ဒီ အချိုပွဲလေးကိုတော့ မပါမဖြစ်ထဲ့မယ်လို့စဉ်းစားထားတာပါ။ ကျမတို့မြန်မာလူမျိုးတော်တော်များများက အုန်းနို့ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြတာဆိုတော ဒီထိုင်းရိုးရာအချိုပွဲလေးက ကြိုက်နှစ်သက်စရာ တခုဖြစ်မှာ မလွဲပါ။ ကျမကိုယ်တိုင်လဲ သရက်သီးမှည့်ရော အုန်းနို့ရော ကြိုက်သူမို့ဒီ အချိုပွဲကို အလွန်ကြိုက်ပါတယ်။
- ပါဝင်ပစ္စည်းများ
-ကောက်ညှင်းဆန် ၁ခွက်(ဆန်ချိန်ခွက်)
-၄၀၀ ဂရမ်အုန်းနို့ဘူး ၁ဘူး
-ဆွမ်းမွှေးရွက် ၁ရွက်(မပါလဲရပါတယ် အနံ့မွှေးစေလို၍)
-ဆား 1/4 ဇွန်း(စားပွဲတင်)
-သကြား ၅ဇွန်း (စားပွဲတင်)
-သရက်သီးမှည့် ၁လုံး
- ပထမဆုံးဆန်ကို ရေစိမ်ထားပါ။အနဲဆုံး ၄နာရီကြာပါစေ။ကျမကတော့ ၁ညသိပ်ထားပါတယ်။ ဆန်ကိုနာနာပွတ်ဆေးပြီး ပေါင်းချောင်းထဲတွင် ပိတ်ပါးခင်း ကာဆန်နှင့် ဆွမ်းမွှေးရွက် ရောထဲ့ပြီး မိနစ်၃၀ပေါင်းပါ။
- အုန်းနို့ကို သကြား၊ ဆား ၊ ပြောင်းကော်မှုန့်တို့ဖြင့်အတန်ငယ်ပျစ်လာသည်အထိကျိုထားပါ။
- ရလာတဲ့ ကောက်ညှင်းထမင်းကို ပန်ကန်တချပ်တွင်ထဲ့ကာ ကျိုပြီးသားအုန်းနို့ရည် ၃ပုံ၁ပုံဖြင့် ထဲ့မွှေပါ။ ပြီးရင်microwave ထဲ ထဲ့ကာ၅မိနစ်ခန့် နွှေးပေးလိုက်ပါ။ ကောက်ညှင်းထမင်း စီးစီးမွှေးမွှေး ချိုချိုလေးရလာပါပြီ။
- ရလာတဲ့ ထမင်းမွှေးကို အုန်းနို့ဆမ်း လှော်ထားသော မြေပဲဖြစ်စေ၊ နှမ်းဖြစ်စေ စသည် နှစ်သက်ရာဖြူးပြီး သရက်သီးမှည့် ချိုချိုဖြင့်တွဲဖက်စားနိုင်ပါပြီ။
- ဆန်ချက်နောက်တနည်း
- ဆန်ကို ရေ၊အုန်းနို့၊ဆား၊ သကြား တို့နဲ့တခါတည်း ထမင်းချက်သလိုရောတည်နိုင်ပါတယ်။ အဓိက က ဆန်စေးစေးလေးရအောင်ပါ။
လုပ်စားကြည့်အုံးမယ်၊၊ အုန်းနို့ပါရင် အကုန်ကြိုက်တယ်၊၊ ကျေးဇူးပါ အိသက်လေးရေ၊၊