ဝက်သားမသိုးဟင်း(ရခိုင်ဟင်း)
ကျမရဲ့ ရခိုင်ဟင်း ဇာတ်လမ်းက တမျိုး ၊ ကျမသူငယ်ချင်း လေးက ရခိုင်သူလေးစစ်စစ် နံမည်က စံဝင်းဖြူတဲ့၊ သူက စင်ကာပူမှာနေပါတယ်။ အတွေးမှားပြီး သူက ရခိုင်ဟင်းအချက်ကောင်းတယ် မထင်လိုက်ပါနဲ့နော်၊ လုံးဝပါတဲ့။ ကျမကံကောင်းချင်တော့ သူက ကိုယ်ဝန်နေ့စေ့လစေ့နဲ့ပါ။ ဒါကြောင့် သူ့မေမေသူဆီ ရောက်နေပါတယ်။ အဲဒီတော့ သူ့ကိုမချစ်သော အောင့်ကာနမ်းဖုံးခေါ်ကာ ချစ်ဖို့အလွန်ကောင်းပြီး စကားပြောချိုတဲ့ မေမေ နဲ့ ၁နာရီ အကြာပြောကြ သင်ကြရပါတယ်။ ကျမကို သမီး သမီးဆိုပြီး ကြင်ကြင်နာနာ စကားပြော သင်ပြသွားတာ ကျမမှာ ကျမအမေ့ကိုလွမ်းတဲ့အထိဖြစ်ရပါတယ်။ ဖုံးပြောပြီး လွမ်းကျန်သလိုလိုဖြစ်ခဲ့ရပါတယ်။ ဒီဟင်းလေးက ချက်ထားရင် ကြာကြာခံတာမို့ ဝက်သားမသိုးဟင်းလို့ခေါ်ပါတယ် တဲ့။ ကျမ ချက်ကြည့်ပြီး အလွန်ကြိုက်လို့ ဒါဟာ စာရေးဖို့ဒုတိယအကြိမ် ပြန်ချက်တာပါ။
ပါဝင်ပစ္စည်းများ
-ဝက်သားသုံးထပ်သားအဆီများများပါသောအသား ၅၀၀ ဂရမ်
-ကြက်သွန်နီ အနေတော် ၂လုံး
-ကြက်သွန်ဖြူ ၃မွှာ
-ဂျင်း လက် ၃စစ် ခန့်ကို ထောင်းထားပါ
-မကျည်းသီး လက်ညိုးလက်မ ၁ဝိုင်းစာကို ရေနွေးစိမ်ထားပါ။
-ငပိ အချိုဇွန်း ၁ဇွန်းခန့်
-ငရုတ်သီးအရောင်တင်မှုန့် ၁ဇွန်းခွဲ (အချိုဇွန်း)
-ဆနွမ်း နဲနဲ
-ဆား
-အရသာမှုန့်
ကြက်သွန်နီ၊ အဖြူ၊ ဂျင်းတို့ကို ထောင်းထားပါ။ ဝက်သားက အဆီများများသိပ်မပါရင် ဟင်းချက်ဆီကို များများထဲ့ကာ ဆီသတ်ရပါမယ်။( ပုံမှန်အားဖြင့် ရခိုင်ဟင်းများက ဆီနဲပါတယ်၊ ဒီဟင်းကတော့ ဆီများများနဲ့ အနှစ်ကျအောင် ဆီသတ်ရမှာပါ)
ဝက်သားကိုတော့ အနေတော် အတုံးလေးများတုံးကာ ဆား၊ ဂျင်း အနဲငယ်ဖြင့်နယ်ထားပါ။
ဆီပူမှာ ကြက်သွန်ထောင်းထားတာကို ဆနွမ်း၊ ငရုတ်သီးအရောင်တင် တို့ဖြင့် ကျွတ်လာသည်အထိ ဆီသတ်ပေးပါ။ ဝက်သားနယ်ထားတာတွေကိုထဲ့လုံးပြီး ဆား၊ အရသာမှုန့် ရောကာ အသားထဲ အရသာဝင် ဆီပြန်လာရင် မကျည်းရေ၊ ငပိ ( ငပိကသန့်ရင်ဒီတိုင်းထဲ့ပါ ဒါမှမဟုတ်ရင်တော့ ရေနဲနဲဖျောပြီး သဲမပါအောင် ဇကာစစ်ပြီးထဲ့ပါ ) တို့ရောပြီးမီးအေးအေးနဲ့ နူးလာသည်အထိ ရေ နဲနဲချင်းဖြည့်တည်ကာ အသားနူးအိနေပြီဆိုရင် အရသာမြည်းပြီး အနှစ်များများ အရောင်ရဲရဲလေးနဲ့ ဝက်သားမသိုးဟင်း ရခိုင်ချက်လေး အဆင်သင့်ဖြစ်ပါပြီရှင်။