ဆိတ်ဦးနှောက်(အိုးကြီးချက်)
ဆိတ်ဦးနှောက်ကလေးတွေက အလွန်နူးညံ့ပါတယ်။ ဦးနှောက်က အကျက်အလွန်မြန်ပါတယ်။၅မိနစ် လောက်ဆိုရင်ကိုကျက်ပါတယ်။ သို့သော် အတွင်းသားပန်းရောင်ပျောက်ပြီး အဖြူဖြစ်နေမှသာ အန္တရာယ် ကင်းကင်းကျက်ပါတယ်နော်။ ရိုးရိုးလေးနဲ့လွယ်လွယ်ကူကူ အရသာရှိအောင်ချက်လို့ရပါတယ်။ ခပ်စပ်စပ်လေးများ ချက်နိုင်မယ်ဆိုရင် ထမင်းပူပူနဲ့အလွန်စားကောင်းပါတယ်ရှင်။ လူအများစားဖို့ အိုးကြီးချက်ဆိုရင်တော့ အစပ်ကိုပုံမှန်လောက်ထားတာ အကောင်းဆုံးပေါ့နော် ကဲအခု အရသာရှိရှိအများစားရဖို့ချက်ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဆိတ်ဦးနှောက် အလုံး ၂၀ ခန့်
-ကြက်သွန်နီ ၃လုံး (အလုံးကြီး)
-ကြက်သွန်ဖြူ ၂လုံး
-ပျဉ်းတော်သိမ် လက်တဆုပ်ခန့်
-ငရုတ်ကောင်း ၃ဇွန်း(စားပွဲတင်)
-ငရုတ်သီးမှုန့်၂ဇွန်း
-ဆနွမ်းမှုန့်၃ဇွန်း(စားပွဲတင်)
-ဂျင်းထောင်းပြီးသား၃ဇွန်း( စားပွဲတင်)
-ဆား (နှစ်သက်သလောက်)
-အသားမှုန့် ၃ဇွန်း(စားပွဲတင်)
-မဆလာ ၂ဇွန်း( စားပွဲတင်)
ဆိတ်ဦးနှောက်လေးများကို သန့်စင်ထားပြီး ဆား၊ အသားမှုန့် ၁ဇွန်း၊ ဂျင်း၁ဇွန်း၊ ဆနွမ်း၁ဇွန်း၊ ငရုတ်ကောင်း ၁ဇွန်း တို့ဖြင့် ခပ်ဖွဖွနယ်ထားပါ။ ချက်မဲ့ဒန်အိုးထဲ စီပြီးထဲ့ထားပါ။
နယ်ထားပြီးရင် ကြက်သွန်များကို ငရုတ်သီးခွဲကြမ်းနဲ့ ညက်နေအောင်ရောထောင်း ပါ။
ဒယ်အိုးထဲ ဆီထဲ့ပြီး ထောင်းထားသော ကြက်သွန်များကို ဆီသတ်ပါမယ်။ ကျန်နေသေးတဲ့ဆနွမ်း၊ ဂျင်း၊ ပျဉ်းတော်သိမ်တို့ကို ထဲ့ရောပြီး ကျွတ်လာပါစေ။ (ကျမက ဒီနေရာလေးမှာ အနံ့လေးပါ ဘယ်လိုမွှေးနေလဲလို့ပြချင်တဲ့ဆန္ဒ တကယ်ဖြစ်မိပါတယ်.
တချို့က ခရမ်းချင်သီး ထဲ့ကြပါတယ် အညှီနံ့ကိုကြောက်လို့ ၊ တကယ်က ဆီသတ်တဲ့အချိန် စိတ်ရှည်ရှည်နဲ့ မွှေးနေအောင် သတ်ရင်လဲ အနံ့မညှီပါဘူးရှင် ထဲ့လိုကထဲ့နိုင်ပါတယ်)
အဲဒီလိုကျွတ်လာပြီဆိုရင် ဆိတ်ဦးနှောက်လေးတွေစီထားတဲ့ အိုးထဲကို လောင်းထဲ့ပြီး ဖိုပေါ်တင်အပူပေးကာ ရေ ၁ပိုင့်ခွဲခန့်ထဲ့ပြီး အိုးလေးကိုလှုပ်ပေးပါ။ ဆား၊ အသားမှုန့်ထဲ့ အဖုံးအုပ်ပေးပြီး ခနနေလို့ ဆီပြန်လာရင် အရသာမြည်းကာ ကိုယ်စိတ်ကြိုက်အနေဖြစ်ပြီ ဆိုရင် မဆလာလေးဖြူးပြီး ထမင်းပူပူနဲ့အရသာရှိရှိသုံးဆောင်နိုင်ပါပြီရှင်။
သမီးရဲ့ဟင်းတွေအံတီစားရတာမွှေးကြိုင်နေတာဘဲ