ဒန်သလွန်သီးငါးခေါင်းချဉ်ရည်ကိုအိမ်မှာ ခဏခဏချက်စားဖြစ်တယ်။ ဒန်သလွန်သီးက သွေးတိုးလဲကျစေပါတယ်။ ရန်ကုန်မှာတော့ ငါးရံ့ခေါင်းနဲ့ချက်တာတွေ့ရတတ်ပါတယ်။ ဒီမှာတော့ ငါးရံ့ကမလွယ်ပါဘူး။ နောက်တချက်က အိသက်က ငါးရံ့မင်းပရိတ်လဲ ရွတ်တတ်တော့ ငါးရံ့မစားပါဘူး။ ခလေးတွေအတွက် အိမ်မှာကြော်ပေးတတ်တဲ့ ငါးကြင်းခေါင်းလေးနဲ့ချက်ပါတယ်။ ချဉ်ရည်ဟင်းချက်တာ မခက်ပါဘူးနော်။ အိသက်အလှူလုပ်လို့ ငါးခေါင်းဟင်းချက်ရင် ဘယ်လိုမညှီအောင် ချက်တာလဲလို့ခဏခဏမေးတတ်ကြပါတယ်။ ဒါကြောင့် ဒီ post လေးကိုတင်ပေးလိုက်ပါတယ်။ မခက်ပါဘူးနော်။
ပါဝင်ပစ္စည်းများ(၅ပွဲစာ)
-ဒန်သလွန်သီးလတ်လတ်၃ ချောင်း
-ခရမ်းချဉ်သီး၂လုံး
-မကျည်းမှည့်ရေဖျော် လိုသလောက်
-ငံပြာရည်၂ဇွန်း
-ဆားနဲနဲ၊ ကြက်သားမှုန့်၃ဇွန်း(စားပွဲတင်)
-ရေ၂လီတာ
-ကြက်သွန်နီ၁ခြမ်း၊ ဖြူ ၃မွှာ
-ဆနွမ်း၁ဇွန်း(အချိုဇွန်း)
-ဂျင်း ၁ဇွန်း(စားပွဲတင်)
-ငါးခေါင်း
-နံနံပင်
ဒန်သလွန်သီး လေးများကိုအခွံခြစ်ကာအနေတော် လှီးဖြတ်ထားပါ။
ငါးခေါင်းလေးများကို ဆနွမ်း၊ ဆား၊ ဂျင်းတို့ဖြင့်နယ်ထားကာ ဆီပူတွင် ရွှေဝါရောင်သန်းသည်ထိကြော်ထားကာဆယ်ထားပါ။
ဆီပူတွင် ကြက်သွန်များထဲ့ ကြော်ကာ ကြက်သွန်နွမ်းရင် ဒန်သလွန်သီးထဲ့ ၃မိနစ်ခန့်လုံးပါ။
ခရမ်းချဉ်သီးများ ထပ်ထဲ့ပြီး လုံးပါ။
ရေထဲ့ကာ မကျည်းရည်၊ ငံပြာရည်၊ ကြက်သားမှုန့်များခပ်ပါ။ ပွက်လာတဲ့အခါ ငါးခေါင်းကြော် ထားတာများရောပါ။
ရေအနဲငယ်ထပ်ထဲ့ပြီး ပွက်တဲ့အခါ ဒန်သလွန်သီးလဲနူးပြီဆိုရင်အရသာအပေါ့အငံမြည်းကာနံနံပင်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
thank u for the cooking tips u sent to me. 🙂 I haven cook this very long too. Thanks.
hote kae mummy thida 🙂
ညီမလေးရေ..
ဒန့်ဒလွန်သီးကို အစ်မတို့ကချစ်စနိုးနဲ့ သစ်တုံးလို့ခေါ်တယ်..
သစ်တုံးချဉ်ရေဟင်းကို အစ်မအမျိုးသားကအရမ်းကြိုက်တာ..
ညီမလေးပြောသလို ချက်ကျွေးလိုက်မယ်နော်…
ကျေးဇူးညီမလေးရေ
🙂
hote enjoy ma yay :))