သီးစုံဆန်လှော် ဆေးခါးဟင်းရည်
ကဲ ကျမရဲ့ ဒီဟင်းရည်လေးအကြောင်းကိုပြောရရင်တော့ လူငါးယောက်ပါလာပါမယ်။ တဦးက ဒီဟင်းရည်ရဲ့ဇာတ်လမ်းကို စသူ မစုမိ၊ သူက ကျမကို ဒီဟင်းရည်လုပ်ပါလားလို့ အကြံဉာဏ်ပေးပါတယ်။ အဲဒီအချိန်မှာကိုထက်က အင်းလေးမှာဆိုလို့ လိုအပ်တာတွေလှမ်းမှာပါတယ်။ အချိန်ကွာခြားချက်ကြောင့် ဖုန်းဆက်တာမမှီလို့မရလိုက်ဘူး။ သူကအင်းလေးကနေ ရန်ကုန်ကိုပြန်ဖို့လေဆိပ်မှာရောက်နေပါပြီ။ ကျမကိုတောင်ကောင်းကောင်းစကားမပြောနိုင်ဘူး။ အမေစု ( ဒေါ်အောင်ဆန်းစုကြည်) လာမှာနဲ့ လေဆိပ်မှာတိုးနေလို့ သူအရမ်းပျော်နေတယ်ဆိုပြီး ဖုန်းချသွားပါလေရော။ အဲဒီမှာတင် ကျမကို အမတယောက်လို အမြဲကူညီပေးသော ရန်ကုန်ကမမီးမီးမြင့်သိန်း(မမီး) ကိုလှမ်းပြီးအပူကပ်ပါတယ်။ မရမချင်းဖုန်းခေါ် နှိပ်စက်ပါတယ်ရှင်။ ဆူဆူဆဲဆဲနဲ့ ကျမလိုချင်တာကို သူ့ခမြာ ရအောင်ဖန်တီးပေးရှာပါတယ်။ ကိုထက်က လန်ဒန်ထိ ရောက်အောင်သယ်လာပေးသူပေါ့။ ဒီရောက်တော့ လင်းဆိုတဲ့ ရှမ်းမလေးက ပြင်သစ်ကနေ နည်းကို ဖုန်းနဲ့တမျိုး စာနဲ့တဖုံ သေခြာသင်ပေးနဲ့ ဒီဟင်းက အတော်ကို ရှည်လျားထွေပြားသွားပါတယ်။ ကျမသို့ပေသိ စားကောင်းတယ်ဆိုတော့ ဒီ၅ယောက်ပင်ပန်းရကျိုးနပ်ပါပြီလို့ သူတို့တော့သိဘူး ကိုယ်ဟာကို ကျေနပ်လိုက်ပါတယ်ရှင်။ ဒီထဲမှာပါတဲ့ ဆေးခါးမှုန့်က ကျန်းမာရေးနဲ့ညီညွတ်ပြီး သူ့ရဲ့ အာနိသင်က ကြက်ဟင်းခါးသီး အာနိသင်လိုပါပဲတဲ့။
ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-၀က်သား ၅၀ ဂရမ်
-၀က်ခေါက်ကြော် ၁၀ ဂရမ်
-ခရမ်းခဆော့ခါးသီး
-ခရမ်းသီး
-ခရမ်းချဉ်သီး
-ကြွက်နားရွက်မှို
-အာလူး
-ကြက်သွန်နီ
-ဖရုံသခွါးသီး (ဖရုံသီးစိမ်း)
-မုန်လာဥနီ
-ပဲပုပ်မှုန့် (ပဲပုပ်ချပ်ကို ကင်ပြီးထောင်းထားပါ)
-ငရုတ်ကောင်း အနဲငယ်
-ဆန်လှော်မှုန့် ၂ဇွန်း(စားပွဲတင်)
-ဆား
-အရသာမှုန့်
– ဆေးခါး
– ကြက်သွန်မြိတ်
(အသီးအနှံတွေ ကိုအနဲငယ်စီထဲ့ပါ။)
ချက်နည်း ။ ။ ၀က်ခေါက်ကို ကြော်ပြီး ရေစိမ်ထားရပါမယ် (ပွပြီး ပျော့ပျော့နေတဲ့အထိ) ကျမက ရယ်ဒီမိဒ် ဝက်ခေါက်ကြော်ကိုသုံးလိုက်တယ်။
ပါးပါးလှီးထားတဲ့ ၀က်သားကို ဆီအနဲငယ်နဲ့ အရင်ကြော်ပေးပါ။
အသီးအနှံတွေကို ကြိုက်နှစ်သက်ရာပုံစံနဲ့လှီးဖြတ်ထားပေးပါ။ ၀က်သားရလောက်ချိန်မှာ လှီးဖြတ်ထားတဲ့ သီးစုံတွေ အကုန် ထဲ့ လုံး ပြီး ခန လုံးကြော်ပေးရပါမယ်။သီးစုံတွေ နွမ်းလာရင် ဆား၊ အရသာမှုန့်၊ ပဲပုပ်မှုန့်အနဲငယ် ထဲ့ပြီးမွှေပါ။
ပြီးရင် ရေ၁လီတာခွဲခန့်ထဲ့ လိုက်ပြီး တည်ထားလိုက်ပါ
ဟင်းရည်အိုးဆူလာရင် ရေစိမ်ထားတဲ့ ၀က်ခေါက်နဲ့ ကြွက်နားရွက်မှို ထဲ့လိုက်ပါ
အားလုံး နူးပြီး ကျက်တဲ့ချိန် အရသာမြည်းပြီး လိုအပ်သလို ဆားငရုတ်ကောင်း ၊ အရသာမှုန့် ထဲ့လိုက် ပြီး ..ဆန်လှော်မုံ့ ကို ထဲ့ လိုက်ရပါမယ် ဆန်လှော်မုံ နံ့လေး မွှေးပြီးရလောက်ချိန်မှာ အခါးစားနိုင်သလောက် ဆေးခါးမှုန့် ကို လဖက်ရည်ဇွန်းစာခတ်ပါ။
နှစ်သက်သလို ဟင်းပန်းကန်ထံ ခတ်ထဲ့ပြီး ကြက်သွန်မြိတ် စင်းပြီးဖြူးထဲ့လိုက်ရုံဖြင့် စားလို့ အသင့်ဖြစ်နေတဲ့သီးစုံ ဆန်လှော် ဆေးခါး ဟင်းရည် စားလို့ ရပြီပေါ့ရှင်။
kyite ma kyite, all the dishes from Shan and Kachin is my favorites.
🙂
အစ်မTwitterသုံးလား?
no nyi ma , why?