ဂျမေကန်ကြက်ကင်နဲ့ ပဲကတ္တီပါထမင်း
ကျမသားကြီးရဲ့သူငယ်ချင်းမလေး မိဘများက အမေ ကအင်္ဂလိပ် အဖေက ဂျမေကန် နိုင်ငံသား ပါ။ သမီး၃ယောက်ရှိပြီး အကြီးက သားနဲ့ရွယ်တူ သမီးအငယ်က ကျမသမီး နဲ့ရွယ်တူမို့ ပိုပေါင်းမိကြပါတယ်။ သူတို့မိသားစုက ဗမာအစားအစာ ကြိုက်ပါတယ်။ ကျမလဲ ကို့အစားအစာကိုသူတို့ ခုံခုံမင်မင်စားတယ်ဆိုအလွန်သဘောကျမိပါတယ်။ ကျမသားနဲ့ သူ့အဖေတို့ကတော့ဧည့်သည်ဖိတ်တာ ဝါသနာပါကြတဲ့သူတွေ ဖြစ်တဲ့အလျောက် ဒီမိသားစုလေးကို ခဏခဏ အိမ်လည်လာဖို့ဖိတ်ပါတယ်။ ဂျမေကန် လူမျိုးတွေက ပွင့်လင်းပြီးခင်မင်စရာအလွန်ကောင်းပါတယ်။ သူတို့နိုင်ငံက Jerk chicken လို့ ခေါ်တဲ့ ဂျာမေကန် ကြက်ကင်က နံမည်ကြီးပြီး စားလို့အလွန်ကောင်းပါတယ်။ သူက ဒါကိုလုပ်စားဖို့အကြံဥာဏ်ပေးပါတယ်။ အဲဒါကို သူတို့က ပဲကတ္တီပါ ထမင်းနဲ့စားကြပါတယ်။ ချက်နည်းလေး ကြည့်ကြရအောင်
ကြက်သားကင်ရန်ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-ကြက်သား ရင်ပုံ၂ခု
-ကြက်သွန်နီ ၁ခြမ်း
-ဂျမေကန်ငရုတ်သီး(သို့) ကုလားအော်သီး ၂တောင့် (ရိုးရိုးငရုတ်သီးသုံးလဲရပါတယ်)
-ငရုတ်ကောင်း၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်မြိတ် ၁ချောင်း
-သံပုရာရည် ၃ဇွန်းခခန့် (စားပွဲတင်)
-သစ်ကြပိုးခေါက် အမှုန့်၁ဇွန်း(အချိုဇွန်း)
-ဗီနီကာ ၂ဇွန်း(စားပွဲတင်)
-သံလွင်ဆီ၁ဇွန်း(စားပွဲတင်)
-စမုန်ဖြူ၂ပင်
-သကြား၁ဇွန်း(စားပွဲတင်)
-ဆား ၁ဇွန်း(အချိုဇွန်း)
-ဘယ်ရီသီးအခြောက် (မမှည့်ပဲခြောက်သွားသော ဘယ်ရီသီးလေးများ) ၃စေ့ခန့်
အဲဒီအစား all spice ဆိုပြီး ready made အမှုန့်လေးတွေ ရနိုင်ပါတယ်နော် အဲဒါရရင်တော့ အချိုဇွန်းရဲ့ ဇွန်းဖျားခန့်ထဲ့ပေးပါ။
ပထမဆုံး ကြက်သွန်နီကိုအတုံးလေးများတုံးထားပါ။ ငရုတ်သီးကိုအစေ့ထုတ်ပြီး လှီးထားပါ။ ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။
ငရုတ်စုံထဲတွင် ကြက်သွန်နီ၊ ငရုတ်သီး၊ကြက်သွန်မြိတ် တို့ထဲ့ ဘယ်ရီသီးခြောက်၊ စမုန်ဖြူပင် တို့ထဲ့ပြီး မညက်တညက် ထောင်းပါ။
ကြက်သားကို မွှမ်းထားပေးပါ။ ဇလုံတခုထဲတွင် ကြက်သား၊ ထောင်းပြီးသားများ နှင့် ကျန်ပါဝင်ပစ္စည်းများကို ရောမွှေလိုက်ပါ။ မကင်ခင်အနဲဆုံး ၃နာရီလောက် နှပ်ထားသင့်ပါတယ်။ ကျမက တော့ ရေခဲသေတ္တာထဲတညသိပ်ထားပါတယ်။
ပြီးရင် အပူချိန် ၁၈၀ ဒီဂရီဖြင့် မိနစ် ၄၀ခန့် အပေါ်အအောက် လှန်ပြီးကင်ပေးပါ။
Oven မရှိလဲ BBQ ကင်သလို ကင်နိုင်ပါတယ်နော်
ပဲကတ္တီပါ ထမင်း
-သံလွင်ဆီ ၂ဇွန်း(စားပွဲတင်)
-ဆန် ၁ခွက်ခွဲ
-အုန်းနို့တဗူး
-ပဲကတ္တီပါတဗူး
-ငရုတ်သီး၁တောင့်
-ကြက်သွန်တလုံး( အသေး )
-စမုန်ဖြူ၁ပင်
-ဆား ၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်မြိတ်၁ချောင်း(ပါးပါးလှီး)
ကြက်သွန်နီကို အတုံးလေးများလှီးပါ။ သံလွင်ဆီကို အိုးထဲအပူပေးပြီး ကြက်သွန်၊ စမုံဖြူ၊ ကြက်သွန်မြိတ်တို့ ဖြင့် ၂မိနစ်ခန့်ဆီသတ်ပါ။
ပြီးရင် ဆေးပြီးသားဆန်ကိုထဲ့၊ အုန်းနို့ထဲ့မွှေပါ။
ရေကို ၃၀၀ မီလိလီတာ၊ (၁ပိုင့်နီးပါး) ထဲ့ပါတယ်။ပဲထဲ့ပြီး မွှေပါ။ ငရုတ်သီးထဲ့ပါ။ ထမင်းရေခန်းလို့ နပ်ပြီဆိုရင် ရပါပြီ။
I like chicken BBQ thanks for recipies