အိသက်အိမ်နားမှာ ကိုရီးယား၊ ဂျပန် လူမျိုးတွေခဏခဏတွေ့ရပါတယ်။ သမီး Cindy ရဲ့ သူငယ်ချင်းလေး မေမေက ကိုရီးယားမလေးပါ။ သူနဲ့ လဲခင်မင်ရင်းနှီးကြတာ တစ်နှစ်ကြော်ကြာပါပြီ။ သူ အိသက်တို့ အိမ်လာလည်ရင် ဗမာအစားအစာတွေကိုကျွေးတိုင်း မြိန်ရည်ရှက်ရည် စားပါတယ်။ သူတို့ အကြိုက်နဲ့ ကိုယ့်အကြိုက်တော်တော်ဆင်ပါတယ်။ ဒါလေးက သူ့သားလေး မွေးနေ့မှာ စားရတာလေးပြန်ချက် ကြည့်တာပါ။ မွှေးပြီး စားလို့တော်တော် အနှစ်သာရရှိပါတယ်။
ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-ဝက်သားပြားလေးများ ၅၀၀ ဂရမ်
-ဂျင်း၊ဆား၊ ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-ပဲသီး ၃၀၀ ဂရမ်
-ကိုရီးယာဟင်းနှစ် ၂ဇွန်း (စားပွဲတင်)
-ရှောက်ရွက် ၄ ရွက်
-ကြက်သွန်နီ ၁လုံး (အတုံးလေးများလှီးထားပါ)
-ကြက်သွန်ဖြူ ၃မွှာ( ဓားပြားရိုက်ထား)
-ငရုတ်ကောင်းအစိမ်း ၃တွဲ
ဝက်သားပြားလေးများ ကို၂လက်မစီလှီးထားပါ။ ဂျင်းနဲ့ ဆားထဲ့ကာနယ်ထားပါ။
ကြက်သွန်နီ ၊ဖြူ ကို ဆီပူထဲ ထဲ့ကြော်ပါ။ ပြီးရင်ကိုရီးယာဟင်းနှစ် ၂ဇွန်း ထဲ့မွှေပါ။
ဝက်သားပြားလေးများ ရောကြော်ပါ။ ဝက်သားလေးများအရောင်ပြောင်းရင် ရေထဲ့ကာခဏအဖုံးအုပ်ထားပါ။
အသားများနူးလာရင် ရှောက်ရွက်၊ ပဲသီး၊ ငရုတ်ကောင်းအစိမ်း တို့ထဲ့ကြော်ပါ။ ရေစပ်စပ် ထပ်ထဲ့ကာ ၂မိနစ်ခန့် အဖုံးအုပ်ပြီးရင် အလွန်နှစ်လိုဖွယ် အနံ့အရသာရှိသော ကိုရီးယားဝက်သားပဲသီးချက် ရပါပြီ။