ကော်ရည်ခေါက်ဆွဲ နဲ့ ငပိထောင်း


ကော်ရည်ခေါက်ဆွဲ နဲ့ ငပိထောင်း (လုပ်ပုံအဆင့်ဆင့်ကို ဒီလထဲပြန်တင်ပေးပါမယ်နော်၊ ပုံတွေ မတော်တဆဖျက်မိသွားလို့)
ခဏခဏ လုပ်စားပြီး မတင်ဖြစ်တာလေးပါ။ ဒီတခေါက်တော့သူငယ်ချင်း ဝသာန်ကတင်ပေးပါလို့တောင်းဆိုဂျီကျလာတာကြောင့် တကြောင်း၊ ဒီရက်ပိုင်းအိမ်မှာမနားရအောင်အလုပ်များပြီး ပင်ပန်းနေတတ်သော ခင်ပွန်းသည်စားချင်တာကြောင့် တကြောင်းချက်ရင်းနဲ့ တင်ဖြစ်ပါမယ်နော်။ အလွယ်ကူဆုံးနည်းလေးပါနော်။


ဟင်းရည်တွင်ပါဝင်ပစ္စည်းများ(၅ယောက်စာ)
-ကြက်တကောင်
– Corn flour  ၈ဇွန်း(စားပွဲတင်)
-ကြက်ဥ၃လုံး
-မှိုအညိုအခြောက် ၅ပွင့် (dried shiitake )


-ကြွက်နားရွက်မှို ၅ရွက်
-ပဲငံပြာရည်အကြည် ၂ဇွန်း(စားပွဲတင်)
-ပဲငံပြာရည်အနောက်၁ဇွန်း(စားပွဲတင်)
-ခရူဆီ ၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း၁ဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ၃မွှာ
မချက်ခင်၂နာရီအလို မှိုများကိုရေစိမ်ထားပါ။ ကြွက်နားရွက်မှို မထဲ့ချင်ရင် ကိုပိုထဲ့ပါနော်။
ကြက်ကိုရေစင်စင်ဆေးကာ ကြက်သွန်ဖြူများဓားပြားရိုက်ပြီး ပြုတ်လိုက်ပါ။ ကြက်ပြုတ်ရည်ဟာ ကြက်ရိုးပါမှအရသာရော အဟာရရောပိုရမှာမို့တကောင်းလုံးအရိုးနဲ့ပြုတ်ပါတယ်။ အချိုအတွက်ကြက်ရိုးကရပြီးသားမို ကြက်သားမှုန့်၊ အချိုမှုန့်မလိုပါ။ ဆားကိုအချိုဇွန်းဝက်ခန့်သာထဲ့ပါ။ နောက်ပိုင်းထဲ့မဲ့ ပဲငံပြာရည်များရဲ့ အငံဓာတ်ရှိပြီးသာမို့ပါ။ ပြုတ်ရေ၂လီတာခွဲခန့်ကျန်ပါစေ။ တချိန်တည်းမှာ ရေစိမ်ထားမှိုများကို ပါးပါးလှီးထားပါ။ ကြက်ဥများ နာနာခလောက်ထားပါ။ corn flour ကိုရေဖျော်ထားပါ။ နူးနေသောကြက်သားများကို အမျှင်လေးများထွင်ထားပါ။
ကြက်ပြုတ်ရေခပ်နွေးနွေးသာရှိနေချိန် မှာကော်ရေကိုရောပါ။ အဲဒါမှ ကော်ရည်ဟာ ပြုတ်ရည်နဲ့တသားတည်းဖြစ်သွားပါမယ်။ ကော်ရည် အခဲလဲလုံးဝမဖြစ်တော့ပါ။ အဲလိုရောပြီး အပူပေးကာဖြေးဖြေးချင်း မွှေနေပါ။ ကြက်သားဖတ်များ၊ မှိုများထဲ့ပါ။ ကြက်ပြုတ်ရည် ကျွပ်ကျွပ်ဆူလာရင် ကြက်ဥရည်များ ဖြေးဖြေးချင်းလောင်းထဲ့လိုက်ပြီး မွှေပါ။ ကြက်ဥရည်များအမျှင်လေးများဖြစ်လာပါမယ်။ ဒီအခါမှ ပဲငံပြာရည်များနဲ့ ခရူဆီ ရောပါ။ ဟင်းရည်တော်တော်ပျစ်လာရင် ငရုတ်ကောင်းဖြူးပါ။
ကော်ရည်ရပါပြီ။
တွဲဖက်စားရန်
-ခေါက်ဆွဲ
-ကန်းစွန်းရွက်
-ပဲပင်ပေါက်
-အီကြာကွေး( ကြိုက်မှထဲ့ရန်)
ကန်းစွန်းရွက်ကို ရေဆူဆူ၂မိနစ်လောင်းပြီး ရေအေးအေးမှာစိမ်လိုက်ပါ။ မညှိုးပဲ မမဲပဲစိမ်းနေပါမယ်နော်။ ပြုတ်တဲ့အခါဆားထဲ့ပြုတ်လဲရပါတယ်နော်(ကျန်တဲ့အသီးအနှံရေနွေးဖျောလဲဒီလိုပဲလုပ်နိုင်ပါတယ်နော်) ပဲပင်ပေါက် ရေနွေးဖျောထားပါ။
က်ာရည်ခေါက်ဆွဲငပိထောင်း
ငပိကို ဟင်းချက်ဇွန်းတွင်ကပ်ပြီး ၃မိနစ်ခန့်မီးပြပေးပါ။ ဖုတ်ပြီးငပိကိုသံပရာရည် စားပွဲတင်တဇွန်းစာ ထဲ့ရောပါ။ ငရုတ်သီး၅တောင့် ကြက်သွန် ဖြူ၃ဥ ကို၂မိနစ်မီးကင်ပါ။ ထောင်းပြီးရောပါ။ ကြက်သွန်နီ၁လုံးရဲ့ တဝက်ကိုပါးပါးလှီး ကြက်သားမှုန့်အချိုဇွန်းဝက်ခန့်ထဲ့ပြီး ရောလိုက်ရင် တွဲစားစရာငပိထောင်းလေးရပါပြီ။
ပွဲပြင်တဲ့အခါ ခေါက်ဆွဲထဲ့ အရွက်ထဲ့ ပဲပင်ပေါက်ထဲ့ အီကြာကွေးထဲ့ပြင်ကာ ဟင်းရည်ပူပူ ပျစ်ပျစ်ကိုလောင်းထဲ့ပြီး ငပိထောင်း စပ်စပ်ဖြင့်အရသာရှိရှိစားသုံးနိုင်ပါပြီ။ အချဉ်ကြိုက်ရင် သံပရာသီး ညှစ်နိုင်ရန် ပြင်ဆင်ပေးထားပါ။

 

Advertisements

12 comments on “ကော်ရည်ခေါက်ဆွဲ နဲ့ ငပိထောင်း

  1. အိမ်ရှင်မတွေအတွက်အရမ်းကိုအထောက်အကူဖြစ်ပါတယ်

  2. မအိသက်ရွှေတောင်ခေါက်ဆွဲလုပ်နည်းလေးကိုလဲတင်ပေးပါနော်။ကော်၇ည်ခေါက်ဆွဲတော့မြည်းကြည့်သွားပါတယ်။ကျေးဇူးတင်ပါတယ်နော်

  3. Corn Flour နဲ့ချက်တာ အေးသွားတော့ အရည်ကခဲခဲလုံးလုံးလေးတွေဖြစ်သွားဖူးတယ် အမှန်က Tapioca Flour (ကော်မှုန့်) နဲ့ ချက်နေကြ .. အဆာပလာစုံစုံလင်လင်ကြိုက်တတ်ရင် ပဲလိပ်၊မှိုခြောက်ပန်းခြောက်တွေထည့်ချက်လဲ စားကောင်းတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s