ဝက်သားဟင်းလေးချက်နည်း( ဟင်းပေါင်း )
ကျမ အိမ်မှာ ဒညင်းသီးတွေလက်ဆောင်ရထားပါတယ်။ ဒညင်းသီး ဝက်သားအပြင် ဘာလုပ်စားရမလဲ စဉ်းစားတုံး ရန်ကုန်ကို ဖုန်းဆက်တဲ့ အခါ ကိုထက်မေမေက သမီးရေ ဝက်သားဟင်းလေး ချက်စားကြည့်စမ်းဆိုပြီး ဒီနည်းလေးကိုပေးပါတယ်။ ဪ နောက်တော့မှ သူ့သားကလေးအလွန်ကြိုက်တဲ့ ဟင်းတခွက်ပါတဲ့ရှင်။ အိမ်မှာလဲ ဝက်သားဟင်းချက်ဖြစ်တဲ့နေ့ပါ။ ဘာပဲဖြစ်ဖြစ် ဒီဟင်းလေးကအလွန်စားကောင်းပါတယ်နော်။ ချဉ်ချဉ် စပ်စပ် စိမ့်စိမ့် အရသာ မျိုးစုံပါတဲ့ ဟင်းကောင်း တခွက်မို့ မြည်းစမ်းကြည့်စေချင်လှပါတယ်ရှင်။ ဒညင်းသီး ကြိုက်သူများအတွက်လဲ ဟင်းကောင်းတခွက်ဖြစ်မှာအမှန်ပါပဲရှင်။
ပါဝင်ပစ္စည်းများ ( ၅ယောက်စာ)
-ဒညင်းသီး ၅-၆ လုံးခန့်
-ချဉ်ပေါင်ကြော် လက်တဆုပ်စာ( မကြော်ရသေးတာလဲ ထဲ့လို့ရပါတယ် )
-မျှစ် လက်တဆုပ်စာ
-ကန်စွန်းရွက် ၁၀၀ ဂရမ်
-ဝက်သား ၃၀၀ ဂရမ်
-ငရုတ်သီးစိမ်း ၁၅တောင့် ( အစပ် ကြိုက်သလို စီစဉ် ထဲ့နိုင်ပါတယ်)
-ရုံးပတီသီး ၁၀၀ ဂရမ်
-ပဲပင်ပေါက် ၅၀ ဂရမ်
-ဆနွမ်း ၁ဇွန်း (အချိုဇွန်း)
-အရောင်တင် ၁ဇွန်း (အချိုဇွန်း)
-ဆား ၁ဇွန်း (အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း(အချိုဇွန်း)
-ငံပြာရည် ၂ဇွန်း( စားပွဲတင်)
-ကြက်သွန်နီ ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-ငရုတ်သီးအကြမ်းမှုန့်၁ဇွန်း(အချိုဇွန်း)
ဒညင်းသီးမှာရှိတဲ့ အညှာလေးကို ချိုးပြီးဖယ်ထုတ်ပစ်ရင် ဒညင်းသီးစားလို့အကြောတတ်တယ်ဆိုတာ သိပ်မရှိဘူးလို့ပြောပါတယ်။ အဲဒီလိုချိုးပြီးရင် ထန်းညက်လေး တခဲထဲ့ပြီး ပြုတ်လိုက်ပါ။ ထန်းညက် ကတော့အဆိပ်အတောက် သိပ်မရှိအောင်ပါ။ ပြီးရင် ပြုတ်ပြီးသား ဒညင်းသီးလေးကို ခတ်ပြားပြားလေးဖြစ်အောင် ထုထားလိုက်ပါ။
ကြက်သွန်နီ ကြက်သွန်ဖြူကို ငရုတ်သီးနဲ့ ညက်နေအောင် ထောင်းထားပေးပါ။ ကြက်သွန်များကို ဆီသတ်ပါ။အရောင်တင်၊ ဆနွမ်းစတာတွေနဲ့ ဝက်သား ရိုးရိုး ချက်နည်းအတိုင်းချက်ပေးပါ။ ဝက်သားနူးခါနီးရင် ချဉ်ပေါင်ရောပေးပါ။
ကျန်တာတွေကိုငရုတ်သီးစိမ်း၊ ရုံးပတီးသီး၊ ပဲပင်ပေါက်တို့ ချန်ပြီး ထဲ့ရောပါ။
ရေ ၂လီတာခန့်ထဲ့ ဆား၊ ကြက်သားမှုန့်တို့ ငံပြာရည်တို့ကိုထဲ့ပြီး အဖုံအအုပ်ကာ မီးအေးအေးနဲ့ထားရင်း ဝက်သား အသားများ အတော်ကို နှူးအိလာပါစေ။ နောက်ဆုံးမှ ချန်ထားတဲ့ ငရုတ်သီးစိမ်း၊ရုံးပတီးသီး၊ ပဲပင်ပေါက် တို့ရောပေးကာ ခဏတည်ပြီးရင်း အပေါ့အငံမြည်းကာ အဆုံးသတ်နိုင်ပါပြီ။ ဟင်းလေးက အရည်များများနဲ့သောက်ဆမ်း စားနိုင်တဲ့ဟင်းတမျိုးဖြစ်ရပါမယ်နော်။ ကျမက ဓာတ်ပုံမှာ တွေပေါ်စေချင်လို့ အရည်နဲနဲပဲထဲ့ပြထားတာပါ။