောက် ကြိတ်ပြီးသား ၃ဇွန်း (စားပွဲတင်)
-ငပိ၁ဇွန်း (အချိုဇွန်း)
-ကြက်သွန်နီ အနေတော် ၂လုံး
-ကြက်သွန်ဖြူ ၂မွှာ
-ငရုတ်သီး အရောင်တင်မှုန့် ၁ဇွန်း (စားပွဲတင်)
-ဆား ၁ဇွန်း (အချိုဇွန်း)
-နှမ်းလှော်အဖြူ အနဲငယ်
ရုံးပတီသီးနုနုများကို အညှာကိုဖြတ်ထုတ်ထားကာ လေးစိတ်စိတ်ထားပေးပါ။ စိတ်တဲ့အခါမှာ ပုံမှာပြထားတဲ့အတိုင်း မပြတ်အောင်စိတ်ဖို့လိုပါတယ်။
အတောင့်လိုက်လေးတွေ ဒယ်ထဲကိုစီထဲ့ပြီး ရှာလကာရည်၊ ဆားအနဲငယ်၊ သကြား ထဲ့ ရေအနဲငယ် ထဲ့ပြီး နွမ်းလာတဲ့အထိအဖုံးအုပ် တည်ပေးထားပါ။( နူးပြဲ မသွားခင်) နွမ်းသွားရင် မီးပိတ်လိုက်ပါ။
ကြက်သွန်နီ၊ ဖြူကို ပါးပါးလှီးပြီး သေးသေးလေးများဖြစ်အောင်ပြန် လှီးထားပါ။
နောက်ဒယ်တလုံးထဲမှာ ပါးပါးလှီးထားတဲ့ကြက်သွန်များဖြင့် ဆနွမ်းထဲ့ ငရုတ်သီးအရောင်တင်မှုန့်ထဲ့ပြီးဆီသတ်ပေးပါ။ ကြက်သွန်ကျွတ်လာပြီဆိုရင်ပုဇွန်ခြောက်များ ထဲ့ပါ။ ငပိကို ရေဖျော်ထားပြီး ရောမွှေပေးပါ။ ဆား ထဲ့ပေးပါ။ ဆီပြန်လာပြီဆိုရင် ရုံးပတီးသီးများကိုရောပြီး အရသာဝင်အောင် ၁မိနစ်ခန့်လှိမ့်ပြီးမီးပိတ်လိုက်ပါ။ နောက်ဆုံးမှာ နှမ်းလှော်မွှေးမွှေးလေးဖြူးပေးပြီး သူ့အပေါ်ကနေ ကြက်သွန်ကြော် ကျွတ်ကျွတ်လေးများ ထပ်ဖြူးပေးခြင်းဖြင့်အဆုံးသတ်ပါ။
ရခိုင်ရိုးရာရုံးပတီးသနပ်ချိုချဉ်စပ်မွှေး လေး ရပါပြီ။ ဒီနည်းလေးမှာ အရေးကြီးတာက ရုံးပတီးသီး လေးများက နုနုလေးများဖြစ်ဖို့လိုပါတယ်။ စားရင်လဲ တတောင့်လုံး ကိုပါးစပ်ထဲ ထဲ့လိုက်ပြီး စားတာပါတဲ့နော်။