Image

အင်းလေးဘီးမုန့်


အင်းလေးဘီးမုန့်image image image
အင်းလေးဘီးမုန့်ကို ကျွန်မတို့ အင်းလေးသွားလည်စဉ်က တွေ့ခဲ့၊ မြည်းခဲ့ရ ပါတယ်။ အာလူးကတ်တလစ်နဲ့ အရသာအနည်းငယ်မျှဆင်ပါတယ်။ သို့သော် သူက ပိုစား လို့ကောင်းပါတယ်။ အာလူးနဲ့ လုပ်ရင် အာလူးဘီးမုန့်၊ ငါးနဲ့လုပ်ရင် ငါးဘီးမုန့်ပေါ့နော်။ ကျွန်မကတော့ (၂) မျိုးလုံး ရေးပေးလိုက်ပါတယ်။ ဒီနည်းကို လိုချင်တာနဲ့ သားကြီးတို့ ဆရာမကြီး အင်းလေးသူ အန်တီကို သေချာမေးထားရတဲ့ နည်းလေးပါ။

မုန့်လုံးစပ်နည်း ( dough စပ်နည်း)
•ရှမ်းဆန် (သို့) ရိုးရိုးဆန်မှုန့်-၄ ဘူး (rice cookerဆန်ချိန်ခွက်)
•ကောက်ညှင်းဆန်မှုန့်-၁ ဇွန်း

ပြုလုပ်နည်း
၁။အထက်ပါများကို ရေအနည်းငယ် (အကြမ်းပန်းကန်) တစ်ဝက်စာထည့်နယ် ပြီး ပေါက်စီအလုံးလေးများကဲ့သို့ လုံးပြီး ရေနွေးပွက်ပွက်ဆူ ထည့်ပြုတ်ပါ။ ပေါ်လာရင် ဆယ်ယူလာသော မုန့်အလုံးလေးများကို ကြက်ဥတစ်လုံးဖောက်ပြီး ရောကာ သမအောင် မုန့်သားညက်အောင် နယ်ပေးရပါမည်။
မှတ်ချက် ။ ။ ပူနေသော်လည်း ပူနေစဉ်နယ်မှ ဖြစ်မှဖို့ လက်အနေတော် အပူခံနိုင်လောက်ရင် စနယ်ပေးပါ။

၂။နယ်ပြီး မုန့်များကို အလုံးသေးသေးတစ်ခုချင်းလုံးကာ ပြားနေအောင် တစ်ဖန် တလှိမ့်တုံးဖြင့် လှိမ့်ပေးရပါတယ်။

၃။အပြားပေါ်မှာ အဆာထည့်ပြီး ခေါက်လိုက်ကာ အနားများကို လက်ဖြင့် ဖိ၍ သော်လည်းကောင်း၊ ပုံသဏ္ဌာန်ချပြီးသား ခွက်ဖြင့်သော်လည်းကောင်း ဖိချပေးရပါမယ်။

၎။ပြီးမှ မုန့်များကို ဆီမြုပ်အောင် ကြော်ပေးရပါမည်။

၅။အချဉ်အနေနဲ့ သံပရာ၊ ငရုတ်သီးရောစပ်ထားသော အချဉ် (သို့) ငရုတ်ဆီ စတာတွေနဲ့ တို့စားရင် အလွန်အရသာရှိသော အဆာပြေမုန့်တစ်ခု ရရှိပါမည်။

(အထဲမှာ ထည့်ရန် အဆာများ)
—————————-

အာလူးဘီးမုန့်အတွက် အာလူးကို နူးနေအောင် ပြုတ်ပြီး ချေကာ ဆားအနည်းငယ် ရောထားပါ။ အာလူး အရောကို အဆာသွတ်နိုင်ပါတယ်။ ကြက်သွန်မြိတ် ကြိုက်ရင် ညှပ်ထည့်ပါ။

ငါးဘီးမုန့်အတွက်ကတော့
၁။ငါးရဲ့အသားကို ပြုတ်ထားပါ။ ဆီနဲ့ အနည်းငယ် ကြော်ထားပါ။
၂။ကြက်သွန်မြိတ်၊ ကြက်သွန်နီ အနည်းငယ် ပါးပါးစီ လှီးထားပြီး ဆား၊ အသားမှုန့်တို့ထည့်ကာ ဆီပါ လေကာဖြင့် ရောလုံးထားပါ။ ပြီးမှ ငါးပြုတ်ကြော် ဖြင့် ရောပြီး အဆာသွတ်နိုင်ပါပြီ။

ဒါကတော့ အင်းလေးဒေသ အစားအစာဖြစ်တဲ့ ဘီးမုန့်လုပ်နည်းလေး ဖြစ်ပါတယ်။

Advertisements
Image

ငါးရှဥ့်အရိုးပြောက်ဆီပြန်


ငါးရှဥ့်အရိုးပြောက်ဆီပြန်

_MG_6193
ငါးရှဥ့်အရိုးပြောက်ဆိုတာကို ချက်ကြဖို့ကိုခေတ်မီသူ အိမ်ရှင်မလှလှလေးတွေဟာ အရင်ကလို ခက်ခဲနေစရာ မလိုတော့ဘူးဆိုတာကို ရေးပြချင်ပါတယ်။ ငါးရှဥ့်ကိုင်အုံး အရိုးထုတ်အုံး ဒါတွေဟာ အလွန်ကို စိတ်ရှုပ်စရာ ကောင်းလှမှာ အမှန်ပါပဲနော်။ ဒါဆိုရင် ဘာကြောင့် ကြောက်စရာ လန့်စရာ စိတ်ရှုပ်စရာ ကင်းတယ်လို့ မအိသက် က ပြောရပါသလဲနော်။ ဘာလို့ဆိုတော့လေ City Mart ရဲ့ Frozen Food တွေထားတဲ့ ကောင်တာနေရာမှာ သွားရှာလိုက်ရုံနဲ့ အရိုးထုတ်ပြီး သန့်စင်ပြီးသား ငါးရှဥ့်အသားလေးများကို သေချာစွာ ထုပ်ပိုးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်နော်။
ကဲ ဒါဆိုရင် ငါးရှဥ့်ကိုင်ရမဲ့ အရိုးထုတ်ရမဲ့ ခက်ခဲတဲ့အဆင့်ကို အိမ်ရှင်မ လှလှလေးတွေ ကျော်လွှားပြီး ဖြစ်နေ ရပါပြီနော်။ အခုဆိုရင်တော့ ချက်တဲ့ပြုတ်တဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ။ ဒါဆိုရင် အသဲစွဲစေမဲ့ ငါးရှဥ့်အရိုးပြောက် ချက်နည်းလေးကို ကြည့်လိုက်ကြရအောင် …

ပါဝင်ပစ္စည်းများ (တပွဲစာ)
ငါးရှဥ့်အသား – ၅၀၀ ဂရမ်
ဆနွင်း – ၁ ဇွန်း (အချိုစားဇွန်း)
အရောင်တင်မှုန့် – ၁ ဇွန်း (အချိုစားဇွန်း)
ကြက်သွန်နီ – ၇၀ ဂရမ် (အသေး ၃ လုံးခန့်)
ကြက်သွန်ဖြူ – ၂၀ ဂရမ် (အမြွှာကြီး ၁ မွှာခန့်)
ဂျင်း – ၅ ဂရမ်
စပါလင် – ၁ ချောင်း
ပျဉ်တော်သိမ် – ၁၀ ရွက်ခန့်
ဆား – ၂ ဇွန်း (အချိုစားဇွန်း)
ငါးအသားမှုန့် – ၁ ဇွန်း (အချိုစားဇွန်း)
ငရုတ်သီးအကြမ်းခွဲ – ၁ ဇွန်း (အချိုစားဇွန်း)
ငါးရှဥ့်အသားလေးများကို အနေတော်အရွယ် ခပ်ရှည်ရှည် အချောင်းလေးများ လှီးဖြတ်ထားရပါမယ်။ ဆနွင်း အနည်းငယ်နှင့် ဆား ၁ ဇွန်းထည့်ပြီး နယ်ထားပေးပါ။

ကြက်သွန်နီကို ပါးပါးလှီးထားပေးပါ။
ကြက်သွန်ဖြူကိုတော့ဓါးပြားရိုက်ထားပေးပါ။
စပါလင်ကို ရိတ်ရိတ်ပါးပါး လှီးပေးပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကို ဆနွင်း၊ အရောင်တင်ထည့်ပြီး ဂျင်းနဲ့စပါလင်များပါထည့်ကာ ဆီသတ်ပေးရပါမယ်။
ဆားနှင့် ငါးအသားမှုန့်ကိုပါ ရောထည့်ပေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကြော်ရင်းနဲ့ မွှေးလာပြီဆိုရင် ရွှေဝါရောင်သန်းကာ ကျွတ်လာပြီဆိုရင် ငါးရှဥ့်အသားများပါထည့်ပြီး ရောပေးပါ။ ငါးရှဥ့်ကို ထည့်တဲ့အခါမှာ ငါးက ထွက်တဲ့ အရည်ကြောင့် ကြက်သွန်အကျွတ်များက နူးအိသွားပါမယ်။ ငါးက ခဏလေးနဲ့ နူးလွယ်တာမို့ ခဏမျှ လှိမ့်ပြီးရင် ဆီပြန်လာတာနဲ့ အရသာ အပေါ့အငန်မြည်းပြီး စိတ်ကြိုက်အနေအထားမှာ မီးပိတ်လိုက်လို့ရပါပြီ။
ငါးရှဥ့်အရိုးပြောက်ဆီပြန် ဆိုတဲ့ အရသာရှိတဲ့ ဟင်းလေးကို ချက်ဖို့ပါဝင်တဲ့ အမယ်အားလုံးကို City Mart တနေရာထဲမှာ ၀ယ်ယူနိုင်ပါတယ်ရှင်။

Image

ရှမ်းခရမ်းသီးပဲပုပ်ထောင်း


ရှမ်းခရမ်းသီးပဲပုပ်ထောင်း
IMG_0067_2
       ဒီနည်းလေးကတော့ ကျမရဲ့ ပြင်သစ်သူလေး ရှမ်းမလေးလင်းရဲ့ ရှမ်းခရမ်းသီးထောင်းနည်းလေးကို သင်ယူပြီး ထောင်းထားတာပါ။ ကျမက ခရမ်းသီးဆို မီးဖုတ်ပြီး သုတ် ရင်သုတ် မဟုတ်ရင် ကြက်ဥနဲ့ ခလောက်ပြီး ကြော်စားတတ်ပါတယ်။ ဒီနည်းလေးက တော့ရှမ်းရိုးရာနည်းလေးပါ။ အလွန်စားကောင်းပြီး  စပ်စပ်လေး နဲ့ ထမင်းမြိန်စေပါတယ်ရှင်။ လွယ်လွယ်လေးပါလို့ ထုံးစံအတိုင်းဆိုလိုက်ပါရစေအုန်းနော်။
ပါဝင်ပစ္စည်းများ
-ခရမ်းသီးအကြီး ၁လုံး
-ကြက်သွန်ဖြူ ၅မွှာ
-ပဲပုတ်ပြားတချပ်
-ငရုတ်သီးစိမ်း ၂တောင့်  ( မစပ်တဲ့ ငရုတ်သီးဆိုရင်ပိုထဲ့ပါ)
-ချယ်ရီ ခရမ်းချဉ်သီး ၂လုံး
-နံနံပင်၊ ဖတ်ဖယ်ရွက် အနဲငယ်စီ
-အသားမှုန့် ၁ဇွန်း အချိုဇွန်း (သတ်သတ်လွတ်စားမယ်ဆိုရင်တော့ ဟင်းရွက်မှုန့်၊ ပဲငံပြာရေ ၊ သကြား စသည်တို့အစားထိုးပါ)
-ဆား ဇွန်းဝက် (အချိုဇွန်း)
                               လုပ်နည်းကတော့
                                    ခရမ်းသီး၊ ခရမ်းချဉ်သီး၊  ကြက်သွန်ဖြူ၊ ပဲပုပ်ကင်၊ ငရုတ်သီး ကို မီးဖုတ်(သို့) ကင်ပါ ။ ၁၅ မိနစ်ခန့်ကင်ပြီး ကျမက တော့ ခရမ်းသီးကို ကြာကြာပိုကင်ပါတယ် အတွင်းမကျက်မှာစိုးလို့ပါ။ ပြီးရင် ခရမ်းသီး အသားဖယ်ယူထားပါ။
 ကင်ဖုတ်ပြီးတာနဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊  ပဲပုပ် ကို ဆားနဲ့ အသားမှုန့်ထဲ့ပြီး ညက်အောင်အရင်ထောင်းပါ။ ပြီးရင် နံနံပင်၊ ဖက်ဖယ်လှီးဖြတ်ကာထဲ့ထောင်းပါ။ ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကို နောက်ဆုံ့းထဲ့ကာထောင်းပါ။
သေချာသမအောင် ထောင်းပြီး အရသာလိုသလို ဆားနဲ့ အသားမှုန့် ပြန်ဖြည့်ပြီး စားရန်အသင့် ကျမ အသဲစွဲ ရှမ်းခရမ်းသီးပဲပုပ်ထောင်းလေးရပြီပေါ့ရှင်။
Image

မုန့်ပေါင်း


IMG_0056
………………
ဒါလေးက ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့
မဆုတ်မနစ် ကျိုးနွံစွာ သင်ယူချင်စိတ်လေးရဲ့ ရလဒ်လို့ ခံယူထားပါတယ်။
မတ်လ ၂၄ ရက်နေ့တုန်းက မှတ်မှတ်ရရ ပါရမီစိန်ဂေဟာ 
အနောက်ဘက်ကိုသွားဖို့ရာ အကြောင်းဖန်လာပါတယ်။
ကားပါကင်ရှာရင်း စိန်ဂေဟာဘေးလမ်းမှာ သန့်သန့်ပြန့်ပြန့်နဲ့
ဈေးရောင်းနေတဲ့ မုန့်ပေါင်းသည်အဒေါ် ကြီးကိုတွေ့ပါတယ်။
အဖေအရမ်းကြိုက်တဲ့ မုန့်မို့ ပဲနဲ့ရော၊ အုန်းယိုနဲ့ရော ဝယ်မယ်ပေါ့လေ။
အဖေက ဆိုင်မှာနေသူဆိုတော့ အဖေ့ကို ဘာကျွေးချင်ချင် များများဝယ်ရတယ်။
သူတစ်ယောက် တည်း ဘယ်တော့မှ မျိုမကျဘူး။ သူ့ဘေးက လူတွေပါ
စားရလေမှ ကျေနပ်သူပါ။ ဒါကြောင့် များများဝယ်မယ်ဆိုတော့
အဒေါ်ကြီးက ဒါဆိုရင် သူဆန်နှစ်ကို ဆန်ခါချနေတုန်း
ခဏစောင့်တဲ့ သူလုပ်နေတာကြည့်ရင်း အမေပြောတာ သတိရသွားတယ်။
မုန့်ပေါင်းက သန့်ရတယ်။ မုန့်ချဉ်သွားရင် မရဘူးဆိုတော့ ထုံးစံအတိုင်း
စပ်စုပါလေရော။ အဒေါ်ကြီးက ပထမ စိတ်တိုတိုနဲ့ လေသံမာတယ်။
နင်တို့ ပြန်ရောင်းစားမှာလားတဲ့။ မဟုတ်ပါဘူးအဒေါ်ရယ် ကျွန်မက
ဟင်းချက်နည်းရေးသူပါ။ အဓိက ဗမာ့အစားအစာ ရှားပါးတဲ့နေရာက
သူတွေအတွက်ပါဆိုတော့ သေချာရှင်းပြတယ်။
ကျွန်မ ကားဆရာကတောင် အမတော်တော်တောင်းပန်နိုင်တယ်။
ဘေးက ဈေးဝယ်တဲ့လူတွေလည်း ကြည့်လို့တဲ့။ မရှက်ပါဘူး။
ပညာရှာပမာ သူဖုန် စားပဲ ကိုက လိုချင်သူကိုး။
ခပ်မာမာ သင်နေရာက ဖြည်းဖြည်းချင်း လေသံပျော့လာတယ်။
သမီးတွေ၊ ဘာတွေခေါ်လာတယ်။ ကျိုးနွံချင်းရဲ့ ရလဒ်လေပဲလို့ တွေးမိတယ်။
ဆန်ကောင်းကောင်းနဲ့ လုပ်ရပါမယ်တဲ့နော်။ အဓိက မုန့်ပေါင်းဟာ
ဆန်နဲ့ရေပဲလိုပါတယ်။ သန့်နေမှ ရပါမယ်။

ကျွန်မနည်း (၂)မျိုး ရေးပေးပါမယ်။
(၁)ဆန်ကြိတ်သုံးတာရော၊
(၂)အမှုန့်နဲ့လွယ်လွယ် လုပ်တာရောပါ့။
မြန်မာ မုန့်ပေါင်း စစ်စစ်လေးလုပ်ဖို့မှာ အဓိက
မုန့်သားက ဆန်ရယ်၊ ရေရယ်ပဲ လိုပါ တယ်။

ဆန်ကို ကြိတ်ပြီးလုပ်မယ်ဆိုရင်
………………………………………
• မုန့်အခုရေ – ၂၅ ခုခန့်စာ
• ပေါ် ဆန်းဆန် – Rice Cooker ဆန်ချိန်ခွက် ၅ ခွက်

ဆန်ကို တစ်ညသိပ်ရေစိမ်ရပါမယ်။ ကြိတ်ဆုံမှာ ညှက်နေအောင် ကြိတ်ရပါတယ်။
Blender ကောင်း ကောင်းနဲ့ ညက်နေအောင်လည်း ကြိတ်နိုင်ပါတယ်။
အဝတ်ပါးတစ်ခုမှာ ထဲက ခပ်ကျပ်ကျပ်စည်း၊ အလေးဖိ၊ ရေစစ်ထားပါ။
ခပ်မခြောက်တခြောက်အနေရဖို့ကို ၈ နာရီကြာ စစ်ထားဖို့လိုပါတယ်။
မုန့်ညက်ညက်အတုံးလေးရပါမယ်။
အဲဒါကိုမှ ဆန်ခါစိတ်စိတ်မှာ တိုက်ချကာ မုန့်သားမွမွကို ယူတာပါ။
ဆား အချိုစားဇွန်း တစ်ဇွန်း နယ်ထား ပါ။

ဆန်မှုန့်နဲ့လုပ်မယ်ဆိုရင်
……………………………….
• ၂ဝ ခုစာ ၂ လက်မခွဲ အချင်းရှိမုန့်
• ဆန်မှုန့် – ၂၅ဝ ဂရမ်
• ရေနွေးဆူဆူ – ၂ဝဝ မီလီလီတာ
• ဆား – အချိုဇွန်း ၁ ဇွန်း

ဆန်မှုန့်များကို ဇလုံထဲမှာထည့်ကာ ရေနွေးဆူဆူကို
ဖြည်းဖြည်းချင်းစီထည့်လိုက်၊ နယ်လိုက် (သစ်သားယောင်းမဖြင့်)
မွှေလိုက် လုပ်ပေးပါ။ ပထမ ခပ်စိုစိုအနေနဲ့ ဆန်သားမွှမွှလေးတွေ
ရလာပါမယ်။ တဖြည်းဖြည်းနဲ့ လုံးလာပါမယ်။

အဲဒီလို လုံးထွေထွေဖြစ်နေတဲ့ ဆန်မှုန့်၊ မုန့်ညက်သားအတုံးလေးကို
လက်နဲ့ကိုင်လို့ ရလောက်အောင် မပူတော့ဘူးဆိုရင် ဆန်ခါတိုက်ရပါမယ်။
ဆန်ကာစိပ်ပေါ်မှာ ဖိချပြီး တိုက်ရတာပါ။ မုန့်အမှုန့် အစိလေးတွေ ခပ်မွှမွှရလာပါမယ်။

IMG_0004

ဒါကတော့ မုန့်ပေါင်းအတွက် မုန့်ညက်သားကို ဆန်မှုန့်နဲ့ လုပ်တာပါ။
အခုကတော့ အုန်းယိုနဲ့ ပဲလွမ်းလိုလာပါပြီ။
တစ်ညရေစိမ်ထားတဲ့ ပဲလွမ်းကို နူးနေအောင် ပေါင်းပါ။ (ပြုတ်ပါ)

IMG_0002

အုန်းယိုထိုးရန်
………………….
• ထန်းလျက်ဖြူ (ဆားထန်းလျက်) – ၅ဝ ဂရမ်
• အုန်းသီးဖတ် – ၁ဝဝ ဂရမ်
• ရေ – ၅ဝ ဂရမ်

ထန်းလျက်နဲ့ရေကို မီးအေးအေးနဲ့ ပျော်အောင် တည်ထားပါ။
ထန်းလျက်ရည်ကို စစ်ကာ (အမှိုက်တို့၊ သဲတို့ပါတတ်ပါတယ်။)
နည်းနည်းပျစ်လာရင် အုန်းသီးဖတ်ကို ထည့်မွှေပါ။
ခြောက်ခြောက် လေးဖြစ်လာရင် ရပါပြီ။ ထန်းလျက်မရှိရင်
သကြားလည်း သုံးနိုင်ပါ တယ်နော်။

မုန့်ညက်သားလည်းရပြီ။ ပဲနဲ့ အုန်းယိုရပြီဆိုရင်
ကိရိယာတန်ဆာပလာတွေအကြောင်း ပြောရအောင်။

မြန်မာပြည်မှာတော့ မုန့်ပေါင်းလုပ်ရန်အိုးကို သပ်သပ်လုပ်ထားပြီးသားပါ။
မုန့်ထည့်ရန် ခွက်ကလေးကလည်း အသင့်ရှိပါတယ်။
ကျွန်မကတော့ အဖေ့ကို မုန့်ပေါင်းဆိုင်မှာ ဝင်ပေးရင် အဖေ့ရဲ့
ရေနွေးအိုးက အဖုံးရယ်။ အော်ဒါအတွက် အသုံးပြုတဲ့ စတီးရေခဲမုန့်ခွက်ရယ် မ,လာပါတယ်။

IMG_0006 IMG_0015

နောက်တစ်နေ့မနက် ဆိုင်သွားတော့ အဖေနောက်ကျောကို
ခပ်နာနာတစ်ချက် ရိုက်တာခံရပါတယ်။ မပြောဘဲ ယူမိတာကိုး။

ပုံမှာပြထားတဲ့အတိုင်း ရေနွေးဆူဆူအိုးပေါ်မှာ
ဆန်ကာတင်ထားလိုက်ပါတယ်။ ပိတ်စပါးပါးလေးတစ်ခုပါ တင်လိုက်ပါတယ်။
မုန့်ပေါင်းက မထူမပါးနေမှ အကျက်ညီကာ စားလို့လည်းကောင်းတာမို့
စတီးရေခဲမုန့်ခွက်ဖင်လေးကို မုန့်သားထည့်ပြင်ရန် အသုံးပြု ပါတယ်။
( ၂ လက်မ အချင်းရှိပြီး အနက်ကတော့ လက်မဝက်သာသာရှိပါတယ်။)
အလားတူ ခွက်မျိုး၊ ဘယ်ခွက်မဆို ကိုယ်တိုင်ကိုယ်တွယ်ဖို့ လွယ်ကူရာကို သုံးနိုင်ပါတယ်နော်။

IMG_0008

ခွက်ကလေးထဲကို ပုံမှာပြထားတဲ့အတိုင်း မုန့်သားဖြည့်ပါတယ်။
ပဲလွမ်းတင်မယ်ဆို ရင် မုန့်သားကို ခပ်ပြည့်ပြည့် များများလေး
ခပ်ဖွဖွသိပ်ပြီး ဖြည့်ပါ။ ပဲတင်ပြီး မုန့်သားထဲ အနည်းငယ်ဖိထည့်ကာ
ရေနွေးဆူဆူပေါ်က ပိတ်ပါးပေါ်ကို မှောက်လိုက်ပါ။
မုန့်က ပိတ်ပါး ပေါ်ရောက်ပြီဆိုရင် မုန့်ပေါ်ကို ပိတ်ပါးလေး ပြန်အုပ်ပေးပြီး အဖုံးအုပ်ထားပါ။

IMG_0027 IMG_0014

မုန့်ပေါင်းက ရေနွေးငွေ့လုံဖို့လိုတာမို့ ဘေးက အဝတ်စိုတစ်ခုပါ ပတ်လိုက်ပါတယ်။
အကယ်၍ အငွေလုံတဲ့အိုးဆိုရင်တော့ အဝတ်စိုပတ်စရာမလိုပါဘူးနော်။
၂ မိနစ်ခန့်ပေါင်းပြီးရင် မုန့်ပေါင်းလေး အဆင့်သင့်ဖြစ်ပါပြီ။

IMG_0026 IMG_0010

အုန်းယိုနဲ့ လုပ်မယ်ဆိုရင် မုန့်သားကို နည်းနည်းပဲထည့်ပြီး
အလယ်မှာ နည်းနည်း ခွက်စေကာ အုန်းယိုကို ထည့်၊
မုန့်သားပြန်အုပ်ကာ ခပ်ဖွဖွဖိပြီး အထက်ပါအတိုင်း ပေါင်း ပေးရင် ရပါပြီ။
တချို့က ဆီလေးနည်းနည်းပုတ်ပြီး နှမ်းထောင်းလေးနဲ့ စားကြပါတယ်။
နှမ်းထောင်း ကတော့ နှမ်းလှော်နဲ့ဆားကို ခပ်ဖွဖွရောထောင်းတာကို ဆိုလိုပါတယ်။
ပူပူနွေးနွေး မြန်မာ့မုန့်ပေါင်းလေးကို အဆင်ပြေပြေ လုပ်စားနိုင်တယ်ရှင်။

Image

အောင်ဗလကြော်


အောင်ဗလကြော်

IMG_0146

အောင်ဗလကြော် ဒီမုန့်က ကျွန်မအလွန်ကြိုက်သော မုန့်ဖြစ်ပါတယ်။ ဆိမ့်ဆိမ့်အိအိလေးနဲ့ စားကောင်း လွန်းလှပါတယ်။ ဗမာမုန့်များဟာ တကယ်ကောင်းလွန်းလှတာမို့ ကျွန်မကတော့ ကိတ်မုန့် တစ်တုံးနဲ့ လဲမယ်ဆိုရင် ဗမာမုန့်ကိုသာ အားပါးတရစားမဲ့သူပါ။ ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ (၄လက်မ ခွဲ အချင်းရှိမုန့် ၅ ချပ်စာ)

• ဆန်မှုန့် – rice cooker ဆန်ခွက် ၂ ခွက်
• ကောက်ညှင်းမှုန့် – rice cooker ဆန်ခွက် ခွက်တစ်ဝက်
• ကြက်ဥ – ၂ လုံး
• ရေ – rice cooker ဆန်ခွက် တစ်ခွက်ခွဲ
• ဆား – အချိုဇွန်း တစ်ဇွန်း
• ဆော်ဒါ (ဆိုဒါ) – အချိုဇွန်းတစ်ဝက်
• သကြား – စားပွဲတင် ၆ ဇွန်း

ဆန်မှုန့်၊ ကောက်ညှင်းမှုန့်တို့ကို ဇလုံတစ်ခုမှာ ရေကို နည်းနည်းစီထည့်မွှေပေးပါ။

IMG_0058

 

သကြားကို ရေနွေး ၂ ဇွန်းစာနဲ့ဖျော်၊ ဆိုဒါနှင့် ကြည်ဥကို ခေါက်ထည့်ပြီး ခုဏက ဖျော်ထားသော မုန့်နှစ်ရည်ထဲသို့ ရောကာမွှေပေးပါ။ မုန့်ပွလာစေရန် ရေစိုဝတ်အုပ်ပြီး ၄ နာရီခန့်ထားပေးပါ။

IMG_0059

 

၅ လက်မ အချင်းရှိ non stick ဒယ်အိုးကို (ပုံမှာပြထားသလို) ဆီအနည်းငယ်ဆိုရုံမျှ ထည့်ပြီး အပူပေးပါ။ မုန့်နှစ်ရည်ကို ခပ်ပြည့်ပြည့်ဖြည့်ပြီး အဖုံးခဏအုပ်ထားပါ။

IMG_0101

 

၂ မိနစ်ခန့်ကြာရင် မုန့်ကို တစ်ဖက်သို့ လှန်ကာ အပူပေးပါ။ ညိုရောင်သမ်းလာရင် ရပါပြီ။

IMG_0148 IMG_0104

အောင်ဗလမုန့်ကို တချို့က သကြားရည်ကျိုပြီးသား သကြားပွင့်များကပ်ကာ စားကြ ပါတယ်။ ကျွန်မကတော့ လွယ်လွယ်ကူကူ သကြားနဲ့ပဲ တို့စားလိုက်ပါတယ်။ ဒီအတိုင်းစား လည်း ဆိမ့်ဆိမ့်လေးနဲ့ အလွန်ကောင်းသော ပွပွ အိအိ အောင်ဗလကြော် မုန့်လေးပါ။

IMG_0142

Image

ခုံးချဉ်စပ်ငါးပိချက်


  • ခုံးချဉ်စပ်ငါးပိချက်

    IMG_0018
    ဒီခုံးချဉ်စပ်က အိသက်တို့ အစ်ကိုအကြီးဆုံး (မမကြီးရဲ့အမျိုးသား)သင်ပေးတဲ့ သူ့လက်ရာပါ။ အမေကဆိုအလွန်ကြိုက်ပဲပေါ့။ မမကြီး အမျိုးသားဆိုပေမယ့်လည်း ကိုကြီးကို အိသက်တို့က အလွန်ချစ်ပါတယ်။ ကိုကြီးက ဟင်းချက်အလွန်ကောင်းပြီး ဘုရားတရားအလွန်ရိုသေပါတယ်။ ဘုရားဇာတ်တော်တွေဆို အကုန်ရပဲ။ တစ်အိမ်လုံးမှာ စကားပြော အညင်သာဆုံးပဲ။ ထုံးစံအတိုင်း အိသက်တို့မိသားစုက အလွန်စကားများပြီး အာကျယ်အာကျယ် ပြောကြပါတယ်။ ကိုထက်နဲ့ကိုကြီးက အသံတိုးပြီး စကားကို အေးဆေးစွာပြောတက် သူပေါ့။ကိုကြီး စကားကိုဆို အိသက်တို့က ပိုနားဝင်တယ်။ ခုငွေဆောင်ခရီးစဉ်မှာတောင် ကိုထက် ကိုအော်မိလို့ အိသက်ကိုဆူတာခံရပါသေးတယ်။ နင်တော်တောပ်ါးစိပါးစပ်နဲ့ ဆိုး သတဲ့။ အဟဲ သူ့ရှေ့တော့ ခဏငြိမ်လိုက်ရတာပေါ့။ သူက ဟင်းချက်မယ်ဆို ဘာညာရှိမှမဟုတ်ဘဲ မီးဖိုထဲရှိတာရှာဖွေပြီး ဟင်းတစ်ခွက်ဖြစ်အောင် အရသာရှိရှိချက်နိုင်သူပါ။ဆေးကု တာလည်း တော်ပါတယ်။ အိသက်ကတော့ အင်္ဂလန်မှာမို့ ကလေး ၂ ယောက်လုံး ကိုကြီးနဲ့မမွေးလိုက်ရပေမဲ့ တစ်မိသားစုလုံး ကလေးအလကားမွေးပေမဲ့ ကိုကြီးဒေါက်တာရဲနိုင်ဦးကို မမကြီးက အနစ်နာခံပြီး ယူထားတာထင်ပါတယ်။ ကဲ သူ့ဟင်းလေးရဲ့ချက်နည်းကို သူ့အကြောင်းအတင်းမအုပ်ဘဲ ရေးပါတော့မယ်။

    ပါဝင်ပစ္စည်းများ

    ခုံး – ၅ဝဝ ဂရမ်

    မန်ကျည်းမှည့် – လက်တစ်ဆစ်ခန့်

    ငါးပိဖျော်ထားပြီးအရည်

    (ငါးပိလက်ဖက်ရည်တစ်ဇွန်းစာကို ရေနွေးနွေး ၁၅ဝ ml နဲ့ဖျော်ထားပါ)

    ငရုတ်သီးစိမ်းအတောင့်- ၇ တောင့်

    ကြက်သွန်မြိတ် (သို့) နံနံပင်- အနည်းငယ်

    ကြက်သွန်နီ -၁ လုံး

    ကြက်သွန်ဖြူ -၁ မြွှာ

    အသားမှုန့် -အချိုဇွန်း၂ ဇွန်း

    ငရုတ်ကောင်း- အချိုဇွန်း ၁ ဇွန်း

    အရောင်တင်မှုန့်- အချိုဇွန်း ၁ ဇွန်း

    ဆား – သင့်ရုံ

     

     ပြုလုပ်နည်း
    ၁။ ခုံးများကို စင်အောင်ဆေးကြောထားပါ။ ( shopping centre တွေမှာတော့ သန့် စင်ပြီးသားရောင်းတတ်ပါတယ်)

    IMG_0002
    ၂။ မန်ကျည်းမှည့်ကို ရေနွေး ၃ဝ0 ml နဲ့ဖျော်ပြီး ခုံးများကိုစိမ်ထားပါ။ ဒါမှ ခုံးရဲ့ ညှီနံ့ ပျောက်စေမှာပါ။ အချဉ်ဓာတ်လေးလည်း ဝင်သွားတာပေါ့နော်။ ကြက်သွန်နီကို ပါးပါးလှီးထားပြီး အဖြူကိုဓား ပြားရိုက်ထားပေးပါ။ ဒယ်အိုးမှာ ဆီများများထည့်ပြီး ကြက်သွန်နီကိုလှိမ့်ကြော်ပေးပါ။ အဖြူဓားပြားရိုက်လေးများကိုလည်း ရောကြော်ပါ။ အရောင်တင်မှုန့်လေးများကို ထည့်ပြီးမွှေ ပါ။ ကြက်သွန်ကျွတ်လာရင် ခုံးများကို ရေစစ်ပြီးလှိမ့်ပေးပါ။ မွှေပေးပါ။ ဆား၊ အသားမှုန့်ထည့်ပါ။

    IMG_0006
    ၃။ ခြောက်ခြောက်လေး ဖြစ်လာခါနီးရင် ခုံးစိမ်ထားသော မန်ကျည်းရည်ရယ် ငါးပိဖျော်ထားတာ ရယ်ကို ရောထည့်ပါ။ ပွက်လာပါစေ။ ခဏအဖုံးအုပ်ထားပါ။

    IMG_0011
    ၄။ ဆီပြန်လာပြီဆိုရင် ငရုတ်ကောင်းထည့်ဖြူး ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း စတာတွေအုပ်ပြီး ၁ ချက် ၂ ချက်လောက်မွှေပေးလိုက်ပါ။

    IMG_0010 IMG_0017

    အလွန်အရသာရှိသော ခုံးချဉ်စပ် ငါးပိချက်လေးရပါပြီ။
    မှတ်ချက် – ငါးပိပါတာမို့ ဆားကိုလျှော့ထည့်နိုင်သလို လုံးဝမထည့်လည်းရပါတယ်။အငန်စားတဲ့ အတိုင်းအတာနဲ့ထည့်နိုင်ပါတယ်။

Image

ပုဇွန်ဆိတ်ငပိချက် (အိုးကြီးချက်)


IMG_0008ပုဇွန်ဆိတ်ငပိချက် (အိုးကြီးချက်)

မြန်မာတို့ရဲ့ အလှူပွဲများမှာ ထမင်း၊ ဟင်းနဲ့ ဧည့်ခံကျွေးမွေးတော့မယ်ဆိုရင် တို့စရာ၊ ငပိထောင်း၊ ငပိရည်၊ ငပိချက်စသည်ဖြင့် ပါရတာများပါတယ်။ ဒါမှလဲ ထမင်းမြိန် ပေတာကိုး။ ကျွန်မတို့တွေ ဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် ငပိရည်၊ ငပိချက်၊ ငပိ ထောင်း အနံ့လေးများရရင် ဗိုက်ထဲက အလိုလိုဆာလာသလိုမျိုးပေါ့။ ဘယ်သူက ဘယ်လို ပဲ နံတယ်ပြောပြော ကိုယ်တွေအတွက်တော့ မွှေးလို့နေပါတယ်။ သူတို့အဖြူတွေမှာလည်း ကျွန်မတို့လို အနံ့ဆိုးတဲ့အရာကို စွဲလန်းနေတာ ရှိပါတယ်။ အဲဒါကတော့ ချိစ်ပါ။ ချိစ်ဟာ လည်း အနံ့ဆိုးတတ်ပါတယ်။ ဒါကို သူတို့ဘာကြောင့် စွဲစွဲလန်းလန်း ကြိုက်ကြပါသလဲ။ သူ့ အကြိုက် သူ့ဒေသ သူတို့အစားအစာမို့ပါ။
ဒီတစ်ခါတော့ ကျွန်မက အလှူမှာထည့် ဧည့်ခံနိုင်စေရန် မြန်မာတို့အကြိုက် ပုဇွန်ဆိတ်ငပိချက်လေးကို ရေးပေးချင်ပါတယ်။ တော်တော်ကို စပ်စပ်ချက်ပါမယ်။ ရှူးရှဲ ပေါ့နော်။ ဒီနည်းလေးကို ဒေါ်စောရီမြေးတစ်ယောက်ဖြစ်တဲ့ ကျွန်မအစ်ကိုဝမ်းကွဲ ကိုကြီး ထွန်းက ပေးပါတယ်။

ပါဝင်ပစ္စည်းများ
ပုဇွန်ဆိတ်သေး ၁ ကီလို
အသားမှုန့်
မိုးမျှော်ငရုတ်သီးခြောက် ၂ဝကျပ်သား
(ရှမ်းငရုတ်သီး)
ရေချိုငပိ ၇ ကျပ်သား
ကြက်သွန်နီ ၁ဝ သား
ကြက်သွန်ဖြူ ၂ ကျပ်သား
ငရုတ်သီးစိမ်းအတောင့် ၂ဝ ခန့်
ပင်စိမ်းများများ
ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ငရုတ်သီးခြောက်တွေကို ညက်နေအောင် ရောထောင်းပေးထားပါ။
ပုဇွန်ဆိတ်လေးများကို ရေစင်စင်ဆေးထားပေးပါ။
ငပိကိုတော့ ခဏမျှ ကျိုထားပေးပါ။
ငပိကို ကြာကြာကျိုရင် ခါးတတ်ပါတယ်။ ဒါကြောင့် ခဏသာ တပွက်ဆူကျိုပေး ပါ။
ဆီများများနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ဆီသတ်ပါ။

IMG_0001

ခြောက်လာ ပြီး ညှော်ခါနီးလာရင် ပုဇွန်ရေဆေးထားတာကိုထည့်ပါ။ ကျက်ပြီးသား ငပိရည်ကျိုကိုပါ ရောထည့်ပေးပါ။ အသားမှုန့် အနည်းငယ်ထည့်ပါ။

IMG_0002 IMG_0003
ပွက်လာပြီဆိုရင် ပင်စိမ်း (သို့) နံနံပင်များများ ရောပေးပါ။ ဒီနေရာမှာ ရပ်လိုက် ပြီး ရေကျဲကျဲနဲ့ စားလို့ရသလို ခပ်ခြောက်ခြောက်စားချင်ရင်တော့ အရွက်မခပ်ခင် ခန်းလာ သည်အထိ တည်ပေးနိုင်ပါတယ်။

IMG_0006

မှတ်ချက် ။ ။ ငပိပါပြီးသားမို့ ဆားကို ကျွန်မကတော့ မထည့်ပါ။ အငံကဲတာ ကြိုက်သူများ သုံးနိုင်ပါတယ်။

Image

ငါးစီဖောင်းပဲငပိဟင်း


IMG_0066

ငါးစီဖောင်း ပဲငပိဟင်း ငါးစီဖောင်းကို အသုတ်အနေနဲ့၊ ဟင်းချိုအနေနဲ့ စားကြပါတယ်။ ဟင်းချက်ပြီး စားရင်လည်း အလွန်ကောင်းပါတယ်။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ ဒီဟင်းက ကျွန်မ လန်ဒန်မှာ ကတည်းက ချက်ထားတဲ့ဟင်း ဖြစ်တာကြောင့် ကျွန်မကတော့ ငါးစီ ဖောင်းကို အခြောက်လေးတွေကို ပြုတ်ပြီးသုံးရပါတယ်။

ပါဝင် ပစ္စည်းများ — —
-ငါးစီဖောင်း ၃ဝဝ ဂရမ်
– ကြက်သွန်နီ (၁) လုံး
– ကြက်သွန်ဖြူ ၂ မြွှာ
-ဂျင်း လက်တစ်ဆစ်
-ငရုတ်ကောင်း ဇွန်းဝက် (အချိုဇွန်း)
-ငရုတ်သီးအနီတောင့် (၁ တောင့်) အနီအစား၊ အစိမ်းလည်းသုံးလို့ရပါတယ်။ စပ်ရင်ရပါပြီ။
-ခရမ်းချဉ်သီး (၁) လုံး
-ပဲငပိဆော့စ် (၁) ဇွန်း (စားပွဲဇွန်း)
ငါးစီဖောင်းလေးများကို ပြုတ်ထားပေးပါ။ ရေစစ်အောင် ညှစ်ထုတ်ထားပေး ပါ။ ကြက်သွန်နီကို ခပ်ကြမ်းကြမ်း အတုံးလေးများဖြစ်အောင် လှီးထားပါ။ အဖြူ ကိုတော့ ဓားပြားရိုက်ထားပေးပါ။ ဂျင်းကို ပါးပါးပြားပြားလေးများ လှီးပေးပါ။ ငရုတ်သီးကို ပါးပါးလှီးကာ သေးသေးနုပ်နုပ်လေးများ လှီးထားပါ။ ခရမ်းချဉ်သီးကို အတုံးလေးများ လှီး ထားပါ။

IMG_0042
ဒယ်တစ်လုံးထဲမှာ ဆီကိုပူနေအောင် ထည့်ပါ။ အငွေ့ထွက်သည် ပူလာရင် ကြက်သွန်များ၊ ဂျင်းများကို ငါးစီဖောင်းများနဲ့အတူ ထည့်ပြီးကြော်ပါ။

IMG_0043

 

၂ မိနစ်အကြာမှာ ပဲငပိဆော့စ်ထည့်မွှေပါ။ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းများလည်း ရောမွှေပေးပါ။

IMG_0045

ရေနွေး၊ ဆား၊ အသားမှုန့်စတာတွေကို လိုအပ်သလို ထည့်နိုင်ပါတယ်။ ရှာလကာရည် (သို့) ရှောက် ရည် (သို့) သံပုရာစတဲ့ အချဉ်တစ်မျိုးမျိုးကို နောက်ဆုံးပါထည့်ပြီး။ ငရုတ်ကောင်း နောက် ဆုံးဖြူးပေးပြီး ထမင်းပူပူဖြင့် သုံးဆောင်နိုင်သလို အေးတဲ့ရာသီမှာ အိမ်ဦးနတ်အတွက် အမြည်းတစ်ခွက်လည်း ဖြစ်စေပါတယ်။

IMG_0046 IMG_0047

 

Image

ကြက်ဥမုန့်သိုင်းခြုံ


IMG_0045

IMG_0048

ကြက်ဥမုန့်သိုင်းခြုံဆိုတာလေးကလေ မြင်ရင်လည်း စားချင်စဖွယ်
ချစ်ဖို့အလွန် ကောင်းပါတယ်။ ပါဆယ်ထုပ်လေး ထုပ်ထားသလိုပဲ
နောက်တစ်ခုက မြန်မာ့ရိုးရာ စစ်စစ် မုန့်ကလေးပေါ့။ 
ဟိုတလောက ဘုရားပွဲဈေးတန်းမှာ သွားတုန်းကလည်း တွေ့လိုက် တယ်။
လုပ်ထားတာလည်း စားချစ်စရာ သန့်သန့်ပြန်ပြန့်လည်းရှိတယ်။
ကိုထက်လည်း ကြိုက်တယ်ဆိုပြီး ဝယ်စားကြတယ်။
၉ မိုင် ရှမ်းပွဲတော်မှာ တွေ့တာပါ။ လန်ဒန်မှာတုန်းကလည်း
ခဏခဏ လုပ်စားဖြစ်တာလေပေါ့။ ကျွန်မရဲ့ Facebook မှာတော့
လုပ်နည်းတင်ပေးဖူးပါတယ်။ Food Magazine မှာတော့ ခုမှ တင်ပေးလိုက်တာပါ။
ဗဟုသုတအနေနဲ့ ကြက်ဥမုန့် သိုင်း ခြုံသည်က ပြောလိုက်တာလေ။
သူ့မုန့်ဆိုင်ထဲမှာ ကြက်ဥပြုတ်လေး မနှဲလေးတင်ထား တာတွေ့လို့ မေးကြည့်တော့
‘မမနှဲလေးက ကြက်ဥပြုတ်တင်ပေးရတယ် ဆိုင်ရောင်းကောင်း အောင်
သူက ကြက်ဥပြုတ်၊ ဘဲဥပြုတ်ကြိုက် တယ်’ဆိုတော့
မဒီဒီက ‘ဒီဒီလည်း ကြက်ဥပြုတ်ကြိုက် တယ် မမနှဲလေးနဲ့ တူတယ်’ဆိုလို့
မုန့်သည်ကြီးလည်း တအားရယ်ရောလေ အဲဒီလို အရှုပ် လေးလေ။
နေရာတကာပါတာ။ ကဲမုန့်သိုင်းခြုံလုပ်ရအောင် . . . ။

ပါဝင်ပစ္စည်းများ (တစ်နည်း) (၁)
………………………………………
• ကြက်ဥ (သို့) ဘဲဥ – ၃ လုံး
• ဆား – နည်းနည်း
• ဂျုံမှုန့် – ၁၃ဝ ဂရမ်
• ရေ – ၆ဝ ဂရမ်
• ဆိုဒါ – နည်းနည်း
• အုန်းသီးခြစ်ပြီးသား
• သကြား

နောက်တစ်နည်း (၂)
…………………………
• ကောက်ညှင်းမှုန့် – ၁၂ဝ ဂရမ်
• ဆန်မှုန့် – ၃ဝ ဂရမ်
• ဘဲဥ – ၃ လုံး
• ရေ – ၆ဝ ဂရမ်
• ဆား – နည်းနည်း
• ဆိုဒါ
• အုန်းသီးခြစ်ပြီးသား
• သကြား

ပြုလုပ်နည်း
…………..
၁။ ပထမ (၁)နည်းက အသုံးပြုမယ်ဆိုရင် ကြက်ဥ၊ ဆား၊ ဂျုံမှုန့်၊ ရေ၊ ဆိုဒါ တို့ကို
ရောမွှေပေးပါ။ အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ထည့်ထားပြီး မိနစ်အနည်းငယ် ကြာရင်
ဒယ်အပြားကို ဆီသုတ်ခါ မုန့်ပါးပါးထည့်ပြီး အလယ်မှာ အိုးယိုထည့်ပြီး ခေါက်ပြီး ရင် ရပါပြီ။

၂။ ဒုတိယ (၂)နည်းက ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ ဘဲဥ၊ ရေ၊ ဆိုဒါထည့်
ရေကိုလည်း မပျစ်မကြဲ လိုသလို ထပ်ချိန်ထည့်ပေးပါ။ ဒယ်ပေါ်ဆီသုတ်ကြော်က အုန်းယို ထည့်ပြီး
ခေါက်က စားလို့ရပါပြီ။
မှတ်ချက် မုန့်သိုင်းခြုံဟာ ဆဋ္ဌဂံလိုပုံမျိုး ခေါက်မှ လှပါတယ်။ အိမ်မှာလုပ်စား ရင်တော့
ကြိုက်နှစ်သက်သလို ခေါက်ပါ။

IMG_0027 IMG_0030 IMG_0029 IMG_0032

အုန်းယိုလုပ်တာကတော့ . . .
၃။ အုန်းသီးအဖတ်လေးတွေကို သကြားအချိုကို လိုသလောက်ထည့်ပြီး
အပူပေး ပြီး သကြားပွင့်ပျောက် သည်အထိ လှော်ထားတာကို ပြောတာပါ။

IMG_0048

Image

ငါးကြင်းပေါင်း


ငါးကြင်းပေါင်း (အိုးကြီးချက်)

IMG_0093
ကျွန်မတို့လင်မယားနှစ်ယောက်လုံးရဲ့ အသည်းစွဲ ထမင်းအလွန်မြိန်သော ငါးကြင်းပေါင်းနည်းလေးပါ။ ငါးသလောက်လို ငါးကို ပေါင်းစားရင် အကြောတက်တတ်လို့ သွေးတိုးတတ်လို့ ကြောက်ကြတယ်ဆိုရင်ဖြင့် ငါးကြင်းပေါင်းလေးကို အစားထိုးနိုင်ပါတယ်။ အလှူပွဲသေးမျိုးတွေဆို ဒါလေးကို ဧည့်ခံရင်ဖြင့် အလွန်သင့်တော်မယ်လို့ ထင်ပါတယ် ရှင်။ ကျွန်မ စာရေးဖို့ရာ အဖေကိုယ်တိုင် ပြောပြသော ‘ဓနုဖြူဒေါ်စောရီ လှည်းတန်း (စံရိပ် ငြိမ်)’ နည်းလေးပါ။
ပါဝင်ပစ္စည်းများ (၂၅ ပွဲစာ)
ငါးကြင်း (၃ ပိဿာ)
ခရမ်းချဉ်သီး (၅ဝ) ကျပ်သား
ကြက်သွန်ဖြူ (၅) ကျပ်သား
ဂျင်း (၂) ကျပ်သား
စပါလင် (ခင်းရန်)
ရှာလကာရည် (၂ဝml) မီလီလီတာခန့်
ဆား၊ အသားမှုန့် (သင့်ရုံ)
ငံပြာရည် (သင့်ရုံ)
ဆနွင်း (၁)ဇွန်း (စားပွဲဇွန်း)
အရောင်တင်မှုန့် (စားပွဲဇွန်း) (၂) ဇွန်း
ငါး ၃ ပိဿာမှာ ငါးအကောင်အကြီးအသေးပေါ် မူတည်ပြီး အတုံးလေးများကို လှနေအောင် မထူမပါးတုံးပေးထားရပါမယ်။ ဂျင်း၊ ကြက်သွန်ဖြူစသည်တို့ကို ညက်အောင် ထောင်းထားပေးပါ။ ငါးအတုံးလေးများကို ထောင်းထားတဲ့ ဂျင်း၊ ဆား၊ ကြက်သွန်ဖြူ နည်းနည်းစီယူပြီး ဆနွင်းအနည်းငယ်ထည့်ကာ နယ်ထားပေးပါ။

IMG_0051
ဒီနေရာမှာ ပုစွန်တို့ ငါးတို့ကို နယ်ထားပြီးရင် အကြာကြီး ပစ်မထားရပါဘူး။ ချက်ပြီးရင် အသားက နူးညံ့မနေတော့ဘဲ မာနေတတ်ပါတယ်။ (ဗဟုသုတ အနေနဲ့ပါ)
နယ်ထားပြီးသားငါးကို ဆီပူပူမှာ အရေတင်းရုံလေး ကြော်ပေးထားပါ။ ဒါမှ ငါးက ကြာကြာပေါင်းတဲ့အခါ ကြေမသွားမှာ ဖြစ်ပါတယ်ရှင်။ ကြော်ပြီး ငါးများကိုတော့ ဖယ်ထားပေးပါ။

IMG_0053
ကြက်သွန်နီများကိုတော့ ပါးပါးလှီး(သို့) ထောင်းထားနိုင်ပါတယ်။ အိုးအောက် ခြေကိုတော့ စပါးလင်များ ခင်းထားပေးပါ။ စပါလင်ပေါ်ကနေ ငါးများကို စီစီရီရီခင်းပေး ထားပါ။
အပေါ်ကနေ ထောင်းထားတဲ့ ကြက်သွန်များ၊ အရောင်တင်မှုန့်၊ ဂျင်းများထပ် ခင်းပါ။ ခရမ်းချဉ်သီးလေးများ လှီးစိတ်ထည့်ထားပေးပါ။ ရှာလကာရည်၊ ဆား၊ အသား မှုန့်၊ ငံပြာရည်တို့ကို ထည့်ပါ။

IMG_0056

ရေကို မြုပ်ရုံထည့်ပြီး အဖုံးပိတ်ကာ မီးအေးအေးဖြင့် ပေါင်းနိုင် ပါပြီ။ ရေခမ်းခါနီးမှ ရေကို ထပ်ခါထပ်ခါ ဖြည့်ထည့်ပြီး အရိုးနူးလာသည်အထိ မီးအေးအေး ဖြင့် ပေါင်းရပါမယ်။
(Pressure Cooker နဲ့ဆိုရင်တော့ မြန်ပါတယ်)
မှတ်ချက်။ ။ ရှာလကာရည်အစား ရှောက်သီးကို အကွင်းလိုက်လှီးထည့်ရင်လည်း နူးလွယ် ပါတယ်ရှင်။