တပို့တွဲလရဲ့ မြန်မာ့ရိုးရာအစားအစာတမျိုးဖြစ်တဲ့ ထမနဲ ဟာ ထင်ရှားတဲ့ ရာသီစာတခုပါ။ အလွန်ကိုချမ်းအေးလှတဲ့ဒီရာသီမှာအားကောင်းမောင်းသန် ယောင်္ကျားကြီးများ ချွေးတဖြိုက်ဖြိုက်ဖြင့် ထမနဲထိုးပွဲကျင်းပကြတာ အားလုံးလိုလို တွေ့ဖူးကြမယ်ထင်ပါတယ်နော်။ စုပေါင်းပြီး တတ်ညီလက်ညီဖြင့် နောက်ဆုံးအောင်ပွဲခံနိုင်အောင် ကြိုးစားပမ်းစား ထိုးကြတာ အလွန်ကို ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာ အစားအစာလေးတခုပါ။ ဒီလိုတပို့တွဲလအတွက် blog မှာ ထမနဲထိုးနည်းလေးရေးပေးချင်ပါတယ်။ ဒီနည်းလေးကို အိသက်ယောက္ခမအဖေ ဦးအောင်မြင်ဦး ကပေးတာပါ။ ၁၉၈၅လောက်က အဖေက ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံက အရာရှိတဦးပါ။ ဌာနဆိုင်ရာ ထမနဲပြိုင်ပွဲ ပထမဆုံးနှစ်မှာအဖေ ဦးဆောင်ရတဲ့အဖွဲ့ကနောက်ဆုံးကရေရင် ပထမဆိုတော့အဖေကတော်တော်ရှက်သွားပါတယ်တဲ့၊ အဒီ နှစ်ရဲ့နောက်နှစ်ကစပြီး သူအဖွဲ့ကနှစ်စဉ် ပထမရအောင် လေ့ကျင့်ပြီးထိုးခဲ့တာပါတဲ့။ အဲဒီလိုမခံချင်စိတ်နဲ့ကြိုးစားတာလေး ကိုယ့်သားသမီးတွေမျိုးရိုးလိုက်ပါစေလို့ ဆုတောင်းပါတယ်။ အဖေ့ရဲ့ ထမနဲ က စားလို့လဲအလွန်ကောင်းပါတယ်။ ထမနဲနံ့တွေ သင်းတပျံ့ပျံ့ဖြစ်နေမဲ့မြန်မာ့မြေကို လွမ်းဆွတ်ရင်း အိသက် ကတော့ လန်ဒန်မြို့ရဲ့ မီးဖိုချောင်းလေးထဲ တယောက်တည်း ဆွမ်းတော်တင်ရန်နဲ့ အိမ်စားအဖြစ် နဲနဲပဲထိုးပါမယ်နော်။
ပါဝင်ပစ္စည်းများ (၂ပွဲစာ)
-ကောက်ညှင်းဆန်၂လုံး( ဆန်ချိန်ခွက်)
-အုန်းဆံဖတ် လက်တဆုပ်စာ
-နှမ်းဖြူ၁ဇွန်း၊ နက်၂ဇွန်း( စားပွဲတင်)
-မြေပဲ လက်တဆုပ်စာ
-ဂျင်းတတတ် (၃လက်မခန့်)
-ဆီ၁ခွက်ခွဲ( ဆန်ချိန်ခွက်)
-ဆား ၂ဇွန်း(အချိုဇွန်း)
-ရေ ၁လီတာ
ကောက်ညှင်းဆန်ကို တညရေစိမ်ထားပါတယ်။ ထမနဲမထိုးခင်၂နာရီခန့်ရေစစ်ထားပါ။ မြေပဲကို လှော်ပြီး တဝက်ကိုညက်အောင်ထောင်းပြီး ထဝက်ကိုလေစိတ်ကွဲထောင်းထားပါ။ နှမ်းကို လှော်ထားပါ။ ဂျင်းကိုရှည်ရှည်အချောင်းလေးများပါးပါး လှီးထားပါ၊
အားလုံးအဆင်သင့်ပြီဆိုရင် ဆီပူတည်ပါ ။ အုန်းဆံဖတ်ကို ညိုအောင်ကြော်ပြီး ဆယ်ထားပါ။
ပြီးရင် ဂျင်းကိုကျွတ်လာအောင်ထဲ့ကြော်ပါ။ ကျွတ်လာရင် မွှေးလာရင် ရေစစ်ထားသော ဆန်ကိုထဲ့ကာ ၅မိနစ်ခန့်မွှေပေးနေပါ။ ဆားထည့်ပါ။ ကောက်ညင်းဆန်က ဆီနဲ့လုံးသွားပြီး နည်းနည်းကော့လာပါမယ် ရေကို လီတာဝက် ခန့်ထည့်ပြီး အဖုံးဖုံးထားပါ။
မီးမျင်းမျင်းထားပါ။ ၅-၆မိနစ်လောက် ဆိုရင် ဆန်ပျော့လာပါမယ်။ သစ်သားယောင်းမလေးနဲ့ မွှေပေးပါ။ မွှေတဲ့အခါ ကျန်တဲ့ရေလီတာဝက်ကို ဖြေးဖြေးချင်းမွှေလိုက်ထဲ့လိုက် လုပ်သွားပါ။ အဲဒီအချိန်မှာ ညက်အောင်ထောင်းထားတဲ့ မြေပဲကိုထဲ့ ထိုးပါ အရသာအလွန်ရှိပါတယ်။ မြေပဲအချိုဓာတ်လေးသမအောင် ရောလိုက်တဲ့သဘောပေါ့။
ကောက်ညင်းက နူးအိလာပြီဆိုရင် ကြော်ထားတဲ့အုန်းသီးထည့်၊ နှမ်းထည့် မြေပဲဆန်အခြမ်းကွဲလေးများထည့်ပါ။
အဲဒီအချိန်ကစပြီး နောက်ယောင်းမလေးတချောင်းနဲ့ ၂ချောင်းကို လက်၂ဖက်စုံကိုင်ပြီး သမအောင်မွှေရပါတယ်။ ဩ ယောင်းမဆိုတာ တော်တော်မွှေတာပါလား လို့ (ဘာရယ်မဟုတ် ကျမယောင်းမလေး ဖတ်နေရင် စချင်လို့ပါ) အဲဒီနောက် ၁၀မိနစ်ခန့်တော်တော်လေး ချွေးစို့အောင်ထိုးပြီး ကောက်ညှင်း လုံးပြီးဆီပြန်လာရင် မွှေးလာရင် ပင်ပန်းရကျိုးနပ်မဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ထမနဲလေး ဆွမ်းဦးတင်ရန် အိမ်သားစားရန်အဆင်သင့်ဖြစ်ပါပြီ။
thz ma ei thet
Ma yay, thank you so much for recipe. I don’t like htaminel, butmy husband likes very much..and also my mom. Will surprise them with this when my mom comes to me 🙂 thanks
Ma, thank you so much..even though i don’t like it, my husband and my mom loves this..i will surprise them with this when my mom comes to us..thanks!
အမရေ လုပ်တက်လိုက်တာ ထမနဲ မစားရတာနှစ်နဲ့ချီနေပြီး ဒီလိုလေးဆိုတော့လဲ လုပ်စားဖြစ်မယ်နဲ့ တူတယ် ဒီထက်လဲ ဗမာအစားစားတွေကို များများတင်နိုင်ပါစေနော်
ကျေးဇူးတင်လျှက်
မရေ ဆန်ချိန်ခွက်ဆိုတာ နို့ဆီခွက် ကိုပြောတာလား rice cooker မှာပါတဲ့ ခွက်အသေးလေးကိုပြောတာလားဟင်
rice cooker မှာပါတဲ့ ခွက်အသေးလေးကိုပြောတာ 🙂
မအိသက်ရေ
မနေ့ည ကလုပ်စားဖြစ်တယ် အဆင်ပြေတယ် ကောင်းလည်းကောင်းတယ် လူတိုင်းဖတ်ပြီး လုပ်စားနိုင်တဲ့ နည်းလမ်းကောင်းလေးပါ ကျေးဇူး အထူးထူးကိုတင်ပါတယ် မြန်မာပြည်မှာ
က ကိုယ်လုပ်မစားတတ်လည်း သူများထိုးရင် စားရ သေးတယ် အပြင်မှာနေတဲ့သူက မအိသက်တို့လို ညွှန်ပြပေးမဲ့သူရှိလို့ အဆင်ပြေတာပါ
စားလို့ တအားကောင်းပါတယ် ဒါပေမဲ့ နဲနဲ မဲနေသလိုဘဲ ဘာလို့လည်းဟင် နှမ်းများသွားလို့လား
i think so , u must put too much black saseme 🙂
ညီမလေးရေ..လုပ်စားပြီးသွားပြီ..အရမ်းကောင်းပါတယ်ကွယ်(အုန်းသီးလေးနဲနဲတူးတာကလွဲလို့ပေါ့)
တူသောအကျိုးပေးပါစေနော်..ကျေးကျေးပါ။
ပေးတဲ့ဆုနဲ့ပြည့်ပါစေမရေ အဆင်ပြေတယ်ဆိုရင်ဝမ်းသားပါတယ်နော် 🙂
မရေ အုန်းဆံဖတ်ကဘယ်ကရလဲဟင်? အုန်းသီးကိုခြစ်ထားတာလား
အုန်းသီး အစိမ်းရရင် ခြစ်လိုက် အဲဒါပိုကောင်းတယ် မတို့က ဒီမှာfrozen တွေရှိတယ်
ဟုတ်။ဒီ weekend လုပ်စားမယ်။ မကို ဓာတ်ပုံပြမယ်ပြီးရင်။ ကျေးဇူး မ။ 😀