ဆိတ်သားလဖ္ဘက်နှပ်
ကျမဘယ်နေရာရောက်ရောက် ဘယ်သူနဲ့တွေ့တွေ့ ဟင်းချက်နည်းအသစ်လေးတွေကိုအမြဲစပ်စုလေ့ရှိပါတယ်။ ဒီတခါချက်ပြမဲ့ဟင်းချက်နည်းလေးက လဖ္ဘက်အသားနဲ့ ဆိတ်သားဟင်း ချက်တာပါနော်။ ကရင်လူမျိုးများချက်စားလေ့ရှိတဲ့ ပုံစံအတိုင်း ချက်တာပါ။ ကျမ သားနဲ့သမီးကို စာသင်ပေးတဲ့ ဆရာမလေး မမဆေးဆေး က ကျမ ငယ်ငယ် က လသာ ၂ က ဆရာမကြီးဒေါ်စီစီပန်းတုတ် ရဲ့ သမီး ကရင်လူမျိုးစစ်စစ်ပါ။ အဲဒီအမက ကရင်ဟင်းချက်နည်းလေးတွေ ပြောပြတော့ဘယ်လိုပျော်မှန်းမသိဘူး။ ချက်နည်းတွေရပြီး ချက်ဖို့အချိန်မပေးနိုင်နဲ့ စိတ်က တော်တော် ခိုးလို့ခုလုဖြစ်ရပါတယ်။ ဒီနေ့တော့ ကျမ ရအောင်ကို ချက်လိုက်ပါတယ်။ စားကောင်းလိုက်တာ။ ခပ်စပ်စပ်လေးနဲ့ အလွန်စားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
-ဆိတ်သား ၁ ကီလို(ကြိုက်နှစ်သက်ရာအသားသုံးနိုင်ပါတယ်)
-လဖ္ဘက် ၄ဇွန်း (စားပွဲတင်) ကျမက ချဉ်စပ်ကိုသုံးထားပါတယ်
-ဂျင်း ထောင်းပြီးသား ၃ဇွန်း
-စပါလင် ၁ချောင်း
-လေးညှင်း ၂ပွင့်၊ ဖာလာစေ့ ၃စေ့၊ ပျဉ်တော်သိမ် ၅ရွက်ခန့်၊ သစ်ကြားပိုးခေါက် ၁ခေါက်
-ကြက်သွန်ဖြူ နီထောင်းပြီးသား ၁၅၀ ဂရမ်
-ငရုတ်သီးစိမ်း၎တောင့် (ပါးပါးလှီး)
-အရောင်တင်၂ဇွန်း(စားပွဲတင်)
– curry powder ၃ဇွန်း(စားပွဲတင်) မရှိရင်မဆလာသုံးပါ။
-ငရုတ်သီးအကြမ်း ၁ဇွန်း(စားပွဲတင်)
-ဆား ၂ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၃ဇွန်း(အချိုဇွန်း)
အားလုံးစုံပြီဆိုရင် ဆိတ်သားလေးများကိုအရွယ်တော်တုံး သန့်စင်ကာ ဆား၁ဇွန်း၊ ကြက်သားမှုန့်၁ဇွန်း၊ ဂျင်း၊ ဆနွမ်းမှုန့် အနဲငယ် တို့ဖြင့် အသားထဲစိမ့်ဝင်အောင် ဆုပ်နယ်ထားပါ။
ဆီပူတွင်ကြက်သွန်ထောင်းများကို ထဲ့ကာ ဆီသတ်ပါ။ ဆီသတ်နေစဉ် စပါလင် လေးညှင်း ၊ဖာလာစေ့၊ ပျဉ်တော်သိမ်၊ သစ်ကြားပိုးခေါက် နှင့် အရောင်တင်မှုန့်၊ curry powder ၊ငရုတ်သီးအကြမ်း စသည်တို့ကိုထဲ့မွှေပေးပါ။
အနံ့လဲမွှေးလာပြီး ကြက်သွန်များ ကျွတ်ခါစပြုရင် ဆိတ်သား နယ်ထားတာများနှင့် လဖ္ဘက်၊ ငရုတ်သီးစိမ်းပါးပါးလှီး များထဲ့ ဆား၊ ကြက်သားမှုန့် များပါထဲ့လုံးပါ။
စိတ်ရှည်ရှည်လုံးနေရင်းနဲ့ ဆီပြန်လာပါမယ်။ အဲဒီ အခါမှ အသားမြုတ်အောင် ရေထဲ့ မီးအေးအေးနဲ့ နှပ်ထားပေးပါ။ အသားနူးလာပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။
လဖ္ဘက်ကအညှီနံ့ကို ပျောက်စေပြီး အရသာကို ပိုကောင်းစေပါတယ်။ ထမင်းပူပူ နဲ့ ရှူးရှူးရှဲရှဲစားလို့အလွန်ကောင်းတဲ့ ကရင်ဟင်းတမျိုးဖြစ်ပါတယ်ရှင်။