ဂဏန်းသားတိုဖူးကြော်
ဒီဂဏန်းသားတိုဖူးကြော်ကို ကိုရီးယားအကင်ဆိုင်မှာ စားဖူးတာပါ အရသာ စိမ့်စိမ့် ချိုချိုလေးပါ။ အဆာပြေစားနိုင်တဲ့အစားအစာ တခုလို့ဆိုကြပါစို့။လုပ်ရတာတော့ တော်တော်လေး လွယ်ပါတယ်။ ထုံးစံ အတိုင်းကျမကလဲ လွယ်တယ်ဆိုမှလုပ်စားချင်သူမို့ ကျမအဆင်ပြေလွယ်ကူ စားကောင်းတယ် ဆိုရင်ပြောပြချင်တဲ့အတွက် ဒါလေးကိုရေးဖြစ်ပါတယ်နော်။ ကိုရီးယား အစားအစာတမျိုးဖြစ်တဲ့ ဂုံးကြက်ဥနှစ်ကြော် နဲ့ခပ်ဆင်ဆင်တူပေမဲ့ အရသာဟာ လုံးဝ ကွဲပြား တာတွေ့ရပါတယ်။ ဂဏန်းသားရဲ့ အချိုဓာတ်ရယ် တိုဖူးရဲ့အစိမ့်ဓာတ်ရယ်ကြောင့် အရသာ တမူထူးပါတယ်။ ဒီ post မှာကျမကကြက်ဥတိုဖူးကိုအသုံးပြုထားပါတယ်။ ရန်ကုန်မှာတော့ City Mart မှာကျမတွေ့ဖူးပါတယ်။ တိုဖူးချောင်းလေးတွေပေါ့။ လုပ်နည်းကြည့်ရအောင်နော်
ပါဝင်ပစ္စည်းများ
-ဂဏန်းသား 150 g
-ကြက်ဥတိုဖူး ၁တောင့်
-ကြက်ဥတလုံး
-ကြက်သွန်မြိတ် ၁ပင်
-ပြောင်းကော်မှုန့်၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း (အနယ်ငယ်)
-ဂျင်းထောင်းပြီးသား ၁ဇွန်း(အချိုဇွန်း)
ကြက်ဥတိုဖူးကို ခြေထားပေးပါ။ ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။
ဇလုံးတလုံးထဲတွင် ဂဏန်းသား၊ ခြေထားသော တိုဖူး၊ ကြက်သွန်မြိတ်၊ ပြောင်းကော်မှုန့်၊ ကြက်သားမှုန့်၊ ဂျင်း၊ ငရုတ်ကောင်း တို့ကိုရောမွှေပေးပါ။
ဆီပူတည်ပြီး ပူလာရင် ဇွန်းဖြင့်ခပ်ထဲ့ပြီး ကြော်ပေးပါ။ မီးကတော့အနေတော်ထားပေးပါနော်။ တဖက်က ရွှေရောင်သန်းရင် နောက်တဖက်ကိုလှန်ပြီးကြော်ပေးပါ။ နောက်တဖက်ပါ ကျက်ရင်ဆီစစ်ထားပါ။
Hi Ei Thet, how much crab meat do you put? thanks.
150 g 🙂
Thank you very much for your quick reply.
မမ အိသက် သမီးက စားသောက်ဆိုင်ဖွင့် ဖို့ ကြိုးစားနေပါတယ်။မမလိုသင်တန်းမတတ်နိုင်ဘူး။မမ နားကမုန့်လုပ်နည်း ဟင်းချက်နည်းလေးတွေသင်ထားတယ်။
မမကသမီးရဲ့  အင်တာနက်ကဆရာမပေါ့ ။မမ ခွင့် ပြုမယ်ဆိုမမနည်းလေးတွေချက်ပြီးရောင်းမယ် နော် ။မမကူညီပါနော် ချဉ်ပေါင်ထမင်းသုပ်လိုပေါ့ ။သမီးကအရမ်းကြိုက်တာ။အိမ်မှာသုပ်ကျွေးရင်လည်း မမ နည်းလေးလေ
အင်တာနက်ကရတာလို့ ပြောတာ။သမီးကိုကူညီပါနော်။