ကျမက ဒီထမင်းကြော်ကို ဆိုင်မှာစားနေကျ၊ တခါမှလဲ ကြော်ဖို့မစဉ်းစားမိဘူး။ ဟိုတနေ့က ကျမ facebook ပေါ်မှာ ဆိုင်မှာစားတဲ့ပုံလေးတင်လိုက်တော့ ချက်နည်းမေးကျပါတယ်။ အဲဒီတော့ ဒီထမင်းကြော်ကို ကျမ ပထမ တခေါက်အစမ်းကြော်ကြည့်ရပါတယ်။ တူပြီဆိုမှ နောက်တကြိမ် တင်ဖို့ကြော်ရပါတယ်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ထမင်း ၂ပွဲစာ
-ကြက်သားကင် ၇၅ ဂရမ်
-ကြက်ဥ ၂လုံး
-ကြက်သွန်နီ ၁လုံး
-ငရုတ်သီးစိမ်း ၁တောင့် ပါးပါးလှီးထား
-ငရုတ်ပွသီး ၁လုံး(အသေး)
-သီးရွက်စုံ ၁၀ ဂရမ်
-ကြက်သွန်မြိတ်၂ပင် (ပါးပါးလှီးထား)
-ဂီးထောပတ် ၃ဇွန်း ( ထမင်းစားဇွန်း)
-ပျဉ်းတော်သိမ် ၃- ၄ရွက်
-မဆလာ ၂ဇွန်း( စားပွဲတင်)
-ငရုတ်သီးမှုန့် ၁ ဇွန်း(စားပွဲတင်)
-ဆား
-အရသာမှုန့် ၂ဇွန်း(စားပွဲတင်)
ငရုတ်ပွသီးကိုပါးပါးလှီးထားပါ။ ကြက်သွန်ကိုလေးစိတ်လှီးဖြတ်ပါ။ အဖြူကို ဓားပြားရိုက်ထားပေးပါ။ ကျမက Tikka ကြက်သားကင် ကိုသုံးပါတယ်ရှင်။ အဲဒီကြက်သားလုပ်နည်းကို သတ်သတ်ရေးပေးပါမယ်။
စစချင်း ဂီးထောပတ်ကို အပူပေးပါ။ ကြက်သွန်နီ ကိုအရင်ထဲ့ ပြီးအပူပေးပါ။ ၁မိနစ်အကြာ အဖြူကိုထဲ့ပြီးကြော်ပါ။ အတူကြော်ရင် အဖြူကအကျက်လွန်သွားမှာစိုးလို့ပါ။ ပြီးရင် ကြက်ဥများထဲ့ကြော်ပေးပါ။
ကြက်ဥအဖတ်လေးများရပြီဆိုရင် အသီးအနှံများကိုရောကြော်ပါ။ ၂မိနစ် ရောမွှေပြီးရင် ထမင်းကို ရောပေးပါ။
ငရုတ်သီးမှုန့်ဖြူးပြီးနှံ့အောင်ရောမွှေပေးပါ။ ဆား၊ အရသာမှုန့်တို့ရောပါ။
မီးပြင်းပြင်းနဲ့ကြော်ပါတယ်။ ကြက်သားရောပြီး ငရုတ်သီးစိမ်း ၁တောင့် ပါးပါးလှီးထားတာနှင့်
မဆလာနောက်ဆုံးဖြူး နှံအောင်မွှေပေးပြီးရင် စပ်စပ်မွှေးမွှေး အိန္ဒိယထမင်းကြော်အစပ်လေး အဆင်သင့်ပါပြီရှင်။
တွဲစားရန် ဒိန်ချဉ်အချဉ်
-ကြက်သွန်နီ ၁လုံး
-အရသာမှုန့် ၁ဇွန်း(စားပွဲတင်)
-ဒိန်ချဉ် ၁၀၀ ဂရမ်
-ငရုတ်သီးစိမ်းတောင့် ၁တောင့်
ကြက်သွန်နီကို ပါးပါးလှီး နုတ်နုတ်စင်းကာ အထက်ပါများအားလုံးဖြင့်ရောမွှေပေးပါ။ နဲနဲ ကျဲသွားအောင် ရေနဲနဲရောပေးပါ။ အလွန်လိုက်ဖက်သော အချဉ်ရပါပြီ။