နို့ခဲလုပ်နည်းကိုတော့ ဒီမှာ အညာနို့ခဲလုပ်စားမယ် ကြည့်နိုင်ပါတယ်။
အညာမှာတော့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစပ်စပ်လေး စားကြပါတယ်။ ကျမ ချက်ပြထားတဲ့နည်းက တော့ မေမြို့ မှာစားခဲ့ ရတာမျိုးပါ။
သူတို့က ချဉ်ပေါင်သုံးပေမဲ့ ကျမက ဒီမှာရလွယ်ပြီးချဉ်တဲ့ ဒေါက်ခွရွက် ကိုသုံးပါမယ်ရှင်။ နွားနို့ခဲရဲ့ အစိမ့်အရသာ ရယ် အချဉ်ဓာတ်ရယ် အစပ်ရယ် အလွန်ကောင်းတဲ့ဟင်းလေးပါ၊။
ပါဝင်ပစ္စည်းများ
-နွားနို့ခဲ ( တပွဲစာ အတုံးလေးများ)
-ဒေါက်ခွရွက် spinach ၅၀၀ ဂရမ်
-ခရမ်းချဉ်သီးအနှစ် ၃ဇွန်း( စားပွဲတင်)
-ငရုတ်သီး ၅တောင့်
-ကြက်သွန်နီ တလုံး(အသေး)
-ကြက်သွန်ဖြူ ၃မွှာ
-ဂျင်းထောင်းပြီးသား ၁ဇွန်း( အချိုဇွန်း)
-အရောင်တင် ၁ဇွန်း( အချိုဇွန်း)
-ဆနွမ်း ဇွန်းဝက် ( အချိုဇွန်း)
-ဇီယာအမှုန့် cumin powder ဇွန်းဝက် (အချိုဇွန်း)
-စမုံစပါး fennel seeds အနဲငယ် ( ၅-၈ စေ့ခန့်)
-နံနံပင် အနဲငယ်
-ဆား အနဲငယ်
-အသားမှုန့်၁ဇွန်း(စားပွဲတင်)
နွားနို့ခဲလေးတွေကို လေးတောင့်အတုံးလေးတွေလှီးထားပေးပါ။ ကျမ က ဒီတခါ နွားနို့ခဲကို Hairy Biker နည်းအတိုင်း ကြော်ပြီးမှချက်ပါမယ်။ ရွှေကြည်အမှုန့် ၅ဇွန်း (စားပွဲတင် )ကို ပန်ကန်တချပ်ထဲမှာ မဆလာ တဇွန်း ရောမွှေကာ နို့ခဲကိုလူးပြီး ဆီပူမှာ ၁မိနစ်ခန့်ကြော်ပြီး ဆီစစ်ထားပါတယ်။
ကြက်သွန်နီ ၊ ဖြူကို ခတ်ပါးပါးလှီးထားပေးပါ။ (ထောင်းထားနိုင်ရင်ပိုကောင်းပါတယ်)
ဆီပူမှာကြက်သွန်အရောကို ဂျင်း၊ ဆနွမ်း၊ အရောင်တင်တို့နဲ့ ကျွတ်လာတဲ့အထိ ဆီသတ်ပါ။ ကျွတ်လာရင် ဇီယာ၊ စမှုန်နက်တို့ရောမွှေပေးပါ။ အနံ့မွှေးလာပါပြီ။ ငရုတ်သီးစိမ်းများ၊ ခရမ်းချဉ်သီးအနှစ်များကိုရောပေးပါ။ ရေလီတာဝက်ခန့်ထဲ့ပေးပါ( ဒီနေရာမှာ သိမ်းထားတဲ့နွားနို့ခဲ အရည်ကိုထဲ့နိုင်ရင် အရသာပိုစိမ့်ပါတယ်။) ပြီးမှအရွက်စိမ်းများတင်ကာ အဖုံအုပ်ပေးပါ။ မီးပြင်းပြင်းနဲ့ အဖုံအုပ်ပြီး၂မိနစ်အကြာဆိုရင် ယောင်းမဖြင့် ရောမွှေပေးပြီး အရသာမြည်းကာကြော်ထားသော နို့ခဲလေးများ ရောပေး နံနံပင် နုတ်နုတ်စင်းလေးများအုပ်ပေးပြီးရင် မွှေးကြိုင်နေတဲ့ အရသာရှိ နွားနို့ခဲဟင်းလေးရပါပြီ။