သီးစုံချဉ်ရည်ဟင်း(ဘဲဥ)
ကျမ တို့အိမ်မှာ သီးစုံချဉ်ရည်ဟင်းကို ချက်ခဲပါတယ်။ ကြိုက်ပေမဲ့ အမယ်မယ်တွေထဲ့ရလို့စိတ်ရှုပ်လို့ပါ။ ဘုန်းကြီး ဆွမ်းကပ်မယ် ဆိုရင်ဖြစ်စေ ဧည့်သည် ရောက်နေမှဖြစ်စေ အထူးသဖြင့်ချက်ဖြစ်တာပေါ့လေ။ ကျမမောင်တဝမ်းကွဲလေးရောက်နေတော့ သူစားချင်မယ် ဆိုတာသိလို့ ကျမချက်တာပါ။ ဘဲဥလဲ သူမစားရတာကြာမယ်ဆိုပြီး ထဲ့ချက်ဖြစ်သွားတာပါ။ အောက်ဆုံးမှာ Video Link လေးထဲ့ထားပါတယ်
ပါဝင်ပစ္စည်းများ
(အသီးစုံကြိုက်နှစ်သက်ရာ)
-ဘူးသီး(၁ခြမ်း)
-ခရမ်းသီး(၁လုံး)
-ရုံးပတီသီး(၄-၅တောင့်)
-မုန်လာဥဖြူ(၁လုံး)
-ဒန့်သလွန်သီး(၂တောင့်)
– အာလူး(၂လုံး)
-ခရမ်းချဉ်သီး(၁လုံး)
-နံနံပင်
-ကြက်သွန်ဖြူ (၃မွှာ)
-ကြက်သွန်နီ၁လုံး(ပါးပါးလှီး)
-ငါးရံ့ခြောက် ၅၀ ဂရမ်
-မကျည်းသီးအနှစ်ရည် ၅၀ မီလီမီတာ
-ငံပြာရည် ၅ဇွန်း( စားပွဲတင်)
-ဆား ၁ဇွန်း( စားပွဲတင်)
– ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
– မဆလာ ၁ဇွန်း(စားပွဲတင်)
– ဆီ ၃ဇွန်း
ပထမဆုံး အသီးအနှံ များကို ကြိုက်နှစ်သက်ရာ ပုံစံအတိုင်းလှီးဖြတ်ပြီး ရေစင်စင်ဆေးထားပါ။ ငါးခြောက်ကို ဓားပြားရိုက်ပေးပါ။ ကြက်သွန်နီပါးပါးလှီးနဲ့ အဖြူကိုဓားပြားရိုက်ထားပါ။
ဘဲဥ(သို့) ကြက်ဥကို ပြုတ်ပြီး အခွံခွါကာဆီပူတွင် ၁မိနစ်ခန့်လှိမ့်ကြော်ပေးထားပါ။
ဆီပူအိုးထဲတွင် ကြက်သွန်များကို ဆီသတ်ပေးပါ။
ဆနွမ်း အချိုဇွန်းတဝက် အရောင်တင်မှုန့် အချိုဇွန်း၁ဇွန်းထဲ့ပြီး ရောမွှေပေးပါ။ ကြက်သွန်ကျက်ပြီဆိုရင်ငါးခြောက်ထဲ့ပြီး အရင်ဆုံးအာလူး ထဲ့ပြီးမွှေပါတယ်။ အာလူးက အကျက်နှေးလို့သူ့ကိုအရင်ဆုံးထဲ့ပါတယ်။
၃မိနစ်ခန့်အကြာ မှာ ခရမ်းချဉ်သီး၊ ရုံးပတီးသီးတွေက လွဲရင်း ကျန်တာတွေအကုန်ထဲ့လုံးပါတယ်။ ဆား၊ကြက်သားမှုန့်၊ငံပြာရည်တို့ ထဲ့ပါ။ လုံးနေရင် အသီးတွေကအရောင် အနဲငယ်စီပြောင်းလာပါမယ်။
ခရမ်းချဉ်သီး ၊ရေ ၁လီတာ အရင်ထဲ့အဖုံးအုပ်ပြီး ပွက်လာပါစေ။ ရေပွက်ရင် မကျည်းရေ ထဲ့ ရုံးပတီ ထဲ့နိုင်ပါပြီ။
ကျန်တဲ့ရေတလီတာကို ထပ်ထဲ့ပြီး တခါရေပွက်လာရင် မီးပိတ်ပြီးဘဲဥထဲ့ နံနံပင်ဖြူး၊ မဆလာခပ်ကာ စားသုံးနိုင်ပါပြီ။
ဗီဒီယို link လေးထဲ့ထားပါတယ် http://www.youtube.com/watch?v=NadF2dsRjfE