ထိုင်းဝက်အူချိုကြော်
ကျမကဒီ ဝက်အူကြော်ကို စင်ကာပူကထိုင်းဆိုင်တခုမှာစားခဲ့ဖူးတာပါ။ကျမရဲ့ စင်ကာပူခရီးစဉ်က အပြေးအလွှားခရီးစဉ်ပါပဲ အဲဒီနေ့ကမနက်ပိုင်းမှာ မအိ နဲ့တွေ့ နေ့လည် သူငယ်ချင်းတွေနဲ့ တွေ့ ညနေကိုထက်အကို မိသားစုနဲ့တွေ့ဖို့စီစဉ်ထားပါတယ်။ ကျမသူငယ်ချင်းတွေက ထိုင်းစာလိုက်ကျွေးကျပါတယ်။ အဲဒီ မှာဒီထိုင်းဝက်အူချိုကိုစားဖူးတာပါ။ လိုက်ကျွေးတယ်ဆိုပေမဲ့ ကျွေးတဲ့သူတွေက လက်မလည်အောင်ကို စားကြပါတယ်။ကျမမှာ အချိန်ကလဲ မရှိကတဲ့အထဲဒီ ဟာကို ခဏသာစားပြီး နောက်တနေရာကိုအမြန်ပြေးရတဲ့အခါ ဒါလေးကိုတသသဖြစ်ကျန်ခဲ့ရပါတယ်။ ဒီတော့ စားချင်လာရင်မဖြစ်မနေရှာဖွေမေးမြန်းလုပ်စားရပါတယ်။ သားကြီးကျောင်းကသူငယ်ချင်းအမေက ထိုင်းမလေးကိုမေးပြီးလုပ်စားရပါတယ်။ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဝက်အူချို ၅၀၀ ဂရမ်
-နာနတ်ပွင့် ၃ပွင့်
-သစ်ကြားပိုးခေါက် ၁ခေါက်
-နံနံစေ့ အနဲငယ်
-ဂျင်း ၁ဇွန်း (အချိုဇွန်း)
-သကြား ၂ဇွန်း (အချိုဇွန်း)
-ခရုဆီ၂ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည် အကြည် ၂ဇွန်း ( စားပွဲတင်)
-ပဲငံပြာရည် အချိုအပျစ် ၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်းအနဲငယ်
-ရေတဖန်ခွက်စာ
စစချင်း ဝက်အူချို ကို ဘေးကအရိအရွဲတွေကို ကပ်ကြီးနဲ့ညှပ်ထုတ်လိုက်ပါ။ ပြီးရင် အူအတွင်းပိုင်းများသန့်စင်စေရန် အူထိပ်ဝအပွင့်ဖက်မှ အူကိုလက်ဖြင့် ပွင့်စေပြီး အထဲကို ရှာလကာရေ နှင့် ဆားအနဲငယ်ထဲ့ ရေဘုံပိုင်အောက်ရေခံ ကာ အူလမ်းကြောင်းတလျှောက် ညှစ်ပြီးဆေးချပါ။ဒီမှာတော့ သန့်စင်ပြီး သားတွေမို့ ကျမ သိပ်ကြာကြာမဆေးပဲနှစ်ခါလောက် ပဲဆေးပါတယ်။
အထက်ကပါဝင်ပစ္စည်းများမှ အူချိုမှလွဲ၍ကျန်တာကို ဖိုပေါ်မှာ အပူပေးပြီး ပွက်ပါစေ။ မွှေးလာပါမယ်။
သန့်စင်ပြီး အူချိုလေးများကို ထဲ့ ပြုတ်လိုက်ပါ။ နူးလာရင် ရေစစ်ထားပါ။
ပုံမှန်အားဖြင့် ရေမကျန်အောင် နေခဏလှန်းပါတယ် တဲ့။ ကျမက လန်ဒန်မှာ နေ ရှာလွန်းလို့ oven သုံးပါမယ်။ oven မှာအပေါ်မီး ၁၈၀ခန့်ဖြင့်၁၅ မိနစ်ခန့်ကင်ပါတယ်။
ပြီးမှ ဆီပူမှာခတ် ကျွတ်ကျွတ်နီလာအောင်ကြော်ပေး ပြီးပူပူလေး ချက်ချင်းစားခြင်းဖြင့်အကောင်ဆုံးအရသာကိုရမှာဖြစ်ပါတယ်။
အရေးကြီးတဲ့ အချဉ်ရည်(အရင်လုပ်ထားပါ)
ဒီဟာကိုဒီအချဉ်ရည်ဖြင့်တွဲဖတ်စားသုံးမှအကောင်းဆုံးအရသာရပါတယ်။
-ပဲငံပြာရည်အကြည် ၅ဇွန်း(စားပွဲတင်)
-ငရုတ်သီးလှော်မှုန့်၁ဇွန်း(အချိုဇွန်း)
-ပဲမှုန့်အကျက်၁ဇွန်း(အချိုဇွန်း)
-သကြားဇွန်းဝက် (အချိုဇွန်း)
-ငံပြာရည် ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်ဖြူ ဓားနုတ်ပေါက်ပြီးသား ၂မွှာ
အားလုံးကိုရောလိုက်ရင် လိုက်ဖက်တဲ့ အချဉ်ရည်လေးရပါပြီ