ပဲထွန်ဆေးခါးဟင်းချို (အင်းလေး- ရှမ်း) ပဲထွန်ဆေးခါးဟင်းချိုတခွက်ကိုချက်ဖို့ ကျမမှာ ဟိုလူကယ်ပါ ဒီလူကယ်ပါနဲ့ပေါ့။ မစုမိ နဲ့ လင်းက နည်းပေးတယ်။ ရန်ကုန်ကမမီးကို လှမ်းပြီး ဒုက္ခပေးရှာခိုင်းရတယ်။ အဲဒီလို လူအမျိုးမျိုးကို နှိပ်စက်ပြီးသကာလ ပဲထွန် ဆေးခါးစတာတွေလက်ထဲရောက်လာတော့ ကျမဒီ ရှမ်းရိုးရာဟင်းချိုကို လူအများကောင်းစားဖို့( သူတို့ ၃ယောက်ကို ဒုက္ခပေးရကျိုးနပ်သွားအောင်) စချက်ပါတော့မယ်ရှင်။
ပဲထွန်ကို နူးအောင် ပြုတ်ပြီး ဆယ်ကာ ထောင်းထားပါ။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပြီး ဆီပါလေကာ အိုးထဲ ထဲ့ပြီး ဆနွမ်းထဲ့ဆီသတ်ပါ။ ပြီးမှ ထောင်းထားသောပဲများထဲ့ကာ ရေ ၇၅၀ မီလီလောက် ( ဟင်းချိုခွက် ၂လုံးစာ) ထဲ့ကာပွက်ပါစေ။ ဆား၊ အရသာမှုန့်တို့ ဟင်းရည်အိုးထဲ ထဲ့ရပါမယ်။ ပဲထွန်ဆေးခါးဟင်းရည်က ဂျင်းများများ နဲ့ ကြက်သွန်ဖြူထောင်းများများ အဓိကပါ။ ကြက်သွန်နီကို ထဲ့လိုက ထဲ့နိုင်ပါတယ်။
ပွက်လာပြီး အပျစ်အကျဲအနေတော်ရင် နောက်ဆုံးမှာ အရသာ မြည်းပြီး ဆေးခါးမှုန့်ကို အခါးသောက်နိုင်တာပေါ်မူတည်ပြီး ထဲ့ပေးကာ ပူပူလေးသုံးဆောင်ရန် ရှမ်းဟင်းချိုတခွက်ရပါပြီ။ သတ်သတ်လွတ်မဟုတ်တဲ့ဟင်းချိုလိုချင်ရင်တော့ ငါးနဲ့ချက်လို့ရပါတယ်။ ပဲထွန်ဟင်းရည်ကို ငါးနဲ့လဲ ချက်စားပါတယ်။ ငါးနဲ့ချက်ရင်တော့ ငါးနဲ့ ပဲထွန်ပေါင်းပြုတ်ပြီး နူးရင် ပဲထွန်ကိုလဲ ထောင်း ငါးကိုလဲ အရိုးနွင်ပြီးထောင်းပါ။ ထောင်းပြီးငါးကို ဆား ၊ အရသာမှုန့်နဲ့ နယ်ပြီး ဂျင်း၊ ကြက်သွန်များဆီသတ်ပြီးဟင်းရည်အိုးထဲပြန်ထဲ့ရပါမယ် ။ရေထဲ့ပြီး ရေပွက်လာရင် နောက်ဆုံးမှာ အရသာ မြည်းပြီး ဆေးခါးမှုန့်ကို အခါးသောက်နိုင်တာပေါ်မူတည်ပြီး ထဲ့ပေးပါ။