လန်ဒန်မှာလဘနွန်ဆိုင်လေးများနေရာတိုင်းလိုလိုမှာ ရှိပါတယ်။ ဒါပေမဲ့အမှတ်တမဲ့နဲ့တခါမှ လဘနွန်ဆိုင်မှာမစားဖူးပါ။ တရက်သော တနင်္ဂနွေနေ့ ကသူငယ်ချင်းစုံတွဲက အိသက်သားကြီးကားမျိုးစုံကိုအလွန်ရူးသွပ်မှန်းသိ၍ ကားပြပွဲသွားကြရန် အဖော်စပ်လာပါတယ်။ အဲဒီနေ့က ကားမျိုးစုံ ကြည့်ရှူအပြီး နေ့လည်စာစားချိန်ရောက်လာတဲ့အခါ ပြပွဲအတွင်းစားသောက်ဆိုင်တွေမှာ Sandwich လို အရာတွေသာရောင်းတဲ့ အတွက်အပြင်ကို ထွက်ပြီး စားသောက်ဆိုင် ရှာကြပါတယ်။ အဲဒီမှာသူငယ်ချင်းက လဘနွန်အစားအစာ စားကြည့်ရန်တိုက်တွန်းပါတယ်။ အသစ်အဆန်း စားကြည့်ချင်တဲ့ စိတ်အခံရယ် သူက အကောင်းကြိုက်သူတယောက်ဆိုတာကို ယုံကြည်တာရယ်ကြောင့် စားဖြစ်ခဲ့ပါတယ်။ အဲဒီစားခဲ့ရတာတွေထဲမှာ လဘနွန်ခရမ်းသီးအနှစ် ကိုအိသက်အလွန်ကြိုက်ပါတယ်။ သူ့ရဲ့အရသာဟာစိမ့်ပြီး စားလို့အလွန်ကောင်းပါတယ်။ လီမွန်ရည်ရဲ့အနံ့အရသာဟာလဲ အအီပြေပြီး စွဲမက်ဖွယ်ကောင်းပါတယ်။ သံလွင်ဆီပါတဲ့ အတွက် အနံ့အရသာ အလွန်ကောင်းပါတယ်။ ဒီမှာတော့ သံလွင်ဆီကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အတွက် ပေါင်မုန့်နဲ့ ဒီအတိုင်း ကိုတို့စားတာတွေ့ရပါတယ်. ပူနွေးသောNann Bread လို့ခေါ်တဲ့နံပြားပေါင်မုန့်နဲ့စားပါတယ်။ သူတို့က သလဲသီး အစိလေးများပါဖြူးစားပါတယ်။ အိသက်က သလဲသီးမပါပဲစားပါတယ်၊ ကြိုက်နှစ်သက်သူများတွဲစားနိုင်ပါတယ်နော်။ အဲဒီနည်းလေးကို ရှာဖွေကာပြန်လည် ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ( ၃ယောက်စာ)
-ခရမ်းဘုတ်မသီး ၃လုံး
-ကြက်သွန်ဖြူ ၂မွာ
-နှမ်းအနှစ် Tahina ၃ဇွန်း( စားပွဲတင်)
-လီမွန်ရည်၂ဇွန်း(စားပွဲတင်)
-ဒိန်ချဉ် ၁ဇွန်း(စားပွဲတင်)
-ဆား၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
-ငရုတ်သီးမှုန့် ဇွန်းဝက်(အချိုဇွန်း)
-ငရုတ်ကောင်းမှုန့်အနဲငယ်
-သံလွင်ဆီ ၂ဇွန်း( စားပွဲတင်)
ပထမဆုံး နှမ်းအနှစ် Tahina ကို အလွယ်ဝယ်မရရင် နှမ်းအဖြူ ယောက်ချိုဇွန်း၂ဇွန်းကိုရေ စားပွဲတင်ဇွန်း ၃ဇွန်းခန့်ရောပြီး စက်ဖြင့် ကြိတ်ထားကာ ရလာသော နှမ်းဆီရော အနှစ်ရောကို ပုလင်းထဲ သိမ်းထားတာကိုဆိုလိုပါတယ်။
အဲဒါရပြီဆိုရင် ခရမ်းသီးများနူးအိနေအောင် မီးဖုတ်ထားပါ။ အခွံခွါပြီး အနှစ်များကို ဇလုံတခုထဲ ထဲ့ပြီး သံလွင်ဆီမှလွဲ၍ ကျန်တာအားလုံးထဲ့ပြီး မွှေစက်ဖြင့်သော၎င်း ထောင်း၍သော၎င်း ကြေအောင်ပြူလုပ်ပါ။
ပြီးမှသံလွင်ဆီအပေါ်က ဖြူးကာ ပူနွေးသော Nann Bread နံပြားဖြင့် တို့၍စားပါ။ အချဉ်ဖောက်ထားသော ငရုတ်သီးတောင့်များ သံလွင်သီးလေး များဖြင့် တွဲဖက် စားသုံးပါက အလွန်လိုက်ဖက်ညီပါတယ်။အစပ်ကြိုက်ရင် ငရုတ်ကောင်းမှုန့်အနဲငယ် ထပ်ဖြူးကာ စားပါ။
အိသက်ရဲ့ ဟင်းလေတွေက ရှယ်လေးတွေချည်းပဲ။ ကြိုက်တယ်
ဘုတ် နဲ့ ကျီး 😛
ခရမ်းသီး အ၇မ်းကြိုက်တော့ စားချင်တယ် အိသက်ရေ
စားချင်စရာလေး…မအိသက်ရေ…
အဲဒါ မ အရမ်းကြိုက်တာ ခမ်းရေ 🙂
အဆန်းလေးနော်ညီမလေး..
လုပ်စားကြည့်မယ်..
ကျေးဇူး
အဲဒါ ညီမလဲအရမ်းကြိုက်တယ်မ စိမ့်လို့ 🙂