အဲဒီဟင်းကိုအခု အသက်အရွယ်ရောက်မှ အလွန်ကြိုက် ဘယ်နေရာမှာမြင်မြင်စားချင်ပါတယ်။ ဒါပေမဲ့ ကျမငယ်ငယ်က ဘဲဥချဉ်ရည် တို့ ကြက်ဥကြော်တို့ ချက်ပြီး ကျောင်းကို ထမင်းချိုင့် ထဲ့ပေးရင်အလွန်ရှက်ပါတယ်။ ဘဲဥ ကြက်ဥ အလွန်ဈေးပေါသောကြောင့် သူငယ်ချင်းတွေရှေ့ ထမင်းချိုင့် ဖွင့်ရင် ဒီဈေးပေါတဲ့ ဘဲဥဟင်းကိုမပြချင်တော့ကာ ဆန္ဒပြပြီး လုံးဝမထိပဲ ပြန် ယူလာတတ်ပါတယ်။ အိမ်မှာတော့ အရမ်းစားတာပေါ့။ အဲဒီလိုကို ဆိုးခဲ့တာ။ အခုမှ တော်တော်တည်ငြိမ်ရင့်ကျက်လာပါတယ်။( ကိုယ့် ကို ကိုယ်ထင်တာပြောပါတယ်လေ) ပြန်စဉ်းစားတိုင်း အဲလိုတွေးခဲ့တဲ့ အတွေးကို သေးသိမ်လိုက်တာဆိုပြီးရှက်မိပါရဲ့။ ခုတော့ ကျမအိမ်မှာ ဒီဟင်းက တအိမ်လုံး အကြိုက်ဆုံးဟင်းမို့ တပတ်တခါအနည်းဆုံးချက်ပါတယ်။ ဪငယ်ငယ် တည်းက ကျမရဲ့အရူးရောဂါက ဘဲဥ ကြက်ဥကို အတွင်းအနှစ်ကျက်သွားရင် လုံးဝမစားပါရှင်( ချွင်းချက်= ဝက်သားတုတ်ထိုးသည်ရဲ့ ကြက်ဥကလွဲရင်)။ အဲဒီအနှစ်ကို ကြိုက်လို့လားဆိုတော့မဟုတ် အကာကိုပိုကြိုက်ပါတယ်။ အဲဒီ အကာကလဲ အပြင်ဘက်က ကြော်ထားရပါအုံးမယ်။ အဲသလိုကို ဘဲဥဟင်းတခွက်က ကျမအတွက် တော့ လွန်စွာအသေးစိတ်ကျဖို့လိုအပ်ပါတယ်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဘဲဥ ၁၂လုံး
-ကြက်သွန်အသေး ၁လုံး
-ကြက်သွန်အဖြူ ၃ဥ
-ငရုတ်သီးကြမ်းကွဲ ၁ဇွန်း(အချိုဇွန်း)
-မကျည်းသီးအမှည့်ရေဖျော် အနေတော်
-ငရုတ်သီးစိမ်း ၄-၅ တောင့်
-အရောင်တင် ၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ဇွန်းဝက်(အချိုဇွန်း)
-ဆား၊ အရသာမှုန့်၊ ငံပြာရည်
-ပျဉ်းတော်သိမ် ၄ -၅ ရွက်
-မဆလာ အနဲငယ်
ဘဲဥ ကြက်ဥ လတ်မလတ်သိချင်ရင် ရေခွက်ထဲ ထဲ့လို့ ဒီလို အောက်ခြေမှာ မြုပ်နေရင် အဲဒါ လတ်တာတဲ့။ ရေတခွက် ကိုင်ပြီး Shopping ထွက်ကြစို့
ဘဲဥကို အနှစ်ပဲကျက်အောင်ပြုတ်ပါမယ်။ ရေပွက်ပွက်ဆူအောင်တည်ပါ။ ဗီနိကာ ၂ စက် ၃စက် ခန့်ထဲ့ပါ။ ရေပွက်ပြီဆိုရင် ဘဲဥလေးများထဲ့ပါ။ စထဲ့ချိန်ကနေ ၇မိနစ်ခန့်အကြာမှာ ဘဲဥလေးများကို အေးစက်နေတဲ့ရေထဲကို ထဲ့ထားပါ။ ဘဲဥလေးများ အေးသွားရင် အခွံကို လွယ်လွယ်ခွါလို့ရပါပြီ။ အနှစ်လေးလဲ အထဲမှာ ရဲရဲလေးနေပါမယ်။
ခွါပြီးသား ဥလေးများကို ဘေးကနေ ဓားလေးဖြင့် အရစ်လေးများလိုက်ပေးပြီး ဆနွမ်းအနဲငယ်ထဲ့ထားသောဆီပူတွင် ၁မိနစ်ခန့် ကြော်ပေးပါ။ အပေါ်ရံ ဝါဝါလေးနဲ့ ကျွတ်ကျွတ်လေးဖြစ်နေပါမယ်နော်။ ဘဲဥလေးတွေက အဆင်သင့်ဖြစ်နေပါပြီ။
ကြက်သွန်များနဲ့ ငရုတ်သီးကြမ်းကွဲကိုညက်နေအောင် ရောထောင်းထားပါ။ ဆီပူမှာ ကြက်သွန်အထောင်းနဲ့ ပျဉ်းတော်သိမ်၊ ဆနွမ်း၊ အရောင်တင်တို့ဖြင့် ဆီသတ်ပါ။
ကြက်သွန်များတော်တော်ကျွတ်လာပြီဆိုရင် မကျည်းရည် ဖန်ခွက်၁ခွက်စာထဲ့ကာ ငရုတ်သီးစိမ်း၊ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့ကို သင့်ရုံထဲ့ပြီးခဏအဖုံးအုပ်ပါ။ အနှစ်ကျပြီး ရေကျန် ဆီအနဲငယ်ပြန်စပြုလာရင် အရသာမြည်းကာ မီးပိတ်ပြီး ဘဲဥလေးများ ထဲ့ရောမွှေပါ။
မဆလာအနဲငယ်ဖြူးပြီး နံနံပင်အုပ်ပြီးရင်ဖြင့် ထမင်းပူပူဖြင့်တွဲစားရန် ဘဲဥချဉ်ရည်ဟင်းချဉ်ချဉ်စပ်စပ်မွှေးမွှေးတခွက် ရပါပြီရှင်။
အိသက်ရေ … ကျွန်မလဲ အထဲက အနှစ်မကျက်တာကို သိပ်ကြိုက်တာ… အိသက်နည်းလေးကို တွေ့တော့ ဝမ်းသာသွားပြီး လိုက်ပြုတ်တယ် ဒါပေမဲ့ တို့ ပြုတ်လိုက်တာ အဖုံးအုပ်လိုက်မိလို့လားမသိဘူး အထဲပါကျက်သွားတယ်…အိသက်ပုံမှာတော့ အဖုံး အုပ်ထားတာမတွေ့လို့ အဲ့ဒါ အဖုံးအုပ်ပြုတ်ရလား မပြုတ်ရဘူးလားဆိုတာလေး သိလို့ ရမလား ရှင်…ကျေးဇူးတင်ပါတယ်
no , a ma . i did not cover