ထိုင်းပင်စိမ်းရှူးရှဲထမင်းကြော်
ထိုင်းမှာက လမ်းဘေး တလျှောက်စားစရာရောင်းတဲ့ ဆိုင်တွေ အများကြီးတွေ့ရလို့ ကျမက အလွန်ပျော်ပါတယ်။ထိုင်းနိုင်ငံကိုအလည်သွားကြတဲ့အခါ ကျမက ဒီထမင်းကြော်ကို လမ်းဘေးဆိုင်တဆိုင်မှာ မှာစားပါတယ်။ ကျမက အစပ်ဆိုအလွန်ကြိုက်ပါတယ်။ အလွန်လဲစားနိုင်ပါတယ်။ သို့သော် ဈေးရောင်းသူကို ကျမက ခပ်စပ်စပ်လေး လုပ်ခိုင်းပါတယ်။ သူက ကျမ ရဲ့ စကားပြန်ကို ဘယ်လောက်စပ်မှာလဲမေးတော့ ကျမ လဲ ကိုယ့်ကို ကိုယ်ယုံကြည်မှုလွန်ကဲစွာပဲ အရမ်းစပ်ဆိုခိုင်းမိပါတယ်။ အဲဒီမှာပဲ သူ့တို့စားတဲ့အရမ်းစပ်ဆိုတာဟာ ကျမအတွက် မဟားဒယားစပ် ဖြစ်နေလို့ ချွေးသီးချွေးပေါက် လှိုင်လှိုင်ကျပြီး မျက်ရည်ပါထွက်ခဲ့ရပါတယ်။ စားလို့တော့ ရှယ်ကောင်းပေါ့နော်။ ဒီ မှာတော့ကျမက အစပ်ကို ဗမာအလွန်စပ် အဆင့်ပဲထားပါတယ်။ကြည့်ရအောင်
ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-ထမင်း၂ပွဲစာ
-ဝက်သား ၅၀ ဂရမ်
-ပုဇွန်ကျား ၁၀ကောင်
-ပင်စိမ်း လက်တဆုပ်စာ
-ငရုတ်ချိုသီး ၂တောင့်(ပါးပါးလှီး)
-ကြက်သွန်မြိတ်၁ပင်(ပါးပါးလှီး)
-ပဲပင်ပေါက် ၅၀ဂရမ်
-ခရမ်းချဉ်သီးကြီးကြီး ၁လုံး (အတုံးလေးများလှီးထား)
-ကြက်သွန်နီ ၁/၂ လုံး(အတုံးလေးများလှီးထား)
-ကြက်သွန်ဖြူ ၃မွှာ(ဓားပြားရိုက်)
-ဂျင်း လက်မဝက် (ပါးပါးလှီး)
-ငရုတ်သီးမှုန့် ၁ဇွန်း(စားပွဲတင်)
-ငံပြာရည် ၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-သကြား ဇွန်းဝက် (အချိုဇွန်း)
-ကြက်ဥ ၂လုံး
ကြက်ဥ၂လုံးကို မွှေကြော်ပြီး ဖယ်ထားပါ။ ငရုတ်ကောင်း အနဲငယ်ဖြူထားပါ။
ဒယ်အိုးထဲတွင်ဆီတော်တော်ပူစေပြီး ကြက်သွန် ဂျင်းတို့ကိုထဲ့ကြော်ပါ။ ငရုတ်သီးမှုန့် တခါတည်းထဲ့ပါ။ ဝက်သားများကို ထဲ့ပြီး ကျက်သည်အထိ လှိမ့်ကြော်ပေးပါ။
ပြီးရင် ထမင်း၊ ခရမ်းချဉ်သီး၊ ပင်စိမ်း၊ ငရုတ်သီး တို့ကိုထဲ့ကြော်ပါ။ ပုဇွန်ပါ တခါတည်းထဲ့နိုင်ပါတယ်။ ငံပြာရည်၊ ကြက်သားမှုန့်၊ သကြား စတာတွေကို ရောပေးပါ။
ဖယ်ထားသောကြက်ဥကြော်များပြန်ရောပါ။ ၃ မိခန့်ကြော်ပြီးရင် နောက်ဆုံးအနေနဲ့ပဲပင်ပေါက်၊ ကြက်သွန်မြိတ်တို့ ဖြင့် ၂မိနစ်ခန့် မီးပြင်းပြင်းနဲ ဆက်ကြော်ပေးရင် ရပါပြီ။
Thank you eithet. I will cook this coming weekend. Have a good day! Aye Mar
🙂
today i cook this one.. perfect. thank you ma ei thet.