သင်္ကြန်ထမင်း( မော်လမြိုင်ထမင်း)
ကျမက ဒီသင်္ကြန်ထမင်း ကို အရင်က ထမင်းကိုရေစိမ်ထားတာပဲ ရိုးရိုးပဲလို့ထင်တယ်။ ငါမကြိုက်လောက်ဘူးရယ်လို့ အမြဲတွေးမိတယ်။ မော်လမြိုင်သူလေးနဲ့ စကားစပ်မိတော့ ဒီအကြောင်းပြောကြတယ်။ သူကအားတတ်သရော ဒီဟာကိုပြောရင်းနဲ့ကို စားချင်လာတဲ့ ပုံလေးဖြစ်နေတော့ကျမက လဲထုံးစံအတိုင်း ဒေါ်စပ်စုစိန်လုပ်ကာ အတူချက် ရအောင်လို့ဆိုပြီးဒီဇာတ်လမ်းကိုစပါတယ်။ မော်လမြိုင်သူတွေရဲ့ ရိုးရာနည်းရော အသစ်ရောစပ်ထားတဲ့နည်းရော ပြောပြပေးတဲ့ သီချယ်လေးရဲ့မေမေနဲ့ သူ့သမီးချောချောလေးကို ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။ မော်လမြိုင်မှာတော့ ဒီထမင်းကို သင်္ကြန်မှာတင်မကပဲ အချိန်မရွေးစားကျပါတယ်တဲ့။ မော်လမြိုင်ထမင်းပဲဆိုပါစို့ ။ တကယ်တော့အဲဒီနေ့က ခါးနာပြီးကာစ သိပ်မသက်သာသေးပါဘူး အကြောကမနေနိုင်လို့ထချက်ရပါတယ်။ သူ့အမျိုးသားလေးနဲ့ ကိုထက်က မစားဘူးလို့ကြိုပြောတော့ အဲဒီနေ့ ကပြည်ပလာတာ သူတို့အတွက်ချက်ပါတယ်ရှင်။ မော်လမြိုင် သူလေးနဲ့ ကျမနဲ့ မီးဖိုထဲ ဘယ်လိုအပြိုင် ကျဲကျသလဲကြည့်ရအောင်
ဖယောင်းသင်းရည်လုပ်ရအောင်
အရင်ဆုံး သင်းရေလုပ်ရပါမယ်နော်။ အဲဒီသင်းရေအေးအေးလေးဆမ်းစားမှအရသာကောင်းပါမယ်ရှင်။ ဖယောင်းတိုင်းက နေဖယောင်းအသားများအနဲငယ်လှီးထားပါ။ * မီးသွေးတခဲကို ရဲနေအောင် မီးကူးစေပြီး အိုးထဲကို ထည့်လိုက်ပါ..အပေါ်ကဖယောင်းအသားများကို တင်လိုက်ပါ။ (နံသာဖြူလေးပါရှိရင် အနံ့က ပိုမွှေးလို့ နံသာလေးကို ပါးပါးလေးတွေ ခုတ်ပြီး ထည့်ပေးလို့လဲရပါတယ်) ဖယောင်းသားလေးတွေ တင်ပြီးတာနဲ့ အိုးကိုလုံအောင်ပိတ်လိုက်ပါ။ (ကျမတို့ကတော့ ပန်းကန်ပြားနဲ့မီးခိုးမထွက်အောင်ဖုံးလိုက်ပါတယ်။) မိုးခိုးထွက်ရင် ဖယောင်းနံ့တွေက ပါသွားတဲ့အခါ သင်းရည်မဖြစ်တော့ပါဘူး…မီးခိုးတွေအထဲမှာလှိုင်နေအောင်စက္ကန့်၃၀ အကြာ ထားပြီး အဖုံးကို အမြန် ဖွင့်ရေ၁လီတာခန့်အမြန်ထဲ့ အဖုံးခဏပြန်အုပ်ပေးထားပါ။ ရေထဲ့ တဲ့အချိန်ဟာအလွန်မြန်ရပါမယ်။ ဒါကြောင့် ရေပုလင်းနဲ့ထည့်မဲ့အစား ဖလားကြီးကြီးထဲ ထည့်ပြီး အမြန်လောင်းထည့်ရင် ပိုကောင်းပါတယ်..မီးခိုးများအပြင်မထွက်ခင်ရေကို အမြန်လောင်းပြီး ထဲ့နိုင်ပါမှ ရေဟာ သင်းနံ့ပျော်ဝင်မှာဖြစ်ပါတယ်။ တမိနစ်ခန့်အုပ်ထားပြီးရင်တော့ အဖုံးပြန်ဖွင့်လို့ရပါပြီ… အဲ့ဒါတော့မှ ရလာတဲ့ အနယ်တွေ ဖယောင်းဖတ်တွေနဲ့ သင်းရည်လေးကို အ၀တ်ပါးလေးနဲ့ စစ်ထုတ်ပစ်လိုက်ရင် မွှေးကြိုင် သင်းပျံ့ပြိး အရသာ တမူထူးခြားနေတဲ့ သင်းရည်လေးကို ရလာပါမယ်ရှင်….
သင်္ကြန်ထမင်းချက်ရအောင်
– ဆန်၁လုံးခွဲ
ဆန်ကိုရေများများနဲ့ချက်လိုက်ပါတယ်။ ကျက်လာပြီဆိုရင် ရေအေးနဲ့ဆေးချပါတယ်နော်။ နောက်တကြိမ်ပြန်တည်ပါတယ်။ သင်္ကြန်ထမင်းက ခပ်ဖွယ်ဖွယ်ဖြစ်ရပါမယ်ရှင်။အဲဒီလိုဖွယ်တယ်တယ်ဖြစ်ပြီဆိုရင် ရေအေးဆေးချပြီး ဇကာစစ်ထားပါ။
တွဲစားစရာလေးများကိုချက်ရအောင်
-သရက်ချဉ်သုတ်( မရနိုင်ရင် သရက်သီးရိုးရိုးသုတ်)
-ကုလားပဲပြုတ်ကြော်( ကြက်သွန်နဲ့ ပဲပြုတ်ကြော်သလို ပဲကိုပြုတ်ထားပြီး နူးရင် ညက်အောင်ထောင်းပြီး ဆီပူမှာ ကြက်သွန်နီပါးပါး နဲ့ ကြော်ပေးပါ၊ အရသာသင့်သလိုထဲ့နိုင်ပါတယ်)
-ငါးခြောက်ထောင်းကြော်
ငါးရံ့ခြောက်၊ ငါးပုတ်ခြောက် ကြိုက်နှစ်သက်ရာ ကိုရေစိမ်ထားပြီး အရိုးနွှင်ကာ ထောင်းပါ။ ကြက်သွန်နီ လေးစိတ်ကွဲကို ဆီပူမှာကြော်ပြီး ကျွတ်လာရင် ထောင်းထားတဲ့ ငါးခြောက်ကိုထဲ့မွှေပါ။ တော်တော်ခြောက်လာရင် ရေအနဲငယ်ထဲ့ပြီး ဆက်ကြော်ပါ။ မခြောက်တခြောက်အနေမှာချပါ။ အရသာလိုသလိုချိန်ထဲ့ပေးပါ။
-ငရုတ်သီးအပွခြောက်တွေကို ဆီပူမှာ ရဲနေအောင်ကြော်ထားပါ။
အဲဒါက သူတို့ရိုးရာမူရင်းစားနည်းပေါ့နော်။ စားတဲ့အခါ ထမင်းကို သင်းရေဆမ်း ငါးခြောက်လေး၊ ပဲပြုတ်ကြော်လေး၊ သရက်ချဉ်သုတ်လေးများကို အနဲငယ်ဆီထဲ့ ငရုတ်ပွနဲ့ စပ်စပ်လေးတွဲစားကာ မော်လမြိုင်သင်္ကြန်ကိုဖြတ်သန်းကြပါလိမ့်မယ်။
နောက်တမျိုးကတော့ အကုန်းရောကြော်တဲ့ လုပ်ထားတဲ့နည်းပါ (ပိုလဲလွယ် စားလို့လဲပိုကောင်းပါတယ် ကျမအကြိုက်ပေါ့လေ)
-သရက်သီး ၁လုံး အရွယ်ကောင်း ဓားနဲ့ပေါက်ထားပါ( သရက်ချဉ်ရှိရင်ပိုကောင်းပါတယ်)
-ပဲဝါလေးကို လက်တဆုပ်စာ ရေစိမ်ထားပါ
-ငါးရံ့ခြောက် ၂ချောင်းကိုရေစိမ်ထားပါ
-ကြက်သွန်နီအသေးတလုံး လေးစိတ်ခြမ်းလှီးထားပါ။
ငါးခြောက်နဲ့ပဲကို အတူပြုတ်ထားလိုက်တယ်။ ပဲနူးရင် ပဲကိုလဲ ညက်အောင်ထောင်း၊ ငါးခြောက်ကိုလဲအရိုးနွှင်ပြီး ထောင်းထားပါ။ ဆီနဲနဲ နဲ့ ကြက်သွန်လေးစိတ်ကွဲကိုကြော်ပြီး ကျွတ်လာရင် ထောင်းထားတဲ့ ငါးခြောက်၊ ပဲတို့ကိုရောပါ။ ရေကိုအနဲငယ်မျှထဲ့ပြီးလုံးပါ။ သရက်သီးစိမ်း ဓားပေါက်ထားတာလေးတွေထဲ့ မွှေပြီး ဆား အရသာမှုန့် လိုသလိုချိန်ဆကာထဲ့ ပြီး ခပ်ခြောက်ခြောက်ဖြစ်လာရင်ရပါပြီ။
စစ်ထားတဲ့ထမင်းကို သင်းရေဆမ်းကာ ငရုတ်သီးပွကြော်၊ ငါးခြောက်ကြော်တို့ နဲ့ တွဲကာစားရင်ဖြင့် တသတ်မမေ့စရာ ရှူးရှူးရှဲရှဲနဲ့ ထူးကဲတဲ့ သင်္ကြန်ထမင်းဖြစ်မှာ ဧကန်မလွဲကြောင်းအာမခံပါတယ်ရှင်။