မုန့်လုံးရေပေါ် ကိုများသောအားဖြင့် သင်္ကြန်စာအဖြစ်စားကြသော်လည်းကျမတို့ လိုနိုင်ငံရပ်ခြားနေရသူများအဖို့ ဘယ်အချိန်စားစား စားကောင်းနေပါတယ်။ ဒီလကတော့ သင်္ကြန်လဖြစ်တဲ့အတွက် နေရာအနှံ့စတုဒီသာ ကျွေးနေကြမှာမြင်ယောင်မိပါတယ်။ ငရုတ်သီးစိမ်းထဲ့လုံးပြီး စကြတာလဲ ချစ်စရာဓလေ့ လေးဖြစ်လို့နေပါတယ်။ မုန့်လုံးရေပေါ်ကို ယတြာခြေတဲ့အနေနဲ့မြုပ်နေတာတွေပေါ်လာစေကြောင်း ဘုရားကပ်ကဆုတောင်းတတ် ကြပါတယ်။ဒီလဟာကျမရဲ့မွေးလလဲဖြစ် သင်္ကြန်လလဲဖြစ်တဲ့အတွက်ဒီလိုအချိန်ဆိုရင် ကျမရဲ့ အိမ်ပြန်ချင်တဲ့ရောဂါက ပြန်ထလာပါတယ်။ အဲဒီရောဂါကလဲ တလတခါနီးပါးဖြစ်ပါတယ်။ ဘယ်လောက်ပဲ အင်္ဂလန်မှာနေတာကြာပေမဲ့ ကျမက ကိုယ့်မွေးရပ်မြေလဲဖြစ် မိဘများရှိရာရန်ကုန်အိမ်ကိုသာ နွေးထွေးသောအိမ်လို့မသိစိတ်ကထင်မိပါတယ်။ ဒီနှစ်လဲမပြန်ဖြစ်ပေမဲ့ အလွမ်းပြေသင်္ကြန်စာများလုပ်စားဖြစ်ပါတယ်။ မုန်လုံးရေပေါ်လုပ်နည်းလေး လုပ်စားဖြစ်လို့အမှတ်တရ တင်ဖြစ်ပါတယ်။
ပါဝင်သောပစ္စည်း(၃ပွဲစာခန့်)
ကောက်ညှင်းမှုန့် – ၁ခွက်(ထမင်းပေါင်းအိုးခွက်)
ဆန်မှုန့် – ၂ဇွန်း(စားပွဲတင်)
ထန်းညက် –၆-၇လုံး ခန့်
အုန်းသီးဖတ် နှစ်သက်သလိုထဲ့နိုင်ပါတယ်
ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရေနွေးနွေး ပေါင်းအိုးခွက်တဝက်ခန့် ကို နည်းနည်းဆီ ထည့်ပေးပြီးသမအောင် နုယ်ပေးပါ။ ဆားကိုဇွန်းဖျားခန့်ထဲ့ပေးပါ။ မပျော့မမာအနေထိနယ်ပြီးရင် အဆင်သင့်ပါပြီ။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပြီး မုန့်သားကိုလက်ပေါ် ပြားကာ ထန်းညက်များ ဌာပနာပြီး လုံးပါ။ မုန့်လုံးတဲ့အခါ သတိထားရမှာက မုန့်သား မထူမပါးဖို့ပါ။ ထူလွန်းရင် စားမကောင်းသလို ပါးလွန်းရင် ထန်းညတ်ပေါက်ထွက်လာပါမယ်နော်။
ရေဆူအိုးတည်ပေးထားပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင် မုန့်လေးများလုံးပြီးလို့အဆင်သင့်ဖြစ်ပြီဆိုရင် ( အရင်မလုံးထားပဲ လုံးနေရင်း ရေဆူအိုးထဲ ထဲ့နိုင်ပါတယ်)။ မုန့်သားကျက်ရင် မုန့်လေးများပေါ်လောပေါ်လာပါမယ်နော်။ ဆယ်ပေးပြီး ရေအေးထည့်ထားသောခွက်ထဲထည့်လိုက်ပါ။ ပြန်ဆယ်ပြီး ဆီသုတ်ထားသော ငှက်ပျော်ဖတ်ရွက် (သို့) ပန်းကန်ထဲကို ထဲ့ပြီးအုန်းသီးဖြူးကာစားနိုင်ပါပြီ။ အုန်းသီးကို အိသက်က ဒီအထုတ်လေးကိုသုံးပါတယ်။
အုန်းသီးဖတ်အခြောက်လေးများကိုရေနွေးနွေး၁မိနစ်ခန့်စိမ်လိုက်ရင် အုန်းသီးလိုဖြစ်သွားပါတယ်။
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်
ကောင်းလိုက်တာ.. ကျေးဇူးပဲ အစ်မ စားချင်နေတာကြာပြီ …အစ်မ နည်းအတိုင်းလုပ်စားကြည့်ဦးမယ် 🙂
သင်္ကြန်နားနီးလာတော့စတုဒီသာလုပ်ဘို့မုန့်လုံးရေပေါ်လုပ်နည်းတင်ပေးတာကျေးဇူးတင်ပါတယ်။ နောက်ထပ်သာကူကြိုနည်းတင်ပေးပါအုန်း။