ပျားရည်ခင်းငါးလိပ်ကျောက်
ငါးလိပ်ကျောက်ကို ဘယ်လိုစားလဲမေးထားတဲ့ညီမတယောက်အတွက်ဒီနည်းလေးကို Blog မှာတင်ပေးလိုက်ပါတယ်။ ဗဟုသုတအနေနဲ့အဲဒီငါးက နှစ်ပေါင်း၃၀အထိ အသက်ရှင်ပါတယ်တဲ့ ၊၂ပေ အထိရှည်ပါတယ်. များသောအားဖြင့် ဖမ်းမိတဲ့ငါးတွေကသက်တမ်း ၇နှစ်လောက်ပဲရှိလို့ ၁ပေလောက်ပဲရှိတတ်ပါတယ်။ ရေငန်မှာတွေ့ရတတ်ပါတယ်။ သူက မချက်တတ်ရင်နဲနဲလေးတော့ညှီပါတယ်။ သူ့ရဲ့အရသာကကျန်ငါးများနဲ့မတူ အရသာထူးပါတယ်။ အသားကချက်ရင်ဖြစ်ဖြစ် ကြော်ရင်ဖြစ်ဖြစ် ခြောက်မသွားပဲ အစိုဓာတ်လေးရှိတဲ့အတွက် ပိုချိုပြီးစားလို့ကောင်းပါတယ်။ ကင်ပြီး၎င်း ကြော်ပြီး၎င်း ပေါင်းပြီး၎င်းစားနိုင်ပါတယ်။ ဒီနည်းလေးကတော့ မြန်လဲမြန်စားလို့လဲအလွန်ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
-ငါးလိပ်ကျောက် ၁၅ဂရမ် (၁၀သား)
-ပေါင်မုန့်ခြောက်အမှုန့်လေးများ( bread crumbs)
-ငရုတ်ကောင်းအနဲငယ်
-ပဲတောင့်ရှည် ၆ဂရမ် (လက်၁ဆုပ်စာ)
-ပျားရည် ၂ဇွန်း(စားပွဲတင်)
-နွားနို့၂ဇွန်း(စားပွဲတင်)
-ဇီယာကြီးရွက်ခြောက်( dried oregano)
-ကြက်သွန်ဖြူ ၁မွှာ
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
ပထမဆုံး ငါးလိပ်ကျောက်လေးကိုအရေခွံလွှာလိုက်ပါ။ သန့်စင်ပြီးရင် ဂျင်းနဲ့နယ်ထားပေးပါ။
ပေါင်မုန့်ခြောက်လေးများကို ငရုတ်ကောင်းမှုန့်၊ ဇီယာကြီးရွက်ခြောက်မှုန့်၊ဆား၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောကာ ဂျင်းနယ်ထားသော ငါးအသားပြားကိုကပ်ပါ။
ပြီးမှဆီပူပူတွင် နှစ်ကာကြော်လိုက်ပါ။ ကြော်ပြီးစစ်စစ်ထားပါ။
ပြီးရင်ဒယ်တွင် ဆီပါလေကာထဲ့ကာ ကြက်သွန်ဖြူထဲ့ပါ။ ပျားရည်ထဲ့ပါ။ ပဲတောင့်ထဲ့ပြီးလှိမ့်ကာ oregano ,ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း တို့ထဲ့ပါ။ ရေအစားပဲတောင့်နူးရန် နွားနို့ထဲ့ ပြီး ၁မိနစ်အကြာ ပန်းကန်ပေါ်ခင်းလိုက်ပါ။အဒီအပေါ်ကမှ ကြော်ထားပြီးသားငါးပြားလေးကိုတင်လိုက်ပါ။အသီးအနှံစုံSalad လေးနဲ့တွဲစားလျင်အလွန်လိုက်ဖတ်ပါတယ်။
အမအိသက် ဆီက ရှာရှာပြီးချက်ဖြစ်နေတာ ၂မျိုး ၃ မျိုးလောက်တောင်ရှိနေပြီ၊ အစားတွေသောင်းကျန်းနေတာနဲ့ ကျေးဇူးကို စိတ်ထဲကပဲပြောပြောဖြစ်နေတယ်။ ခုမှ စာရေးပြီးပြောဖြစ်တာ စိတ်မရှိနဲ့အမရေ..အရမ်းကို ကျေးဇူးတင်ပြီး အရမ်းကိုမှ စားကောင်းသော အစားတွေကို ရေးရေးတင်နေတဲ့ အမဆိုဒ်လေးကိုရှာတွေ့တာ ၀မ်းလည်းသာရပါတယ်။ အမရဲ့ပျော်ရွှင်စရာ မိသားစုလေးနဲ့အတူ အစားကောင်းလေးတွေချက်ပြီးစားလဲစား ပို့စ်မှာလဲ များများလေးတင်နိုင်ပါစေနော်….
အဲလိုလာပြီးတကူးတက ပြောပြတာကျေးဇူးပါစုရေ ၊ မ လဲအဲလိုများလာပြောရင် သိပ်ပျော်တာပဲ :))