ကြက်ဥထောင်း (ကချင်ရိုးရာ)
ကျမ ကိုဒီနည်းလေးပေးတဲ့ ကချင်မလေးက မြေနီကုန်း ရှမ်းကုန်းလမ်းထဲက Fingers Foodgarden ဆိုင်ပိုင်ရှင်ချောချောလေးပဲဖြစ်ပါတယ်။ ကျမက သူ့ကို ကချင်ဟင်းလေးတွေ ရေးချင်ကြောင်း အကူအညီတောင်းတဲ့အခါမှာ သူမလေးက ကျမကို ညတွင်းချင်း ကချင်ရိုးရာ နည်းလေးတွေကိုရေးပေးရှာပါတယ်။ ကျမအချိန်ကို ကြည့်လိုက်တော့ မြန်မာပြည်မှာ တော်တော်ကို မိုးချုပ်နေပါပြီ။ စိတ်ရင်းကောင်းပြီး ကူညီတတ်သူလေးဆိုတာ ချက်ချင်းသိလိုက်ပြီး ကျမ အလွန်ကို ကျေးဇူးတင်မိပါတယ်။ ကချင်ရိုးရာ အစားအစာများကို အားပေးချင်ရင်တော့သူကလေး ဆိုင်ကလေးက စေတနာပါပိုထဲ့ပေးမဲ့ဆိုင်ကလေးဖြစ်ပါလိမ့်မယ် လို့သတင်းပေးချင်ပါတယ်ရှင်။ ဒီ ကြက်ဥထောင်းလေးကို ကျမရော အမျိုးသားရော အလွန်ကြိုက်နှစ်သက်ပြီး ခံတွင်းအလွန်တွေ့တဲ့ အစားအစာလေးပါရှင်။ လုပ်ရတာလဲ အလွန်လွယ်ကူပါတယ်။ကြည့်ရအောင်
ပါဝင်ပစ္စည်းများ(တပွဲစာ)
-ကြက်ဥ ၂လုံး
-ငရုတ်သီးစိမ်း၁တောင့်
-ကြက်သွန်ဖြူ ၁ဥ
-ဂျင်း အနဲငယ်
-နံနံပင် ၅ ဂရမ်(လက်တဆုပ်စာ)
-ဖက်ဖယ်ရွက် ( မရှိရင်ပင်စိမ်းသုံးပါ) အနဲငယ် Vietnam corriander
-ဆား လိုသလောက်
-အရသာမှုန့်၁ ဇွန်း (အချိုဇွန်း)
ကြက်ဥလေးတွေကို ပြုတ်ထားပါ။ ဒီနေရာမှာ ကျမကြက်ဥပြုတ်တဲ့အခါတိုင်း အနှစ်အလွန်ကျက်အောင်မပြုတ်ပဲ အနှစ်ရဲရဲလေး ခပ်ပျော့ပျော့အနေမှာထားပါတယ်။ အဲဒါမျိုးလိုချင်ရင် ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ပါ။ ဗီနီဂါ ၃ – ၄ စက် ထဲ့ပါ။ ကြက်ဥကိုရေနွေးပွက်မှ ထဲ့ပါ။ ထဲ့တဲ့အချိန်ကနေ ၇မိနစ် အကြာပြုတ်ပါ။ ပြီးရင် ရေအေးအေးထဲကို ချက်ချင်းစိမ်ပါ။ ကြက်ဥလေးတွေ အေးပြီးဆိုရင် အခွံကို ခွါတဲ့အခါလွယ်လွယ်ကူကူ ခွါလို့ရနေပါမယ်နော်။
ပြီးရင်အကာကိုသပ်သပ် ဖယ် ပြီး ခပ် သေး သေး လှီး အနှစ်ကို သပ် သပ် ဖယ် ထားပေးပါ။
ဆုံထဲမှာ ဂျင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဥကို ညက်အောင်ထောင်းပေးပါ။ နံနံပင်၊ ဖက်ဖယ်ရွက် ကိုပါထည့်ပြီး ထောင်းပါ။
ဆား အနည်း ငယ် ထည့်ပါ။ပြီးမှ ကြက် ဥ အကာ ကို ထည့်ပြီး ထောင်းပါ။ အရသာမှုန့်ထဲ့ပေးပါ။ ဇွန်းလေး ၁ ချောင်းဖြင့် မွှေလိုက် အနဲငယ် ထောင်းလိုက်လုပ်ပါတယ်။
ပြီး မှ အနှစ် ကို ထည့် ထောင်းပြီး။ ဆီစိမ်း နည်းနည်း လေး ထည့် ပေး ဆီဖုံး တဝက် စာခန့်ထဲ့ပေးပါ။
နောက်ဆုံးမှာ သံပုရာ သီး နဲနဲညှစ်ပေးပြီးအရသာရှိရှိ စိမ့်ပြီး စပ်သော ကချင်ကြက်ဥထောင်းလေးရပါပြီ။
thanks for easy cooking.