ဒီဟင်းလေးက မွန်ဓလေ့ထုံးစံအတိုင်း ချက်ပြပေးပါမယ်။ ဒီနည်းလေးကတော့ကျမဖတ်ဖူးတဲ့ ဗမာလူငယ်ကဏ္ဍ ကနည်းလေးကိုအသုံးပြုပါတယ်ရှင်။ မူရင်းရေးသားသူကိုအလွန်ကျေးဇူးတင်ပါကြောင်း ဒီနေရာကပြောပါရစေနော်။ မွန်ရိုးရာအတိုင်း ငပိရယ်၊ မရမ်းသီးရယ်ကတော့ မပါမဖြစ်ပါ။ မရမ်းသီးမရနိုင်ရင် မကျည်းသီးကို သုံးနိုင်ပါတယ်ရှင်။ ဒီမှာတော့ကျမက ကြာရိုးကိုသန့်စင်ပြီးသား ပုလင်းလေးတွေနဲ့ရပါတယ်။ ရိုးရိုးကြာရိုးကိုခူးရမယ်ဆိုရင်တော့ ကြာရိုးခွံလေးတွေကို ဓားလေးနဲ့ခြစ်ပြီးခွါပေးရပါမယ်နော်။ အနေတော်လှီးဖြတ်ထားပေါ့။ သန့်စင်ပြီး ဟင်းခါးအဖြစ်သက်သက်လဲချက်နိုင်ပါတယ်တဲ့။ ငါးကိုတော့အရိုးနဲ အသားများတဲ့ ငါး မည်သည့်ငါးကိုမဆိုသုံးနိုင်ပါတယ်။ ကျမက ငါးမြင်းကိုသုံးပါတယ်ရှင်။
ဒီဟင်းလေးဟာ ချိုချိုချဉ်ချဉ်စပ်စပ်လေးနဲ့ထမင်းမြိန်စေမဲ့ သောက်ဆမ်းချဉ်ရည်ဟင်းလေးတခွက်ဖြစ်ပါတယ်ရှင်။ တိုင်းရင်းသားဟင်းတွေဟာ ဆီနဲနဲလေးပါလေကာချက်တာမို့ ကျန်းမာရေးနဲ့အလွန်ညီမယ်ဆိုတာ သေချာပါတယ်။ မွန်မလေးတွေဒါကြောင့် လှတာနေမှာ။ တော်နေကြာအမချက်တဲ့ဟင်းက ဟုတ်လဲဟုတ်ဘူးပြောမှာစိုးလို့။
ပါဝင်ပစ္စည်းများ
-ကြာရိုး
-ငါး ၂၃၀ ဂရမ် (၁၅ကျပ်သားခန့်)
-ငရုတ်သီး အတောင့် ၁၀တောင့်( အလွန်မစပ်သော ငရုတ်သီးလေးများကို အတောင့်၂၀ခန့်ထဲ့ပါ)
-ငပိ စားပွဲတင်ဇွန်း ၁ ဝက်
-မရမ်းသီး ၄လုံး (ကျမက အခြောက်ကိုသုံးပါတယ်)(မလွယ်ရင် မကျည်းရည်သုံးပါ)
-ကြက်သွန်နီ ၁လုံး (ကြီး)
-ဆား လိုသလောက်
-ဆနွမ်း၁ဇွန်း (အချိုဇွန်း)
-အရသာမှုန့် ၃ဇွန်း( စားပွဲတင်)
-ရေ ၂လီတာ
-ရှမ်းနံနံ ၂ပင်ခန့်
ငါးကိုအနေတော်တုံးပြီး ဆနွမ်း၊ ဆား ၊ အရသာမှုန့် ၁ဇွန်းတို့ဖြင့်နယ်ထားပါ။
ကြက်သွန်နီ၊ ငရုတ်သီး၊ မရမ်းသီးတို့ကို ညက်နေအောင်ထောင်းထားပေးပါ။ တည်မဲ့အိုးထဲမှာ ငါး၊ ကြက်သွန်ထောင်းတာများ၊ ကြာရိုးများ၊ ဆား ၊ အရသာမှုန့်၊ငပိ တို့ထဲ့ပြီး နှံ့သွားအောင်ရောမွှေပေးပါ။ ဆီကိုတော့ပါလေကာပဲ ထဲ့ပါတယ်။ စားပွဲတင်ဇွန်း ၂ဇွန်းလောက်ပေါ့။
ပြီးရင် ရေ ၁လီတာခန့်ထဲ့ပြီး မီးဖိုပေါ်ပွက်လာအောင်တည်ပေးပါ။ ဟင်းကိုပွက်ပွက်ဆူလာက ရေကိုထပ်ဖြည့်ရင်း ကြာရိုးနဲ့ ငါးများနူးတဲ့အထိ တည်ပါ။
အရသာအချဉ်အပေါ့အငံမြည်းပြီး နောက်ဆုံးမှာ ရှမ်းနံနံအုပ်ကာ အဆင်သင့်စားသုံးနိုင်ပါပြီရှင်။